ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ပြောင်းတဲ့အပေါ် အမြင်များ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော် အချုပ်ထောင်ထဲကနေ ပိုပြီးသက်တောင့်သက်သာရှိတဲ့ နိုင်ငံတော်ပိုင် နေအိမ်တစ်ခုကို ပြောင်းရွှေ့လိုက်ပါတယ်။ ဒီလိုပြောင်းရွှေ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တာဝန်ရှိသူတစ်ဦးက ဇူလိုင်လ ၂၈ ရက်နေ့က RFA ကို အတည်ပြုပါတယ်။
နေပြည်တော်အချုပ်ထောင်နဲ့ နီးစပ်သူတစ်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့ထားတာ မှန်ကန်ကြောင်း RFA ကို ထပ်မံအတည်ပြု ပြောဆိုပါတယ်။
ဒါပေမဲ့ ဘယ်နေ့ ဘယ်ရက်က ပြောင်းရွှေ့ခဲ့တယ်ဆိုတာကိုတော့ အတိအကျ မသိရပါဘူး။ ပြည်တွင်း၊ ပြည်ပ မီဒီယာတချို့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင် ၂၄ ရက် တနင်္လာနေ့ကတည်းက ထောင်ထဲကနေ နေပြည်တော်က ဒုတိယဝန်ကြီးတွေ နေထိုင်တဲ့ အိမ်တစ်လုံးကို ပြောင်းရွှေ့လိုက်တာလို့ ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို နဂိုကတည်းက နိုင်ငံရေးအရ အသုံးချဖို့ ကြံစည်ခဲ့တာဖြစ်ကြောင်းနဲ့ အခုလို နေရာပြောင်းတယ်ဆိုရင်လဲ နိုင်ငံရေးအကျဉ်းသားအဖြစ်က ပြောင်းလဲသွားတာ မဟုတ်ဘူးလို့ ပြောပါတယ်။
"ကျွန်တော်တို့က နဂိုထဲက တွက်ဆထားတာပါ။ စစ်အာဏာရှင်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက် ၂၀၂၁ မှာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးတယ်၊ မတရားအမှုတွေနဲ့ အမှုဆင်ထောင်ချတယ်၊ ထောင်ထဲမှာ စိတ်ဓာတ်ရေးရာအရ စိတ်ကျန်းမာရေး ကိုယ်ကျန်းမာရေးအတွက် အနှောင့်အယှက်ဖြစ်အောင် Isolation လုပ်တယ်ပေါ့နော်၊ အဲဒီမှာ သူတို့တွေ တချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချမယ် သူတို့နိုင်ငံရေးအကျပ်အတည်းတွေ့လာတဲ့အခါ အသုံးချမယ်လို့ သုံးသပ်သူတွေ အများကြီးရှိတယ်။ သူတို့ဒေါ်အောင်ဆန်းစုကြည်ကို နေရာရွှေ့တယ် မရွှေ့ဘူးဆိုတာထက် သူတို့နေရာရွှေ့လဲ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအကျဉ်းသားဘဲ၊ အမှန်မှာက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသား အကုန်လုံး ချွင်းချက်မရှိ လွှတ်ဖို့အရေးကြီးတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ နိုင်ငံရေးလှည့်ကွက်အနေနဲ့ သုံးပြီးတော့ ပေးတွေ့ချင်တဲ့သူနဲ့ ပေးတွေ့တာတို့ ရှိလာနိုင်တယ်၊ အရေးအကြီးဆုံးက ဒေါ်အောင်ဆန်းစုကြည်က သူတွေ့ချင်တဲ့သူနဲ့ တွေ့ဖို့ အရေးကြီးတယ်၊ သူမတွေ့ချင်တဲ့သူ သူငြင်းခွင့်ရှိရမယ်"
နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇောကလည်း စစ်ကောင်စီဟာ လက်ရှိအကျပ်အတည်းတွေကနေ လွတ်မြောက်အောင် ထွက်ပေါက်တစ်ခုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချတာလို့ မြင်ပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်နာမည်လေးသုံးပြီး (စစ်ကောင်စီ) နည်းလမ်းရှာကြည့်တယ်ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်က အစောပိုင်းက ပြည်သူတွေ နာမှာစိုးလို့ ငြိမ်းချမ်းစွာသွားတဲ့နည်း၊ အမျိုးသားရင်ကြားစေ့ရေးဆိုပြီး သူအစွမ်းကုန်လုပ်ခဲ့တာပဲလေ၊ သူ့နိုင်ငံရေးတောင် အထိခံပြီး ICC အထိသွားပြီး စစ်တပ်ကို ကာကွယ်ပေးခဲ့တာပဲ၊ ဒါပေမဲ့ သူသဘောပေါက်သွားပုံရတယ်။ ဒီအချိန်ကျမှတော့ ဒီလမ်းကို သူ ပြန်မလျှောက်တော့ပါဘူး၊ စစ်တပ်ကတော့ ရင်ကြားစေ့လို့ မရတော့ဘူးဆိုတာ သူသဘောပေါက်နေပုံရပါတယ်၊ ဒါကြောင့် ဒီလမ်းသုံးလို့မရတာ၊ သုံးရရင် အစောကတည်းက ထုတ်သုံးမှာပေါ့။ သုံးမရလို့သာ ဟိုလူနဲ့ တွေ့တယ် ပြောလိုက်၊ ဒီလူနဲ့တွေ့တယ်ပြောလိုက်နဲ့ နည်းလမ်းပေါင်းစုံသုံးနေတာနဲ့ တူပါတယ်။ စစ်ကောင်စီဘက်ကတော့ သူ့အာဏာကို နည်းလမ်းပေါင်းစုံနဲ့ ဆက်ကိုင်နိုင်ရေးအတွက် လုပ်နေတာပဲလေ။ ဒါပေမဲ့ ဗမာပြည်ရဲ့ အပြောင်းအလဲက ဗမာပြည်သူတွေအပေါ်မှာပဲ မူတည်တယ်။ နွေဦးတော်လှန်ရေးသမားတွေက ဆက်ပြီးတော့ စစ်ကောင်စီကို ဖိအားဆက်ပေးရမယ်။"
