အာဏာသိမ်းပြီးနောက် နေအိမ် ခုနစ်သောင်းကျော် မီးရှို့ခံရ

စစ်အာဏာသိမ်းပြီးနောက် နေအိမ် ခုနစ်သောင်းကျော် မီးရှို့ခံရပြီး တစ်သောင်းနီးပါးက ဒီနှစ် မတ်လကနေ မေလကုန်အထိ သုံးလအတွင်း မီးလောင်ပျက်စီးခဲ့တာပါ။

မီးရှို့ဖျက်ဆီးခံရသည့် ဆူးတပ်ရွာမှနေအိမ်များအား ၂၀၂၃ ခုနှစ်၊ မေလ ၁၉ ရက်နေ့က တွေ့ရစဉ်။ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့

လက်နက်ကိုင်ခုခံမှုအားကောင်းတဲ့နယ်မြေတွေမှာ စစ်ကောင်စီတပ်က အရပ်သားနေအိမ် တွေ ကို မီးရှို့ဖျက်ဆီးတာတွေ ဆက်လုပ်နေတယ်လို့ Data For Myanmar အဖွဲ့က ဇွန်လ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

Data For Myanmar ရဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းပြီးနောက် နေအိမ် ၇၀,၃၂၄ လုံး မီးရှို့ခံရပြီး အဲ့ဒီထဲက နေအိမ် တစ်သောင်းနီးပါး (၉၈၆၅လုံး) က ဒီနှစ် မတ်လကနေ မေလကုန်အထိ သုံးလအတွင်း မီးလောင်ပျက်စီးခဲ့တာပါ။

စစ်ကိုင်းတိုင်းက အိမ်ပေါင်းငါးသောင်းကျော် (၅၃,၈၁၆ အိမ်) နဲ့ အများဆုံးမီးရှို့ခံရပြီး မကွေးတိုင်းက တစ်သောင်းကျော် (၁၀,၄၅၁ အိမ်) နဲ့ ချင်းပြည်နယ်က တစ်ထောင့်ခြောက်ရာကျော် (၁,၆၃၇ အိမ်) ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာလည်း မီးလောင်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

"ရွာမီးလောင်တယ်ဆိုမှတော့ ကျွဲနွားတိရစ္ဆာန်ပေါ့ တော်တော်များများကို ပျက်စီးပါတယ်ဗျ။ တစ်ဝက်လောက်က နေရာထိုင်ခင်းကို မဲ့ကုန်တာဗျ"

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ကံသစ်ရွာသားတစ်ဦးကတော့ သူတို့ရွာကို စစ်ကောင်စီတပ်က ဇွန်လ ၁၄ ရက်နေ့က ငါးကြိမ်မြောက် မီးရှို့ခဲ့တာလို့ ပြောပါတယ်။

“ဆုံးရှုံးမှုကတော့ ဆိုင်ကယ်တွေ၊ စပါးရိတ်စက်တွေ၊ အိမ်ထောင်ပရိဘောဂပေါ့ဗျာ ရွာမီးလောင်တယ်ဆိုမှတော့၊ ကျွဲနွားတိရစ္ဆာန်ပေါ့ တော်တော်များများကို ပျက်စီး ပါတယ်ဗျ။ တစ်ဝက်လောက်က နေရာထိုင်ခင်းကို မဲ့ကုန်တာဗျ။ တကယ်တမ်းပြောရ မယ်ဆို (ယာယီ) တဲလေး အဆင်ပြေအောင်ထိုးဖို့ရာကို ကျွန်တော်တို့ တော်တော်ကို လုံးပန်းနေရတယ်။ တချို့ကျတော့ လေးကြိမ်မြောက်ရှို့တဲ့မီးမှာ လောင်သွားတော့ ဟိုဟာ (စစ်ကောင်စီတပ်) တွေက ပြန်ဆောက်ဆဲ တဲတွေကိုပါ ပြန်ရှို့သွားတာ။ နှစ်ခါပြန်ရှို့ခံရတဲ့လူတွေကို ရှိတယ်”

