လူထုဆန္ဒကို ဘယ်တော့မှ ဆန့်ကျင်မှာမဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ခက်မာ (ဝါရှင်တန် ဒီစီ)
2021.09.20
လူထုဆန္ဒကို ဘယ်တော့မှ ဆန့်ကျင်မှာမဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော ၂၀၂၀ ဖေဖော်ဝါရီ ၁၉ မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချင်းပြည်နယ် ထန်တလန်မြို့မှာ တွေ့ရစဥ်
Photo: RFA

ဒီကနေ့ စက်တင်ဘာလ ၂၀ ရက် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အထူးတရားရုံးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ အမှုတွေကို ဆက်လက်စစ်ဆေးခဲ့ပြီး တရားခွင်မစခင်မှာ ဦးခင်မောင်ဇော် ခေါင်းဆောင်တဲ့ ရှေ့နေအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နာရီဝက် လောက် တွေ့ဆုံစကားပြောခွင့်ရခဲ့ပါတယ်။
 
အဲဒီလို တွေ့ဆုံတဲ့အခါမှာ ရှေ့နေအဖွဲ့က NUG၊ CRPH နဲ့ PDF တို့လုပ်နေတဲ့ လက်နက်ကိုင် ခုခံမှုတွေကို ဒေါ်အောင်ဆန်းစုကြည်က မနှစ်သက်ကြောင်း ပြောကြားတယ်ဆိုတဲ့ သတင်း စက်တင်ဘာ ၁၇ ရက်ကစလို့ ဖေ့စ်ဘွတ်လူမှုကွန်ပေါ်မှာ ပျံ့နှံ့လာတာနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို မေးမြန်းခဲ့ပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်က “လူထုဆန္ဒကို သူဘယ်တော့မှ ဆန့်ကျင်မှာ မဟုတ်ဘူး” လို့ပြန် ပြောခဲ့တဲ့ အကြောင်း ရှေ့နေ ဦးခင်မောင်ဇော်က သတင်းမီဒီယာတွေကို စာနဲ့ ပြန်ဖြေကြားခဲ့ပါတယ်။
 
အမှုကိစ္စတွေနဲ့ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့  သမ္မတဦးဝင်းမြင့်တို့ကို ဒီကနေ့  လူကိုယ်တိုင် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေထဲက ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့စွဲထားတဲ့ အမှုနဲ့ပတ်သက်လို့ စစ်ဖို့ နောက်ဆုံး သက်သေတစ်ယောက်ကို စစ်ဆေးခဲ့ပေမယ့် ဒီနေ့မှာ တရားလိုဘက်က နောက်တိုးသက်သေ ထပ်တင်ခဲ့တာကြောင့် ကန့်ကွက်တာတွေ လုပ်ခဲ့ရတယ်လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
 
“အမှန်တကယ်ကတော့ တရားလိုပြသက်သေက ကုန်သွားပြီ။ တရားလိုအပါအဝင် တရားလိုပြသက်သေ တွေ စစ်ဆေးတာ ဒီနေ့ကို ပြီးတဲ့သဘောရှိတယ်။ ပြီးပေမယ့်လည်း ဥပဒေအရာရှိဘက်ကနေပြီးတော့ အဲဒီအမှုနဲ့ပတ်သက်ပြီး နောက်တိုးသက်သေကို ဆက်လက်ပြီးတော့မှ လျှောက်ထားတယ်။ နောက်တိုး သက်သေ ဆက်လက်စစ်ဆေးဖို့ဆိုပြီး လျှောက်ထားတဲ့အခါမှာ ကျမတို့ဘက်က ကန့်ကွက်တယ်။ ကန့်ကွက်တဲ့အတွက်ကြောင့်မိုလို့ နှစ်ဖက်လျှောက်လဲချက် ပေးဖို့အတွက်ကို ၂၇ ရက် ၉ လကို ချိန်းလိုက် ပါတယ်။ ဒီအမှုနဲ့ ပို့ကုန်သွင်းကုန် ဥပေဒပုဒ်မနဲ့ ပတ်သက်ပြီး သူတို့ဘက်က တင်သွင်းထားတဲ့ နောက်တိုး သက်သေ အတွက်ကို နှစ်ဖက်လျှောက်လဲချက်ကြားနာဖို့ ဆိုပြီးတော့ အဲဒီအမှုကို ချိန်းလိုက်ပါတယ်”
 
ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နဲ့စွဲထားတဲ့ အမှုအတွက်လည်း ဒီနေ့မှာ နောက်ဆုံး ကျန်တဲ့ လူတစ်ယောက်ကို စစ်ဆေးလိုက်နိုင်တာကြောင့် တရားလိုပြသက်သေအားလုံးကို စစ်ဆေးပြီးခဲ့တယ် လို့ဆိုပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ၂၅ နဲ့စွဲထားတဲ့ အမှုမှာတော့ ဒီနေ့မှာ တရားလိုပြသက်သေကို စစ်ဆေးရမှာဖြစ်ပေမယ့် သက်သေတွေ မလာလို့ နောက်ရုံးချိန်းကို ပြန်ချိန်းဆို ခဲ့ရတယ်လို့ ရှေ့နေတွေက ပြောပါတယ်။
 
သမ္မဦးဝင်းမြင့်ကိုတော့ သူ့ကို အရေးယူထားတဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ၂၅ နဲ့စွဲထားတဲ့ အမှုနဲ့ပတ်သက်လို့ နောက်ဆုံးစစ်ဖို့ကျန်နေတဲ့ လူတစ်ယောက်ကို ဒီနေ့စစ်ဆေးခဲ့ပြီး အဲဒီအမှုနဲ့ပတ်သက်လို့ စွဲချက်တင်သင့်၊ မတင်သင့် လျှောက်လဲချက်ပေးရမယ်လို့ ဦးဝင်းမြင့်ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
 
“ရဲမှူးမြင့်နိုင်ကနေပြီးတော့မှ ဦးဝင်းမြင့်ကိုစွဲထားတဲ့ သဘာဝဘေးအမှုအတွက် တရားလိုပြသက်သေ အမှုစစ်ကို စစ်တယ်။ စစ်တော့ အဲဒီအမှုမှာ ကုန်သွားပြီပေါ့နော် ဒီနေ့စစ်စရာက။ ဒီနေ့စစ်ပြီးရင် ဆက်လက်စစ်ဆေးစရာ ကုန်သွားတဲ့အတွက်ကြောင့် နောက်ရုံးချိန်း ၂၇ ရက်နေ့မှာ စွဲချက်လျှောက်လဲချက် နှစ်ဖက်လျှောက်လဲချက် ကြားနာဖို့ချိန်းပါတယ်။ နောက်ရုံးချိန်းကတော့ ၂၇ရက် ၉ လကို ချိန်းပါတယ်”
 
စစ်တပ်က အာဏာသိမ်းပြီး နှစ်ပတ်အကြာ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ‌ဒေါ်အောင်ဆန်းစုကြည်ကို အွန်လိုင်းစနစ်နဲ့ စတင်ရုံးထုတ်ခဲ့တာဖြစ်ပြီး မေလ ၂၄ ရက်နေ့မှာတော့ နေပြည်တော်ကောင်စီဝန်းထဲက အဆောက်အအုံတစ်ခုကို သီးသန့်တရားရုံးအဖြစ် ပြောင်းလဲပြီး လူကိုယ်တိုင် ရုံးထုတ်ခဲ့ပါတယ်။ ရုံးချိန်း တစ်ပတ်ကို တနင်္လာနဲ့ အင်္ဂါ နှစ်ရက်အချိန်ယူပြီး ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
 
လာမယ့် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး မန္တလေးတိုင်းတရားလွှတ်တော်မှာ စွဲထားတဲ့ အဂတိအမှု လေးမှုကိုလည်း နေပြည်တော်က သီးသန့်တရားရုံးမှာပဲ စတင်စစ်ဆေးတော့မှာပါ။ အဲဒီ အဂတိအမှုတွေ ကိုတော့ တစ်ပတ်ခြားတစ်ခါ သောကြာနေတိုင်း စစ်ဆေးသွားမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ပြောပါတယ်။

dassk
(NLD မဲဆွယ်ယာဥ်တန်းလှည့်လည်နေတာကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့မှ ထွက်ကြည့်နေစဉ် ) Photo: AFP

ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နိုင်တဲ့ ပုဒ်မတွေဖြစ်တဲ့ မြန်မာနိုင်ငံ လျှို့ဝှက် အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) ပုဒ်မတွေ အပါအဝင် အမှုပေါင်း ၁၁ မှုနဲ့ စစ်ကောင်စီက အရေးယူထားပါတယ်။
 
အဲဒီအမှု ၁၁ မှုလုံးကို စစ်ကောင်စီက အမြင့်ဆုံးပြစ်ဒဏ်တွေ ချခဲ့မယ်ဆိုရင် စုစုပေါင်း ထောင်ဒဏ် နှစ်ပေါင်း ၁၀၀ကျော် ကျခံရမှာဖြစ်ပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံနေ ရတာကြောင့် အခုဆိုရင် သူအဖမ်းခံထားရတာ ရက်ပေါင်း ၂၃၂ ရက်ရှိသွားပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။