ဒေါ်အောင်ဆန်းစုကြည်ရဲ့ ICJ ချေပချက်နဲ့ အမြင်အမျိုးမျိုး
2019.12.11

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က ICJ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က ပြန်လည်ချေပ ပြောဆိုရတာဖြစ်ပါတယ်။
မြန်မာစံတော်ချိန် နေ့လည် ၃ နာရီခွဲလောက်မှာ တရားရုံးစတင်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နာရီဝက်ကြာ ချေပပြောဆိုခဲ့ပါတယ်။
သူ့ရဲ့ ချေပပြောဆိုချက်တွေထဲမှာ ၂၀၁၆ ခုနှစ်က အာဆာအကြမ်းဖက် သောင်းကျန်းသူတွေကြောင့် တပ်မတော်ဘက်က တုံ့ပြန်နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရကြောင်းနဲ့ နယ်မြေရှင်းလင်းရေးဆိုတဲ့ မြန်မာစကားကို အကျယ်တဝင့် ရှင်းလင်းပြောဆိုခဲ့ပါတယ်။
နယ်မြေရှင်းလင်းရေးဆိုတာ သူပုန်၊ သောင်းကျန်းသူတွေကို ရှင်းလင်းတာဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ် ရှင်းလင်းတာကိုဆိုလိုတာ မဟုတ်ကြောင်း ချေပခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှင်းလင်းချက်တွေဟာ ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေကို ထိရောက်စွာ တုံ့ပြန်နိုင်မှု မရှိဘူးလို့ လူ့ဘောင်သစ်လူငယ်အဖွဲ့က ကိုဇင်လင်းက ပြောပါတယ်။
“ ဂျီနိုဆိုက် လုပ်တယ်ဆိုတဲ့အပေါ်မှာ ရှင်းရှင်းလင်းလင်း ပြန်ပြီးမချေပသွားနိုင်ဘူး။ ရိုဟင်ဂျာ မွတ်စလင်တွေ အပါအဝင်တခြားသော မြန်မာတစ်ပြည်လုံးမှာရှိတဲ့ လူနည်းစု လူမျိုးစုတွေအပေါ်မှာ လုပ်ခဲ့တဲ့ ဂျီနိုဆိုဒ်အင်တန်း ရှိတဲ့ လုပ်ရပ်တွေ အများကြီးရှိခဲ့တယ်။ ဖြတ်လေးဖြတ် လုပ်တာတွေ၊ ပညာရေး ကျန်းမာရေး မပေးတာမျိုးတွေ၊ ကန့်တွေအထဲမှာ ပိတ်ထားတာတွေ၊ နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါ ရွာလုံးကျွတ်ကို မီးရှို့တာမျိုးတွေ၊ ဒါတွေ အကုန်က ဂျီနိုဆိုက်ထဲမှာ ပါတယ်။ ဒါပေမဲ့ အဲဒါတွေကို ကောင်းကောင်း ပြန်မဖြေရှင်းနိုင်ဘဲနဲ့ နယ်မြေ ရှင်းလင်းရေးဆိုရင်လည်း ဒါဟာ အကြမ်းဖက်မှုကို နှိမ်နင်းဖို့လုပ်တာဖြစ်တယ်။ အဲဒီကြားထဲမှာ အရပ်သားနဲ့ သူပုန်နဲ့ ခွဲခြားလို့ မရတဲ့အတွက်ကြောင့် အရပ်သားတွေ သေကြေပျက်ဆီး ရပါတယ်ဆိုပြီး သူပုန်နှိမ်နင်းရေး ခေါင်းစဉ်အောက်မှာ အရပ်သားတွေကို မတော်တဆဖြစ်သွားတဲ့ သဘောမျိုး လျှောချလိုက်တယ်။ အဲဒါကတကယ်တော့ လက်ရှိ ရှိနေပြီးသား သက်သေတွေအရဆိုရင် မဟုတ်ဘူးလေနော်။ ”
မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့ စစ်ရာဇဝတ်မှုတွေဟာ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပြစ်ပေး စီရင်တာတွေ လုပ်ဆောင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံကြောင့် တရားစီရင်ရေးကို မျှော်လင့်ထားသလောက် မဆောင်ရွက်နိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့တာဖြစ်ကြောင်း နိုင်ငံရေးစစ်ရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။
“ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျှောက်လဲချက်သည် မြန်မာအဖွဲ့ကိုယ်စား ကနဦးလျှောက်လဲချက်အနေနဲ့ နိုင်ငံရေးအရ ရှင်းလင်းချက်ပေါ့၊ အခြေအနေတစ်ခုလုံးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုရှုမြင်မလဲဆိုတဲ့ ရှင်းလင်းချက် ဖြစ်တယ်လို့ပဲမြင်ပါတယ်၊ မြန်မာနိုင်ငံမှာ လက်ရှိဖွဲ့စည်းပုံပြင်ဆင်ရေး အချိန်ကာလ ဖြစ်နေ တဲ့အတွက် ကြောင့်မလို့ ဘာပြောမလဲ တရားရုံးနဲ့ပတ်သက်ပြီးတော့ နှုန်းစံတွေမြင့်မြင့် တောင်းဆိုလို့ မရနိုင်ဘူးဆိုတာ တစ်ချက်ထောက်ပြ သွားတယ်လို့ထင်ပါတယ်။”
