ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမသမာမှုနဲ့ စွဲထားတဲ့ကိစ္စ မနက်ဖြန် အမိန့်ချနိုင်
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အမှုပေါင်း ၁၉ မှုထဲက ရာဇသတ်ကြီး ပုဒ်မ-၁၃၀ (က) နဲ့ တရားစွဲခံထားရတဲ့ ရွေးကောက်ပွဲ မဲမသမာမှုကို မနက်ဖြန် စက်တင်ဘာ ၂ ရက်နေ့ နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးကနေ အပြီးသတ် အမိန့်ချဖို့ ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ မှုထဲက ၁၀ မှုအတွက် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရပြီး ဖြစ်တာကြောင့် ပုဒ်မ-၁၃၀-က ရဲ့ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ နောက်ထပ် ထောင်ဒဏ် သုံးနှစ် ချမှတ်ခံရရင်တော့ စုစုပေါင်း ထောင် အနှစ် ၂၀ ထိ ကျခံရဖို့ ရှိနေပါ တယ်။
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူတို့ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် ရွေးကောက်ပွဲ ကော်မရှင် (UEC) အပေါ် မလျော်သြဇာ သုံးခဲ့တယ်ဆိုပြီး တရားစွဲခံထားရတာပါ။
“ရွေးကောက်ပွဲနဲ့ ပတ်သက်လာရင်တော့ ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ရှိတာပေါ့ဗျာ"
စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှု ရှိခဲ့တယ်ဆိုတာကိုပဲ အတည်ပြုချင်တဲ့ အတွက် မနက်ဖြန်သာ အမှန်တကယ် အမိန့်ချဖြစ်ခဲ့ရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ပဲ အပြစ်ပေးလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ခန့်မှန်း ပြောဆိုပါတယ်။
“ဒီလိုတရားစွဲတဲ့ ရည်ရွယ်ချက်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကို တရားမျှတစွာ လွပ်လပ်စွာ ကျင်းပခွင့် မပြုခဲ့ဘဲနဲ့ မလျော်သြဇာသုံးပြီးတော့ လုပ်ခဲ့ တဲ့အတွက် အနိုင်ရတာဖြစ်တယ်ဆိုတဲ့ ကိစ္စကို ပုံဖော်ဖို့အတွက် ဒီအမှုတွေ စွဲချက်တင် ပြောဆိုနေတာပါ။ အဲဒါကြောင့် သေချာပေါက် ပြစ်ဒဏ်ချမှာပါ။ အပြစ်ပေးမှာပါ”
ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်မှာပြိုင်ပြိုင် အနိုင်ရမယ့် သူ ဖြစ်တာကြောင့် မသမာမှုလုပ်စရာ ဘာအကြောင်းမှ မရှိသလို၊ မဲမသမာမှု လုပ်ခဲ့ရင် တောင် ရာဇဝတ်တရားရုံးတွေမှာ တရားစွဲခွင့် မရှိဘဲ အဲဒီအချိန်က တာဝန်ယူခဲ့တဲ့ UEC ကသာ ကိုင်တွယ်ဖြေရှင်းရမှာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဥပဒေ ပညာရှင်တစ်ဦး က ထောက်ပြဝေဖန်ပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေများမှာပါရှိတဲ့ ပြဌာန်းချက်နဲ့စပ်လျဉ်းတဲ့ ပုဒ်မ တစ်ခုလေ။ ရွေးကောက်ပွဲ မသမာမှုဆိုလို့ရှိရင် ရွေးကောက်ပွဲကော်မရှင်မှာ ပြဌာန်းထား တဲ့ ပုဒ်မတွေရှိတယ်။ အဲဒီအတိုင်း အပြစ်ပေးလို့ ရတယ်လေ။ တည်ဆဲဥပဒေမှာ ပြဌာန်း ချက် မရှိတဲ့အခါကျမှသာ လုပ်ရမှာ။ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ မသမာ မှုကို ဘာမှလုပ်စရာ အကြောင်းမရှိဘူး။ အမြဲတမ်းလိုလို ဘယ်မှာပဲသွားပြိုင်ပြိုင်နိုင်နေ တာ၊ ရွေးကောက်ပွဲ မသမာမှု လုပ်စရာအကြောင်းကို မရှိဘူး။ အထောက်အထားလည်း မရှိဘူး။ အထောက်ထားမရှိလို့ ရွေးကောက်ပွဲ မသမာမှုနဲ့ ပတ်သက်တဲ့၊ UEC နဲ့ပတ် သက်တဲ့ ဥပဒေမှာလည်း ဘာမှသူ့ကို မငြိစွန်းဘူး”
