နိုင်ငံရေးအကျဉ်းသားတွေကို ကွပ်မျက်မှု အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံတွေကို အမျက်ထွက်စေ

နေရိန်ကျော် (ဝါရှင်တန်ဒီစီ)
2022.07.27
နိုင်ငံရေးအကျဉ်းသားတွေကို ကွပ်မျက်မှု အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံတွေကို အမျက်ထွက်စေ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာနှင့် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာတို့ ၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့က ကွာလာလမ်ပူတွင် တွေ့ဆုံစဉ်။
Photo: AFP

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးရဲ့ အပြင်ဘက်မှာ မြန်မာနိုင်ငံသားတွေ မနေ့က စုဝေးဆန္ဒပြခဲ့ကြပါတယ်။ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်အပါအဝင် နိုင်ငံရေးအကျဉ်းသားလေးဦးကို သေဒဏ်ချမှတ်စီရင်ခဲ့တဲ့ မြန်မာစစ်ကောင်စီကို ပြစ်တင်ရှုတ်ချဖို့ ဆန္ဒပြကြတာဖြစ်ပါတယ်။

“ဒါဟာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နဲ့ လုံခြုံခွင့်ကို ပြောင်ကျကျ ချိုးဖာက်တာပဲဖြစ်ပါတယ်"

မနေ့ကတစ်ရက်တည်းမှာပဲ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း စစ်ကောင်စီက အခုလိုကွပ်မျက်စီရင်တာတွေဟာ မြန်မာပြည်မှာ စစ်အာဏာသိမ်းခဲ့ပြီး ကာလအကြပ်အတည်းကို ဖြေရှင်းဖို့ အရှေ့တောင်အာရှက ကြိုးပမ်းနေတဲ့ အချက်ငါးချက်ပါ အစီအစဉ်အားထုတ်ချက်တွေကို သရော်သလို ဖြစ်သွားစေကြောင်း ပြောဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် Noeleen Heyzar နဲ့ ကွာလာလမ်ပူမှာ မနေ့က တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောလိုက်တာပါ။

“ဒီမိုကရေစီအရေး ဆောင်ရွက်ကြသူ လေးဦးအပေါ် စစ်ကောင်စီရဲ့သုတ်သင်မှုဟာ နေပြည်တော်ကို အထူးကိုယ်စားလှယ်ရောက်ရှိခဲ့ပြီးတဲ့နောက်၊ သီတင်းနှစ်ပတ်မပြည့်ခင် ပေါ်ပေါက်လာခဲ့တာပါ။ ဖနွမ်းပင်မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲမတိုင်ခင် သီတင်းတစ်ပတ် လောက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာစစ်ကောင်စီဟာ အချက်ငါးချက်ပါ အာဆီယံသဘောတူညီချက်ကို ပြက်ရယ်ပြုသလိုလည်း ဖြစ်သွားဖွယ်ရှိပါတယ်။ အဲဒီအပေါ် အလေးအနက် သတိရှိရှိကြည့်ဖို့လိုပါတယ်။ ဝန်ကြီးများအဆင့် ဆွေးနွေးမှုတွေအတွင်း နိုင်ငံရေးကိုယ်စားပြုစေလွှတ်တဲ့ နေရာမှာ မြန်မာကို မဖိတ်ကြားသင့်ပါဘူး။ နိုင်ငံရေးကိုယ်စားပြုမှုကိစ္စမှာ အလေးအနက်ရှိကြောင်းလည်း ပြသရမှာဖြစ်ပါတယ်” လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် Noeleen Heyzar ကလည်း ဒီကွပ်မျက်မှုဟာ လူပုဂ္ဂိုလ်တစ်ဦးတယောက်ရဲ့ အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နဲ့ လုံခြုံခွင့်ကို ပြောင်ကျကျ ချိုးဖောက်လိုက်တာလို့ ပြောခဲ့ပါတယ်။

"ပထမဆုံးအနေနဲ့ မြန်မာ့ ဒီမိုကရေစီရေး လိုလားသူခေါင်းဆောင်တွေကို စစ်တပ်က သတ်ဖြတ်စီရင်ခဲ့တဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြင်းထန်တဲ့ ပြစ်တင်ရှုတ်ချချက်တွေကို ပထမဆုံး ပြန်လည်ပဲ့တင်ထပ် ပြောဆိုပါရစေ။ ဒါဟာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နဲ့ လုံခြုံခွင့်ကို ပြောင်ကျကျ ချိုးဖာက်တာပဲဖြစ်ပါတယ်"

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ တန်နီးဆန်းဂရတ်( Tanee Sangrat )ကလည်း လူ့အသက်တွေ ဆုံးရှုံးနေတာ ကာကွယ်ဖို့နဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့ မြန်မာ့ပဋိပက္ခမှာ ပါဝင်သူအားလုံး ရေရှည်နိုင်ငံရေး အဖြေရှာကြဖို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာက မေတ္တာရပ်ခံထားတဲ့ကြားက စစ်ကောင်စီဟာ ဒီမိုကရေစီရေးလှုပ်ရှားသူ လေးယောက်ကို ကွပ်မျက်အဆုံးစီရင်တယ်လို့ ထိုင်း Nation သတင်းမှာလည်း မနေ့က ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ပြဿနာတွေ ပိုဆိုးဝါးရုံပဲ ဖြစ်စေမယ့် ဒီလူလေးဦးကွပ်မျက်ခံရမှုကို အထူးဝမ်းနည်းကြေကွဲရပါတယ်လို့လည်း ပြောပါတယ်။

အင်အားသုံး၊ ရက်စက်ကြမ်းကြုတ် အကြမ်းဖက်တဲ့နည်းနဲ့ မတူကွဲပြားတဲ့ နိုင်ငံရေးအဖြေ ဘယ်တော့မှ မရနိုင်ဘူးလို့လည်း ပြောပါတယ်။ ကွပ်မျက်ခံရသူတွေရဲ့ မိသားစုတွေကို ဝမ်းနည်းစကားပြောကြားချိန်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူက ပြောကြားသွားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။