အပူလှိုင်းကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းမှာ သေဆုံးမှု ပိုများလာ

RFA Burmese
2024.04.29
အပူလှိုင်းကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းမှာ သေဆုံးမှု ပိုများလာ မကွေးမြို့နယ် ဆားတိုင်ကန်ကျေးရွာမှ အပူချိန်မြင့်မားမှုကြောင့် သေဆုံးခဲ့သည့် ၂၈ နှစ်အရွယ် မဖြူနှင်း၏ ရုပ်အလောင်းအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့က တွေ့ရစဉ်။
မြေပြင် လူမှုကူညီရေးအသင်း

အားအနည်းငယ် ပြင်းထန်တဲ့ အယ်လ်နီညို အပူလှိုင်းကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ လူသေဆုံးထိခိုက်မှု ပိုများလာတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အပူချိန်အမြင့်ဆုံး ချောက်၊ မ‌ကွေး၊ အောင်လံနဲ့ မင်းဘူး အပါအဝင် မကွေးတိုင်း၊ မန္တလေး၊ ညောင်ဦးနဲ့ မြင်းခြံ အပါအဝင် မန္တလေးတိုင်းအတွင်းမှာ မတ်လ ဒုတိယပတ်ကနေ အခု ဧပြီလ ၂၉ ရက်နေ့အထိ တစ်လခွဲနီးပါးအတွင်း လူ ၁၅၀ ခန့် သေဆုံးခဲ့တယ်လို့ ဒေသအခြေစိုက် ကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

"တစ်နေ့ကို သေဆုံးတဲ့ ခန့်မှန်းခြေ အရေအတွက်က လေးယောက်နှုန်းလောက် ရှိတာပေါ့"

ဒီအရေအတွက်နဲ့ ပတ်သက်ပြီး RFA က လတ်တလော အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒါပေမဲ့ ချောက်မြို့အခြေစိုက် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ အပူချိန်အမြင့်ဆုံး ချောက်မြို့မှာ သက်ကြီးရွယ်အိုနဲ့ ရောဂါအခံရှိသူတွေ အခုရက်ပိုင်း ရုတ်တရက် သေဆုံးမှု ပိုများလာတယ်လို့ ပြောပါတယ်။

"အပူချိန်ကြောင့် သေဆုံးတာတော့ သက်ကြီးရွယ်အိုတွေ ၇၅၊ ၈၀ ကျော်တွေကတော့ မကြာခဏပဲ သေဆုံးနေတာပဲ။ အပူများလွန်းလို့ပေါ့ဗျာ။ တစ်နေ့ကို သေဆုံးတဲ့ ခန့်မှန်းခြေ အရေအတွက်က လေးယောက်နှုန်းလောက် ရှိတာပေါ့။ အသက်ကြီးတဲ့လူက သုံးယောက်၊ လူငယ်ထဲက တစ်ယောက် အဲလိုမျိုးပေါ့"

မကွေးမြို့ပေါ်မှာလည်း အပူရှပ်တဲ့ လူနာတွေကို နေ့စဉ် တွေ့ရတယ်လို့ စေတနာ့ဝန်ထမ်း ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက ပြောပါတယ်။

"အဓိက ကျွန်တော်တို့ မကွေးတိုင်းက မြန်မာနိုင်ငံထဲမှာလည်း အပူဆုံး၊ ကမ္ဘာမှာလည်း ချောက်မြို့ဆိုတဲ့ နေရာက အပူဆုံးပေါ့နော်။ လူနာတွေကတော့ ကျွန်တော်တို့ အခုလောလောဆယ် အပူရှပ်တာတွေ Heat Stroke လို့ ခေါ်မလားပေါ့နော်၊ အဲဒါမျိုးလူနာတွေ တွေ့ရတယ်ဗျ။ နေ့စဉ် တွေ့ရတယ်ပေါ့နော်"

မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဌာနရဲ့ ဧပြီလ ၂၉ ရက် ထုတ်ပြန်ချက်အရ ဧပြီလ ၂၈ ရက်နေ့က မကွေးတိုင်း ချောက်မြို့မှာ အပူချိန် ၄၈.၂ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ပြီး တစ်နိုင်ငံလုံးမှာ အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် မကွေးမြို့မှာ နေ့အပူချိန် ၄၆.၁ ဒီဂရီဆဲလ်စီးယပ်၊ မင်းဘူးမြို့မှာ ၄၅.၅ ဒီဂရီ ဆဲလ်စီးယပ်နဲ့ အောင်လံမြို့မှာ ၄၅.၃ ဒီဂရီဆဲလ်စီးယပ်ထိ မြင့်တက်ခဲ့ပါတယ်။ မန္တလေးတိုင်းမှာလည်း အပူချိန် ပြင်းထန်ခဲ့ပြီး ညောင်ဦးနဲ့ မြင်းခြံမြို့တို့မှာ ၄၆ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ပါတယ်။