ဒီအမှုကို အာဏာသိမ်းပြီးမှ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်အသစ် ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်က တရားလိုလုပ်ပြီး စွဲထားတာပါ။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေ နဲ့ပတ်သက်လို့ RFA က မေးမြန်းတဲ့အခါအတိုင်း အပြစ်ရှိလို့သာ ဥပဒေအရ အရေးယူထား တာလို့ မကြာခဏ တုံ့ပြန်ဖြေဆိုခဲ့ဖူးပါတယ်။
စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မကြာသေးခင်က လာရောက် ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာနဲ့ တွေ့ဆုံစဉ် မှာ ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူချင်တယ်ဆိုရင် ဒီ့ထက်တောင် အပြစ်ပေး အရေး ယူလို့ရသေးတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် မလျော်သြဇာ သုံးခဲ့တာ လုံးဝ မရှိသလို ၂၀၂၀ ရွေးကောက်ပွဲကို တာဝန်ယူခဲ့တဲ့ UEC ကလည်း ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ အညီသာ လုပ်ဆောင်ခဲ့တာလို့ RFA ကို ပြောပါတယ်။
“ကျနော်တို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ပွဲကော်မရှင်တစ်ဖွဲ့လုံးဟာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေ လုပ်ထုံးလုပ်နည်းတွေအတိုင်းပဲ ဆောင်ရွက်ခဲ့ပါတယ်။ ဘာတစ်ခုမှ ကျော်လွန်ဆောင်ရွက်ခဲ့တာ မလျော်သြဇာပေးတာ တစ်ခုမှ မရှိပါဘူး။ ဒါတွေကို မလိုက်နာဘဲနဲ့ ဥပဒေရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုး ဖောက်ပြီး အဓမ္မ အာဏာလုယူပြီးမှ ရွေးကောက်ပွဲ မဲမသမာမှုရှိတယ်ဆိုပြီး သူတို့ လက် ကိုင်တုတ် တရားသူကြီးဆိုသူ အဂတိသမားတွေနဲ့ တရားစွဲဆို ပြစ်ဒဏ် စီရင်နေတာကို က သူတို့ကိုယ်တိုင် ဥပေဒချိုးဖောက်နေကြတာဖြစ်ပါတယ်”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကလည်း သြဂုတ်လ ၂၆ ရက်နေ့ ရုံးချိန်းမှာ အပြီး သတ် လျှောက်လဲချက်ပေးစဉ်တုန်းက ရွေးကောက်ပွဲ မသမာမှုလုပ်ခဲ့ကြောင်း စွပ်စွဲချက်ကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က သက်သေမပြနိုင်တဲ့အတွက် ဒီအမှုကို ကွင်းလုံး ကျွတ် လွှတ်ပေးသင့်ကြောင်း လျှောက်ထားခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါ တယ်။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ဇူလိုင်လ ၁၅ ရက် ရုံးချိန်းမှာ ၂၀၂၀ ရွေးကောက် ပွဲနဲ့ ပတ်သက်ရင် ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံး လွှမ်းမိုးခဲ့တာ မရှိဘဲ ဥပဒေနဲ့အညီသာ ဆောင်ရွက်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ-၁၃၀ (က) ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်၊ တားမြစ် ချက်နဲ့ တည်ဆဲဥပဒေ တစ်ခုခုကို ချိုးဖောက်ရင် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် သုံးနှစ် ဒါမှမဟုတ် ငွေဒဏ် ဒါမှမဟုတ် နှစ်မျိုးလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကလည်း ဒီအမှုဟာ အဲဒီအချိန်က တာဝန်ယူခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်ကသာ ဖြေရှင်းရမယ့်ကိစ္စဖြစ်ပြီး ပြင်ပတရားရုံးတွေမှာ စစ်ဆေး နေတာဟာ အဆင့်ကျော်တဲ့လုပ်ရပ်လို့ ထောက်ပြဝေဖန်ပါတယ်။