အဲဒီလို ပြောဆိုရာမှာ ဂူတာပြင်ကိစ္စမှာ စစ်ခုံရုံးက စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်နေပြီး ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာက မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံရမှုကို စစ်တရားရုံးက ထောင်ဒါဏ် ၁၀ နှစ်ချမှတ်ခဲ့ပေမယ့် စစ်ခုံရုံးက လွတ်လပ်ခွင့်ပေးခဲ့တယ် ဆိုတာကိုပါ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ICJ မှာ သွားရောက်ရင်ဆိုင်ဖို့အတွက် တပ်မတော်ဘက်က အစိုးရနဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
“ တရားရုံးနဲ့ ပတ်သက်ပြီးတော့ တုန့်ပြန်ဖြေရှင်းဖို့ စတင်ဆောင်ရွက်ခဲ့တုန်းက နိုင်ငံတော်သမ္မတရုံးက အထူးအဖွဲ့ ဖွဲ့စည်းလိုက်တာရှိပါတယ်။ အဲ့ဒီအထူးအဖွဲ့ထဲမှာ တပ်မတော်စစ်ဥပဒေချုပ်ရုံးက အရာရှိ နှစ်ဦး ပါဝင်ဆောင်ရွက် ခဲ့တာရှိပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ညွှန်ကြားချက်နဲ့အညီ ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းတာတွေ လုံလောက် တဲ့ အချက်အလက်တွေကို ညွှန်ကြားတဲ့အတိုင်း လိုက်နာဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။”
ရခိုင်ပြည်နယ်က လူတွေကို ဇာတိလူမျိုးမခွဲခြားပဲ မွေးစာရင်းတွေ ထုတ်ပေးနေပြီး ပညာရေးနဲ့ ပတ်သက်တာ တွေကိုလည်း ထောက်ပံ့ပေးနေကြောင်းနဲ့ ရခိုင်က IDP စခန်း သုံးခုကို ပိတ်သိမ်းနိုင်ခဲ့ပြီး အဲဒီလို ဆောင်ရွက်ချက် တွေကြောင့် လူမျိုးတုံးသတ်ဖြတ်မှု ဘယ်လိုရှိနိုင်မလဲလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ချေပခဲ့ပါတယ်။
အဲဒီပြောဆိုချက်ဟာ လက်တွေ့နဲ့ ကွာဟနေတယ်လို့ Fortify Rights က ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။
ကွဲလွဲတာတွေ အများကြီးပဲ အခုဒီရက်ပိုင်းမှာ စစ်တွေ IDP မှာ နေတဲ့သူတွေကို အိမ်ထောင်စုဇယား ထုတ်ပေးတယ် ကတ်တွေထုတ်ပေးဖို့ ကြိုးစားတယ် ရိုဟင်ဂျာတွေက ရိုဟင်ဂျာလို့ သူတို့ကိုယ်သူတို့ သတ်မှတ်ခွင့်မပြုပဲ ဘင်္ဂါလီလို့ပဲ ဖောင်တွေထဲမှာ အတင်းဖြည့်ခိုင်းတယ် အိမ်ထောင်စုဇယားမှာလဲ ဘင်္ဂါလီလို့ပဲ ထုတ်ပေးတယ် ရိုဟင်ဂျာလို့ ထုတ်မပေးဘူး။ အဲဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေက အခုအချိန်ထိ ဆက်ဖြစ်နေတုန်းပဲ။
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်တွေ ရှိနေသေးကြောင်း ရခိုင်ပြည်နယ်မှာ ရခိုင်တပ်တော် AA က ဘုရင်စနစ်ကို ပြန်လည်တမ်းတပြီး လက်နက်ကိုင်နေကြောင်း၊ အာဆာအဖွဲ့ရဲ့ အကြမ်းဖက်မှုတွေ ကိုလည်း တပ်မတော်က ဖြေရှင်းနေရကြောင်း ဒီရှုပ်ထွေးမှုတွေကို ဂမ်ဘီယာနိုင်ငံအနေနဲ့ နားလည်ပေးဖို့ မျှော်လင့်ကြောင်းကိုလည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။
အဆုံးသတ်မှာ ရခိုင်ပြည်မှာ ဖြစ်ပွားနေတဲ့ပြဿနာတွေကို ပိုဆိုးသွားအောင် တရားရုံးက မဆုံးဖြတ်ဖို့ မျှော်လင့် ကြောင်း အကြမ်းမဖက်ရေး၊ တရားမျှတရေးတွေကို ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ဖော်ဆောင်ရေးမှာ လုပ်ဆောင်ဖို့ ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။