နော်ဝေနိုင်ငံအခြေစိုက် လူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်တဲ့ ဦးမင်းလွင်ဦးကလည်း စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးကစားကွက်မှာ အသုံးချဖို့ အခုလို နေအိမ်ရွှေ့ပြောင်းချုပ်နှောင်တာလို့ သုံးသပ်ပါတယ်။
"စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချဖို့ နိုင်ငံရေးကစားကွက်ကို ပြောင်းလိုက်တယ်လို့ မြင်ပါတယ်။ နိုင်ငံတကာအခင်းအကျင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သံတမန်တွေ တွေ့လာနိုင်တဲ့အခြေအနေ ဖြစ်လာအောင် သူတို့ဖန်တီးဖို့ ကြံစည်တယ်လို့ ယူဆတယ်။ ဒါမှလည်း PDF တွေနဲ့ ဖြစ်နေတဲ့တိုက်ပွဲတွေ တဖြည်းဖြည်းနဲ့ နည်းသွားမယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိဟန်တူတယ်။ အဲဒီလိုမျိုးရည်ရွယ်ချက်နဲ့ လုပ်တယ်လို့ပဲ ကျွန်တော်ကတော့ မြင်ပါတယ်။"
စစ်ရေးအရ၊ နိုင်ငံရေးအရ၊ စည်းလုံးညီညွတ်ရေးအရ၊ ဘဏ္ဍာရေးအရအပြင် လူထုထောက်ခံမှုပါ တော်လှန်ရေးက အားကောင်းလာတာဖြစ်တဲ့အတွက် စစ်ကောင်စီအနေနဲ့ အင်အားချိနဲ့လာပြီဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချလာတာလို့ NUG ဝန်ကြီးချုပ်ရုံး ဦးနေဘုန်းလတ်က သုံးသပ်ပါတယ်။
ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ရှေ့နေ ဦးကြီးမြင့်ကလည်း စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ်ပြန်ပို့တယ်ဆိုတာနဲ့ပတ်သက်ပြီး နိုင်ငံရေးအရ အများကြီးမျှော်လင့်လို့မရကြောင်း စစ်တပ်အပေါ်လည်း အယုံအကြည်မရှိကြောင်း ပြောပါတယ်။
NLD ဗဟိုကော်မတီဝင် ဒေါ်နီလာဝင်းကလည်း စစ်ကောင်စီဟာ အထွေထွေအကျပ်အတည်းကို ကြုံနေရပြီး ထွက်ပေါက်မရှိတော့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးကစားကွက်မှာ အသုံးချလာတာလို့ သုံးသပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြန်ပို့ရုံနဲ့ စစ်ကောင်စီရဲ့ အပြစ်တွေက ပြောင်းလဲသွားမှာ မဟုတ်ကြောင်း ပြည်သူလူထုက အဆုံးအထိသွားဖို့ ဆုံးဖြတ်ထားတာဖြစ်တဲ့အတွက် ပြည်သူတွေအတွက် ဘာမှပြောင်းလဲမှာ မဟုတ်သလို တော်လှန်ရေးမှာလည်း အပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့ မြင်ပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအကျဉ်းသားဘဲ အမှန်မှာက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားအကုန်လုံး ချွင်းချက်မရှိ လွှတ်ဖို့အရေးကြီးတယ်"
စစ်ကိုင်းဖိုရမ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုကျော်ဝေဖြိုးကတော့ ပြည်သူတွေကို စစ်ကောင်စီက သူတို့ဘက်က လျှော့လာပါတယ်ဆိုတာမျိုး ပြသလိုတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စစ်ကောင်စီအနေနဲ့က အမှန်တကယ်ပြောင်းလဲလိုတဲ့ စိတ်စေတနာရှိတာမဟုတ်ဘဲ သူတို့အပေါ်ကျနေတဲ့ နိုင်ငံတကာဖိအားတွေကို လျှော့ချဖို့ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချတာလို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ နေအိမ်တစ်ခုကိုပြောင်းရွှေ့တယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အတိအကျသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကို ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။
စစ်ကောင်စီဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းတဲ့နေ့မှာ အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ပြီး အမှု ၁၉ မှုနဲ့ စွဲချက်တင်ကာ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားတာ ဖြစ်ပါတယ်။ အရင်စစ်အစိုးရတွေ လက်ထက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ်-၅၄ နေအိမ်မှာ နေအိမ်အကျယ်ချုပ်နဲ့ ၁၅ နှစ်ကြာ နေထိုင်ခဲ့ရပါတယ်။