မြေကွက်ရယူထားတဲ့ NLD အစိုးရအပေါ် ဝေဖန်မှုမြင့်တက်နေ
2020.06.23
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် NLD အစိုးရအဖွဲ့ ဝင်တွေ မြေကွက်ရယူတာဟာ အရင်ကပြောခဲ့တဲ့ မြေယူမှာမဟုတ်ဘူးဆိုတဲ့ကတိကို ပျက်ကွက်တာဆိုပြီး ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
အစိုးရဝန်ကြီးတွေကို မြေကွက်တွေပေးတာ ပြဿနာမရှိပေမယ့် နိုင်ငံရေးကတိစကားတွေေ ပြောခဲ့ပြီး အခုလို ချိုးဖောက်တာဟာ နိုင်ငံရေးဂုဏ်သိက္ခာ ထိခိုက်တယ်လို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် က ဝေဖန် လိုက်ပါတယ်။
"နိုင်ငံရေးခေါင်းဆောင်တွေက ကိုယ်ပေးခဲ့တဲ့ နိုင်ငံရေးကတိကဝတ်တွေကို ချိုးဖောက်တာဟာ ပိုပြီးဆိုးတယ် လို့ မြင်ပါတယ်၊ မြေကွက်ပေးတာက ပြဿနာမဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က သူပေးခဲ့တဲ့ ကတိစကားတွေကို ချိုးဖောက်တာဟာ နိုင်ငံရေးအရ သိက္ခာတွေအများကြီး ကျတယ်လို့ ကျနော်က ပြောချင် ပါတယ်၊ အထူးသဖြင့် ပြည်သူနဲ့အတူလို့ ပြောတဲ့အစိုးရက မြေယာကိစ္စတွေ၊ ကျူးကျော်တွေရဲ့ နေအိမ်ကိစ္စ တွေ မဖြေရှင်းနိုင်ခင်မှာ အင်မတန်မှ သက်သာတဲ့နှုန်းထားနဲ့ ယူတာကတော့ NLD လို အစိုးရမျိုးလက်ထက် မှာ မသင့်တော်ဘူးပေါ့ဗျာ။"
နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရီမြို့နယ်မှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ဝင်တွေ မြေကွက်ရယူထားတယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်လောက်က လူမှုကွန်ရက် စာမျက်နှာပေါ်မှာ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီသတင်းတွေကြောင့် ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက မေးမြန်းတဲ့အခါ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က အတည်ပြုပြောကြားခဲ့တာပါ။
"ချထားပေးတာတွေမှန်တယ်၊ ဆိုရှယ်မီဒီယာမှာ ဖော်ပြထားတဲ့ မြေကွက်အကျယ် ပေ ၇၀၀ ပေ ၅၀၀ ဆိုတာ ၈ ဧကလောက်ရှိတယ်၊ မဖြစ်နိုင်တဲ့ဟာကို ချဲ့ကားရေးသားတယ်လို့ ပြောချင်တယ်၊ ရွေးကောက်ပွဲတွေနီးလာ လို့ သတင်းမှားတွေနဲ့ လုပ်တယ်လို့ သုံးသပ်တယ်၊ နိုင်ငံရေးရည်ရွယ်ချက်နဲ့လုပ်တယ်လို့ မြင်တယ်၊ ဥတ္တရသီရီ မှာ နေပြည်တော် စည်ပင်က အကွက်ဖော်ပြီးတော့ ပြည်ထောင်စုဝန်ကြီးတွေ၊ နိုင်ငံရေး ရာထူးရှိတဲ့ပုဂ္ဂိုလ် တွေကို လျှောက်ထားလာတာကို သတ်မှတ်ဈေးနှုန်းနဲ့ ချထားပေးတာဖြစ်တယ်၊ နောက်ထပ်လည်း ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ၊ လျှောက်ထားလာရင် နေပြည်တော် စည်ပင်က