အလားတူ မန္တလေးမြို့မှာလည်း အပူချိန်မြင့်တက်ခဲ့ပြီး ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်းနဲ့ အောက်ကမ်းနားလမ်းထောင့်မှာ နေထိုင်တဲ့ အသက် ၃၆ နှစ်အရွယ် ကိုမန်းမွန်မောင်ဟာ ဧပြီလ ၂၇ ရက် ညပိုင်းက အပူရှပ်ပြီး ရုတ်တရက် သေဆုံးခဲ့တယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

သားဖြစ်သူကို ချက်ချင်း ဆေးရုံပို့ခဲ့ပေမယ့် အချိန်မမီလိုက်ဘူးလို့ ကိုမန်းမွန်းမောင်ရဲ့ ဖခင်က RFA ကို ပြောပါတယ်။

"အဲလိုလေး ခဏလေးပဲ ကျွန်တော်အထင် ၁၅ မိနစ်လောက်တောင် မရှိဘူး ထင်တာပဲဗျာ။ ကျွန်တော် ချက်ချင်းကားခေါ်ပြီးတော့ ဆေးရုံသွားတာ၊ လမ်းက ၂၄ နာရီဆေးခန်းမှာ ဆရာဝန်နဲ့ပြတယ်။ ဆရာဝန်က ပြောတယ် အသက်မရှိတော့ဘူးပေါ့။ နှလုံးလည်းမခုန်၊ သွေးလည်း စမ်းလို့မရဘူးတဲ့။ မျက်လုံးဖြဲကြည့်ပြီး အသက်မရှိတော့ဘူး၊ ဆေးရုံမသွားပါနဲ့တော့တဲ့။ ကျွန်တော်လည်း ထင်တော့ထင်တယ်လေ အဲဒါနဲ့ ကျွန်တော်လည်း ပြန်ခေါ်လာရတာ"

ဧပြီလ ၉ ရက်နေ့ကလည်း မန္တလေးမြို့၊ ဈေးချိုမှာ ဈေးဝယ်နေတဲ့ အမျိုးသမီးတစ်ဦး အပူရှိန်ကြောင့် ရုတ်တရက် မူးလဲသွားပြီး ဆေးရုံပို့ချိန် လမ်းခုလတ်မှာပဲ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီလ ၁၂ ရက်နေ့ကလည်း သုံးဘီးအငှားယဉ်မောင်းတဲ့ အမျိုးသားတစ်ဦး မန္တလေးမြို့သစ်ဘက်မှာ အပူရှိန်ကြောင့် ရုတ်တရက် လဲကျသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီလအတွင်းမှာ အပူဒဏ်ကြောင့် ရုတ်တရက် မူးမေ့လဲကျတဲ့ လူနာဆယ်ဦးခန့် မန္တလေးဆေးရုံကြီးကို အရေးပေါ် ပို့ပေးခဲ့ရပြီး အဲဒီထဲက လူနာတစ်ဝက်ခန့် သေဆုံးခဲ့တယ်လို့ မန္တလေးမြို့ မဏိစလ လူမှုကူညီရေး အသင်းတာဝန်ရှိသူက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိနိုင်ဖို့ မန္တလေး ဆေးရုံကြီး၊ မကွေးတိုင်း ဆေးရုံကြီးနဲ့ ချောက်မြို့နယ် ဆေးရုံတွေကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတဲ့သူ မရှိပါဘူး။