“ရွေးကောက်ပွဲနဲ့ ပတ်သက်လာရင်တော့ ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ရှိတာပေါ့ ဗျာ။ ဒေါ်အောင်ဆန်းစုကြည်တို့ သမ္မတတို့မှာ တာဝန်မရှိဘူးလို့ မြင်တယ်။ သူတို့ကိုယ် တိုင်က ရွေးကောက်ပွဲကို တိုက်ရိုက်ဝင်ပြီးတော့ ကြီးကြပ်ခဲ့တာ မဟုတ်ဘူး။ ရွေး ကောက်ပွဲကော်မရှင်ကို ဖိအားပေးကောင်း ပေးနိုင်တယ်။ အဲဒါကျတော့လည်း ရွေး ကောက်ပွဲကော်မရှင်က ဖြေရှင်းရမယ့်ကိစ္စ။ ဒါကြောင့် NLD က အပြတ်အသတ် အနိုင်ရတဲ့အချိန်မှ NLD ခေါင်းဆောင်တွေကို ဖမ်းတယ်ဆီးတယ်၊ တရားစွဲတယ် ဆိုတာကလည်း အဆင့်ကျော်တယ်လို့ မြင်တာပေါ့နော်။ ရွေးကောက်ပွဲနဲ့ ပတ်သက် လာရင် အဓိကကတော့ ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ရှိပါတယ်”
၂၀၂၀ ရွေးကောက်ပွဲဟာ အားနည်းချက်အနည်းငယ်ရှိခဲ့ပေမယ့် လွတ်လပ်ပြီး၊ တရားမျှတ တဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေက ၂၀၂၀ ရွေးကောက်ပွဲပြီးမှာ ထုတ်ပြန်ပြောဆိုထားကြပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲမှာ မသမာမှုတွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့စစ်တပ်က အာ ဏာသိမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် မလျော်သြဇာသုံးတယ်ဆိုတာကလည်း အကြောင်း ပြချက် သက်သက်သာဖြစ်တယ်လို့ ၂၀၂၀ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ခဲ့သူ တစ်ဦးက ပြောပါတယ်။
“ကိုယ်တွေအဖွဲ့ကတင်ပဲ စောင့်ကြည့်တာ မဟုတ်ဘူး။ နိုင်ငံတကာအဖွဲ့တွေရော၊ ပြည် တွင်းအရပ်ဘက် အခြားအဖွဲ့အစည်းပေါင်းများစွာ စောင့်ကြည့်တယ်။ ဒါကြောင့် အား လုံးက သုံးသပ်တာတော့ ရွေးကောက်ပွဲဟာ အမှားအယွင်း မဆိုစလောက်ရှိပေမယ့်လို့ လွပ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ခဲ့တယ်။ အဲဒီတော့ ဒါကို မဲမသမာမှု လုပ်တယ်ဆိုပြီးတော့ အကြောင်းပြပြီးတော့ အာဏာသိမ်းတာက သိမ်းချင်လို့ သိမ်းတာပဲ။ အဲဒီလိုပဲ အဓိပ္ပယ်ရတယ်။ ဒီလိုမျိုး မဲမသမာမှု လုပ်တယ် ဒါမှမဟုတ် ရွေးကောက်ပွဲပေါ် မလျော်သြဇာသုံးပြီးတော့ ရွေးကောက်ပွဲ နိုင်အောင်လုပ်တယ်၊ အဲဒါကလည်း အကြောင်းပြချက်သက်သက်ပဲ ဖြစ်ပါတယ်”
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ NLD အစိုးရ အဖွဲ့ဝင်တွေနဲ့ ၂၀၂၀ ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ယူခဲ့သူတွေ အပါအဝင် စုစုပေါင်း လူ ၅၀၅ ဦးကို ရွေးကောက်ပွဲ မသမာမှုတွေနဲ့ အရေးယူထားကြောင်း စစ်ကောင်စီရဲ့ ရွေး ကောက်ပွဲ ကော်မရှင်အသစ်က ဩဂုတ်လ ၁၇ ရက် နေပြည်တော် က သတင်းစာရှင်းလင်း ပွဲမှာ ပြောထားပါတယ်။
စစ်ကောင်စီ တရားရုံးတွေက ပုဒ်မ-၁၃၀ (က) နဲ့ပဲ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို ထောင်သုံးနှစ်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ထောင် သုံးနှစ်၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို ထောင်နှစ်နှစ် အသီးသီး ချမှတ်ထားပါတယ်။ NLD အစိုးရလက်ထက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးသန်းဌေးနဲ့ ဦးမြင့်နိုင်တို့ကိုလည်း ပုဒ်မ ၁၃၀-က နဲ့ပဲ ထောင် သုံးနှစ်စီ အမိန့်ချထားပါတယ်။
ဒါပေမဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်ကိုတော့ ဒီပုဒ်မအတွက် ဒဏ်ငွေ ငါးသောင်းစီပဲ ချမှတ်ထားပါတယ်။
ဒါ့ကြောင့် မနက်ဖြန် နေပြည်တော် အချုပ်ထောင်တရားရုံးကနေ ဒေါ်အောင်ဆန်းစုကြည် အတွက် အမိန့်ချဖြစ်မယ်ဆိုရင် ဘယ်လိုအမိန့်မျိုးဖြစ်လာမလဲဆိုတာကို ပြည်သူအများစုက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။