မြောင်းမြမြို့က ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၆ နှစ်ပြည့် အခမ်းအနား


2014.12.28

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့မှာ ဒီနေ့ ကျင်းပတဲ့ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်နဲ့ နာယက ဦးတင်ဦးတို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

မိန့်ခွန်းကောက်နှုတ်ချက်တစ်ချို့ကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မိခင်ဖြစ်သူ ဒေါ်ခင်ကြည်ရဲ့ဇာတိဖြစ် တဲ့ မြောင်းမြမြို့မှာကျင်းပတဲ့ ကွယ်လွန်ခြင်း ၂၆ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို တက်ရောက် ပြီး ဒေသခံလူထုနဲ့ တွေ့ဆုံခဲ့ပါတယ်။

မိခင်ဖြစ်သူ ဒေါ်ခင်ကြည်ဟာ နိုင်ငံ့ခေါင်းဆောင်တစ်ဦးရဲ့ ဇနီးတစ်ယောက်ထားသင့်တဲ့ စိတ်ထားမျိုးထားနိုင်ခဲ့ သလို တာဝန်ကျေပွန်သူတစ်ဦးဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။          ။မေမေဟာခေါင်းဆောင်တစ်ဦးရဲ့ဇနီး၊ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေကို လုပ်ခဲ့တယ်၊ ထားသင့်ထားထိုက်တဲ့ စိတ်ထားမျိုးကိုထားခဲ့ပါတယ်၊ မေမေဟာ ပေးဆပ်ခဲ့တဲ့သူတစ်ယောက်ပါ၊ ရယူတဲ့သူတစ်ယောက်ပါဘူး၊ နိုင်ငံ့ခေါင်းဆောင်တစ်ဦးရဲ့ ဇနီးဆိုတာဟာ ဒီလိုပဲပေးဆပ်ခြင်းသာ ရှိရပါလိမ့်မယ်၊ ရယူစိတ်နဲ့ဆိုရင် နိုင်ငံအတွက်ကောင်းနိုင်မှာ မဟုတ်ပါဘူး၊ ဖေဖေနဲ့အိမ်ထောင်ကျပြီးတော့ ဗိုလ်ချုပ်ကတော် အနေနဲ့လည်း ဗိုလ်ချုပ်ကတော်တစ်ယောက်အနေနဲ့ တာဝန်ကျေတယ်၊ ဘယ်တုန်းကမှ မေမေဟာ ဖေဖေ့အလုပ် မှာ ပါဝင်ပြီးတော့နှောက်ယှက်ခဲ့တာ မရှိဘူး၊ ပတ်သက်ခဲ့တာ မရှိဘူး၊ ကိုယ့်နေရာကိုယ် ဘယ်လိုနေရမလဲ ဆိုတာလည်း အင်မတန်မှ နားလည်ခဲ့ပါတယ်၊ ဘယ်လိုပံ့ပိုးရမလဲဆိုတာလည်း နားလည်ခဲ့ပါတယ်၊ ဖေဖေမရှိ တဲ့နောက်ပိုင်းမှာလည်း လူမှုဝန်ထမ်းအလပ်တွေကို အများကြီးလုပ်ခဲ့ပါတယ်၊ ဒါကြောင့်မေမေရဲ့ တသက်စာမှာ တာဝန်မကျေခဲ့ဘူးဆိုတဲ့ အချိန်တစ်ခါမှမရှိခဲ့ပါဘူး၊ ဒါကြောင်မို့လို့ ကျမတို့ မေမေ့ကိုဂုဏ်ပြုတဲ့အခါမှာ ကျမ မိခင်တစ်ယောက်အနေနဲ့ မဟုတ်ပဲနဲ့ တာဝန်ကျေတဲ့နိုင်ငံသူတစ်ယောက် အနေနဲ့ဂုဏ်ပြုစေချင်ပါတယ်။