စီစစ်ပြီးတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှာ တင်ပြမယ်၊ အဲဒါတွေ ချထားပေးဖို့ရှိတယ်၊ အကွက်တွေ ဆက်ဖော်နေပါတယ်၊ ဒီလိုမျိုး နိုင်ငံရေးရာထူးထမ်းဆောင်ခဲ့သူတွေ အငြိမ်းစားယူတဲ့အခါမှာ နိုင်ငံတော်က ချီးမြင့်ပေးတဲ့ အစဉ် အလာအတိုင်း ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်၊ ပြောရရင်တော့ မြေကွက်ချပေးတယ်ဆိုတာ မှန်တယ်"
အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတအဆင့်ဆိုရင် ပေ ၄၀၀ ပတ်လည် မြေနေရာ၊ ဝန်ကြီးအဆင့်ဆို ပေ ၃၀၀ ပတ်လည်၊ ဒုဝန်ကြီးအဆင့်ဆို ပေ ၂၅၀ ပတ်လည် စတဲ့ အကျယ်အဝန်းကို နေပြည်တော် စည်ပင်က သတ်မှတ်ထားတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူခွင့်ရခဲ့တာလို့ ဦးဇော်ဌေးက ပြောပါတယ်။ ဈေးဘယ်လောက်နဲ့ယူတယ်၊ မြေဧကပေါ်မှာ ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေအတွက် ဘာတွေ အကောင်အထည်ဖော်မယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်းပြောဆို သွားတာမရှိပါဘူး။
ဝေဖန်မှု နောက်တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းက နေပြည်တော်မှာ တစ်ဧကကို ကျပ်သိန်း ၅၀ နှုန်းနဲ့ မြေဧက ၁၀၀ ကျော် ယူထားတဲ့ ကိစ္စပါ။ အဲဒါ ကတော့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း အပါအဝင် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း ၂၄ ဖွဲ့ကို အလားတူ ချပေး ထားတယ်လို့ ဦးဇော်ဌေးက ပြောထားပါတယ်။ အဲဒီ ၂၄ ဖွဲ့ထဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်နဲ့ ပါတီရုံးမြေနေရာ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့တို့ ပါဝင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ RFA သတင်းဌာနနဲ့ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်း စုကြည် အစီအစဉ်မှာ မြေကွက်နဲ့ ကားပါမစ်တွေ သူတို့ပါတီအနေနဲ့ မယူဘူးလို့ ပြောဆိုခဲ့ဖူးပါတယ်။
ပြည်သူနဲ့အတူဆိုတဲ့ NLD ပါတီရဲ့ ဆောင်ပုဒ်နဲ့ လွဲချော်နေပြီလို့ ဝေဖန်မှုတွေ ရှိနေတဲ့အပေါ် NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင် က ငြင်းလိုက်ပါတယ်။
"မြေကွက်ကိစ္စကို ဘာမှဂဃနဏ မသိဘူးနော်၊ ရန်ကုန်မှာနေတယ်ဆိုတော့ မသိပါဘူး၊ မြေကွက်ကိစ္စမှာ သိလည်းမသိဘူး၊ ပါလည်းမပါဘူး၊ NLD က အမြဲတမ်း ပြည်သူနဲ့အတူရှိနေတာချည်းပါပဲ၊ ပြည်သူနဲ့အတူ မရှိတဲ့လူတွေက လိုက်ပြောနေလို့ပါ၊ အဲဒါသိထားဖို့ပါပဲ။"