မကွေးတိုင်း ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်နဲ့ မန္တလေးတိုင်း တိုင်းစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး တို့ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ဧပြီလ ၂၈ ရက်နေ့က အပူချိန် ၄၆ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့တဲ့ မန္တလေးတိုင်း ပုဂံ၊ ညောင်ဦးမြို့မှာ အပူဒဏ်ကို လူတွေသိသိသာသာ ခံစားနေရတယ်လို့ တုတ်တုတ် ခေါ် အသေးစား အငှားယဉ် မောင်းနှင်သူ တစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့ နေ့လယ်ဆိုလို့ရှိရင် ဘယ်လောက်အထိ အပူဒဏ်ပြင်းသလဲဆိုရင် ဘုရားတွေ ဖူးလို့မရတော့ဘူး။ ဘုရားပေါ်တွေ ပြေးသွားရတယ်။ ပူလွန်းလို့ ရင်ပြင်ပေါ် ဘယ်လိုမှကို လမ်းလျှောက်လို့၊ လည်ပတ်လို့ မရတော့တဲ့ အခြေအနေဗျာ။ ကျွန်တော် ဧည့်သည်တွေကို နေ့လယ် ၁၁ နာရီလောက်ဆို ထမင်းစားခိုင်းပြီး နားခိုင်းတော့တာ။ ကျွန်တော်တို့ အပူဒဏ် မခံနိုင်ကြလို့ ညနေပိုင်းကျမှပဲ ဆက်လည်ပတ်ရတယ်။ အပူဒဏ် ဘယ်လောက်အထိ ဆိုးရွားလဲဆိုလို့ရှိရင် မျက်လုံးတွေပြာတယ်၊ မျက်ရည်၊ မျက်ဝတ်တွေ ထွက်တယ်။ ခေါင်းကိုက်လာတယ်။ နေရောင်ခြည်က ထိလိုက်တာနဲ့ လက်ကိုဆတ်ခနဲ အပူနဲ့ တို့လိုက်သလိုပဲ"

မကွေးမြို့ ပြည်တော်သာ(၁)လမ်းမှ အမျိုးသားတစ်ဦးမူးလဲသဖြင့် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့  ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့က ပို့ဆောင်ခဲ့ကြစဉ်။ (ဓာတ်ပုံ - မြေပြင် လူမှုကူညီရေးအသင်း)
မကွေးမြို့ ပြည်တော်သာ(၁)လမ်းမှ အမျိုးသားတစ်ဦးမူးလဲသဖြင့် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့က ပို့ဆောင်ခဲ့ကြစဉ်။ (ဓာတ်ပုံ - မြေပြင် လူမှုကူညီရေးအသင်း)

ဒီရက်တွေမှာ‌ နေ့လယ်ပိုင်း အပူဒဏ်ပြင်းလွန်းလို့ ဧည်သည် ကြို၊ ပို့တာတွေ မလုပ်နိုင်ဘူးလို့ သူက ဆိုပါတယ်။

၁၉၅၀ ပြည့်နှစ်နောက်ပိုင်းကနေ အခု ၂၀၂၄ ခုနှစ်အထိ နှစ်‌ပေါင်း ခုနစ်ဆယ်ကျော်အတွင်း မြန်မာနိုင်ငံမှာ အယ်လ်နီညိုဖြစ်စဉ်ပေါင်း (၂၇) ကြိမ်ရှိခဲ့ပြီး၊ (၁၉၈၂-၁၉၈၃)၊ (၁၉၉၇- ၁၉၉၈) နဲ့ (၂၀၁၅ -၂၀၁၆) ခုနှစ်တို့မှာ အားအလွန်ကောင်းခဲ့တယ်လို့ ဧပြီလ ၂၈ ရက် စစ်ကောင်စီ သတင်းမီဒီယာတွေက ဖော်ပြပါတယ်။

(၂၀၂၃-၂၀၂၄) ခုနှစ်ဟာ အားအသင့်အတင့်ရှိတဲ့ အယ်လ်နီညိုနှစ်ဖြစ်ပြီး အခုလက်ရှိ ဧပြီလမှာ အားအနည်းငယ်ပြင်းတဲ့ အယ်လ်နီညို အပူလှိုင်းအခြေအနေ ဆက်လက်တည်ရှိနေတယ်လို့လည်း သတိပေးထားပါတယ်။

ဒီအခြေအနေတွေကြောင့် ရန်ကုန်နဲ့ မန္တလေး အပါအဝင် မြို့ကြီးတွေမှာ ပန်းခြံတွေ၊ ဈေးဝယ်စင်တာတွေမှာ အပူရှောင်သူတွေ ပိုများလာပြီး၊ ကျေးရွာတွေမှာတော့ ဘုန်းကြီးကျောင်းနဲ့ အရိပ်ကောင်းတဲ့ သစ်ပင်ကြီးတွေအောက်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အပူဒဏ်ကို ကာကွယ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။