ဒါ့အပြင် အခုလို မိခင်ဖြစ်သူကိုဂုဏ်ပြုတဲ့ အထိမ်းအမှတ်ပွဲ ကျင်းပရတဲ့ရည်ရွယ်ချက်ကို အခုလိုပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။          ။အခုလိုအထိမ်းအမှတ်ပွဲ လုပ်တယ်ဆိုတာဟာ ကျမတို့ပြည်သူတွေကို သတိပေးချျင်လို့ပါ၊ မှန်မှန်ကန်ကန်အလုပ်တစ်ခုကို လုပ်ခဲ့လို့ရှိရင် ဒီမှန်ကန်ခြင်းကို အသိအမှတ်ပြုကြမှာပဲ၊ ကိုယ့်ရဲ့အသိုင်းအဝိုင်းက အသိအမှတ်ပြုကြမှာပဲ၊ ဒီလိုအသိအမှတ်ပြုခြင်းခံရတဲ့ဂုဏ်ကို တခြားဘယ်ဂုဏ်နဲ့မှ ယှဉ်လို့မရပါဘူး၊ ရားထူးအာဏာ၊ ပစ္စည်းဥစ္စာဂုဏ်နဲ့ ယှဉ်လို့မရပါဘူး၊ အများကနေပြီးတော့ လေးစားတဲ့ဂုဏ်ကို အများကနေတန်ဖိုးထားတဲ့ဂုဏ်ဆိုတာ လူတစ်ယောက်အတွက် အမြင့်မားဆုံးဂုဏ်ဖြစ်ပါတယ်၊ ဒါကြောင့် ကျမတို့ရဲ့ ပြည်သူပြည်သားများဟာ ဒီလိုအမြင့်မားဆုံးဂုဏ်ကိုသာ ရည်မှန်းစေချင်ပါတယ်၊ ရာထူးဂုဏ်၊ အာဏာဂုဏ်၊ ပစ္စည်းဥစ္စာဂုဏ်ဆိုတာ အတိုင်းအတာတစ်ခုအထိတော့ လူသားတွေဆိုတော့ မက်ကြမှာပဲ၊ ဒါပေမယ့် ဒါတွေဟာအမြင့်မားဆုံးဂုဏ်တွေ မဟုတ်ဘူး၊ အတမ်းတရဆုံးဖြစ်မယ့် ဂုဏ်တွေမဟုတ်ဘူးဆိုတာလည်း ကျမတို့ မေ့လို့မဖြစ်ပါဘူး။

NLD နာယက ဦးတင်ဦးက လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်တို့ဟာ ကိုယ်ကျိုးမဖက်ဘဲ နိုင်ငံအတွက်အကျိုးပြုခဲ့သူတွေသာ ဖြစ်တယ်လို့ အခုလိုပြောခဲ့ပါတယ်။

ဦးတင်ဦး။            ။အမေဒေါ်ခင်ကြည် နောက်ပြီးတော့ ခင်ပွန်းဖြစ်သူ ကျနော်တို့ရဲ့ ခေါင်းဆောင်ကြီး ဒေါ်အောင် ဆန်းစုကြည်ရဲ့ ဖခင်ဖြစ်သူဟာလည်းပဲ ဆရာကောင်းသမားကောင်းဖြစ်ပါတယ်၊ နောက်ပြီးတော့ သူ့ရဲ့စိတ်နေ သဘောထားဟာ ဖြူစင်သန့်ရှင်းပြီး ဖြောင့်မတ်ပါတယ်၊ မှန်ရာကိုပြောတက်ပါတယ်၊ အမှားဖြစ်ခဲ့လို့ရှိရင်လည်း ရဲရဲဝံ့ဝံ့သူ့အမှားကို ဝန်ခံတက်တဲ့စိတ်ဓါတ်မျိုးရှိတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်ပါတယ်၊ ပြန်ပြီးတော့ တလျှောက်လုံးကြည့်မယ်ဆိုရင် ကိုယ်ကျိုးကို လုံးဝမဖက် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးရဲ့ အကျိုးစီးပွားကို တသက်လုံးမမှိတ်မသုန် အမြဲ တမ်းအစဉ်မပြတ် စိတ်ဓါတ်ရှိပြီး နိုင်ငံတော်ကိုအကျိုးပြုခဲ့တဲ့ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ဖြစ်ပါတယ်။

အိမ်မဲမြို့ NLD ပါတီဝင်တွေနဲ့ တွေ့ဆုံရာမှာတော့ NLD ပါတီကို တည်ထောင်ထားတာဟာ ပြည်သူလူထု အကျိုးအတွက် ထူထောင်ထားတာဖြစ်ပြီး ကိုယ်ကျိုးအတွက် လုပ်ကိုင်ချင်သူတွေအနေနဲ့ အဖွဲ့ချုပ်ကိုမဝင်ကြ ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်က ရန်ကုန်မြို့တက္ကသိုလ် ရိပ်သာလမ်းက နေအိမ်မှာ ဒေါ်ခင်ကြည်အတွက် သံဃာတော်တွေကို အာရုဏ်ဆွမ်းကပ်လှူခဲ့ပါတယ်ခင်ဗျား။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။