ပြည်သူလူထုတွေ ဆင်းရဲဒုက္ခရောက်နေချိန်မှာ မြေကွက်ယူတာဟာ နိုင်ငံရေး အစဉ်အလာမကောင်းတဲ့ အခွင့်ထူးခံစနစ်တွေကို လက်ဆင့်ကမ်း လုပ်သလိုဖြစ်နေတယ်လို့ ဝေဖန်သူတွေလည်းရှိပါတယ်။
NLD ပါတီကို မဲပေးခဲ့တာဟာ အခွင့်ထူးခံစနစ်တွေကို တိုက်ဖျက်စေချင်လို့ မဲပေးတယ်ဆိုတာကို မမေ့စေချင်ဘူးလို့ Yangon watch တည်ထောင်သူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါက်တာ ညိုညိုသင်းက ပြောပါတယ်။
"အခွင့်ထူးခံတဲ့စနစ်ကို တရားဝင်ဖြစ်အောင်လုပ်နေတယ်ဆိုရင် NLD ရဲ့ နိုင်ငံရေးအလားအလာက မကောင်း ဘူးပေါ့၊ အမြစ်တွယ်ပြီးတော့ ရှိနေတဲ့စနစ်ကို NLD လက်ထက်မှာ အန်တီတို့က အမြစ်ဖြတ်စေချင်တယ်၊ ဆက်ပြီးတော့ မသယ်ဆောင်စေချင်ဘူး၊ NLD ကို ပြည်သူလူထုမဲပေးတာဟာ ဒီလို့အခွင့်ထူးခံစနစ်တွေကို တိုက်ထုတ်ချင်လို့ ၊ နိုင်ငံရေးသမားတွေ အထူးသဖြင့် နိုင်ငံရေးခေါင်းဆောင်တွေက ပြည်သူနဲ့ တသားတည်း ရှိစေချင်လို့ မဲပေးခဲ့တယ်ဆိုတာ NLD ကို သတိရစေချင်တယ်။"
ပုဗ္ဗသီရီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်သစ်ကတော့ NLD အစိုးရဟာ အောက်ခြေကနေ အထက်အထိ အစိုးရဝန်ထမ်းတွေ ဘဝလုံခြုံရေးအတွက် မူဝါဒတွေအတိုင်း ဆောင်ရွက်တာလို့ ပြောပါတယ်။
"အစိုးရအဖွဲ့အစည်းဝင်တွေ၊ အစိုးရယန္တယားမှာ ပါဝင်တဲ့သူတွေအားလုံးကို ထိုက်သင့်တဲ့ ဘဝအာမခံချက် မျိုးကို ပေးဖို့က လက်ရှိအစိုးရမှာ မူဝါဒရှိတယ်၊ အစိုးရအဖွဲ့ဝင်တွေတင် ယူတာမဟုတ်ဘူး၊ အောက်ခြေအဆင့် အထိကို အငှားအိမ်ယာတွေရှိတယ်၊ တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ယာတွေရှိတယ်၊ မြေကွက်တွေရှိတယ် ဒါတွေကို နေပြည်တော်အပါအဝင် မြို့ကြီး တော်တော်များများမှာလည်း ဝန်ထမ်းတွေအတွက် စီစဉ်ဆောင် ရွက်နေတာတွေရှိတယ်၊ ဒါက အစိုးရရဲ့မူဝါဒကို အကောင်အထည်ဖော်တာဖြစ်တယ်။"
ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် NLD အစိုးရအဖွဲ့ဝင်တွေကို မြေဘယ်လောက်ပေးထား တယ်၊ ဘယ်ဈေးနဲ့ ပေးတယ်ဆိုတဲ့ အချက်အလက်တွေသိရဖို့ နေပြည်တော် စည်ပင်ကော်မတီဝင် ဦးမင်းသူနဲ့ ဦးတင်ထွန်း၊ ဒုမြို့တော်ဝန် ဦးရဲမင်းဦး တို့ကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းပေမယ့် မသိကြောင်း ငြင်းဆိုကြပြီး တချို့ကတော့ လက်ခံဖြေကြားတာ မရှိပါဘူး။
မြေနေရာ ရရှိတဲ့ အခွင့်အရေးဟာ NLD ပါတီအစိုးရလက်ထက်မှာသာမက အရင်အစိုးရအဆက်ဆက်မှာလည်း ရှိခဲ့တဲ့အတွက် မထူးဆန်းတဲ့ကိစ္စလို့ ယူဆသူတွေရှိပေမယ့် NLD ပါတီဟာ အစိုးရတာဝန်မယူခင် ပြောခဲ့တဲ့ ကတိစကားတွေနဲ့ မညီတော့တဲ့လုပ်ရပ်ဆိုပြီး ဝေဖန်ကန့်ကွက်ကြသူများနေတာဖြစ်ပါတယ်။