ကံသစ်ရွာမှာ နေအိမ် ၅၃၀ ရှိပါတယ်။ အဲ့ဒီရွာကို ၂၀၂၂ ခုနှစ် ဇွန်လ၊ နိုဝင်ဘာလ၊ ၂၀၂၃ ခုနှစ် မေလမှာ တစ်ကြိမ်စီ မီးရှို့ခဲ့ပြီး ယခု ဇွန်လ ၄ ရက်နေ့ နဲ့ ဇွန်လ ၁၄ ရက်နေ့တွေမှာ ထပ်မံမီးရှို့ခဲ့တာကြောင့် နေအိမ် ၁၄၇ သာ ကျန်တော့တယ်လို့ သူက ပြောပါတယ်။

ခင်ဦးမြို့နယ်ထဲက နေအိမ်မီးရှို့မှုတွေကို စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ (၇၀၁) နဲ့ ခြေမြန်တပ်ရင်း ခမရ (၃၆၁) တို့က ကျူးလွန်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်မှာတော့ ဇွန်လ ၉ ရက်က စစ်ကောင်စီရဲ့ ညောင်ပင်ကြီးစခန်းကို ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်တွေက ဝင်ရောက်စီးနင်းတာခံရပြီးနောက် စစ်ကောင်စီတပ်က ညောင်ပင်ကြီး ကျေးရွာအုပ်စုကို  မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

မီးရှို့ဖျက်ဆီးခံလိုက်ရတာကြောင့် ဒေသခံတွေဟာ အရေးပေါ်အကူအညီ လိုအပ်နေတယ် လို့ ဒုက္ခသည်အရေး ကူညီပေးနေတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

 “အခုမီးကတော့ဗျာ ဒီဘက်မှာ ဆက်တိုက်ရှို့နေတာ။ အာဏာသိမ်းပြီးကတည်းက (ညောင်ပင်ကြီး ကျေးရွာအုပ်စုက) ပထမဆုံးအကြိမ်လောင်တာ၊ ပထမဆုံးအကြိမ် လောင်တာကို ဒီနေ့နဲ့ဆို ခုနစ်ရက် ဆက်တိုက် ရှို့တော့ အိမ်ခြေ  ၂၀၀ ဝန်းကျင်လောက် ပါသွားပြီပြောတယ်။ အခုလောလောဆယ် နယ်မြေမငြိမ်သေးတော့ ကျွန်တော်တို့က ထမင်းကျွေးတာလောက်ပဲ လုပ်ပေးနိုင်သေးတာ။ နောက်ထပ်လုပ်ဖို့တော့ စီစဉ်နေတယ်။ ဒါပေမဲ့ အင်အားကလည်း များတယ်ဗျာ။ ထမင်းကျွေးတာနဲ့တင် ဘယ်လိုပြောရမလဲ ကျွန်တော်တို့အတွက် နည်းနည်းလေး အခက်အခဲတွေ တွေ့ရတယ်ဗျာ”

ညောင်ပင်ကြီးကျေးရွာအုပ်စုက ကျေးရွာခုနစ်ရွာနဲ့ အနီးနား ရွာနှစ်ရွာတို့က ဒေသခံ သုံးထောင်ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မီးရှို့ဖျက်ဆီးခံရသည့် ခင်ဦးမြို့နယ် ကံသစ်ရွာအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

အလားတူ စစ်ကောင်စီတပ်ဟာ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို မေလ ၂၆ ရက်ကနေ  ၂၈ ရက်နေ့အတွင်း နယ်မြေရှင်းလင်းရေးလုပ်ခဲ့ပြီး ကျေးရွာ ၂၇ ရွာက နေအိမ် ၆၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကိုယ်တိုင်နေအိမ်ဆုံးရှုံးခဲ့တဲ့ ဒေသခံ ကိုချမ်းက ပြောပါတယ်။

“ဆုံးရှုံးရတာက လေးပင်၊ ခြောက်ပင် ဇောင်း (အဆောက်အအုံ) ပါတယ်။ အဲဒါက ပျဉ်ထောင်ပျဉ်ခင်း တစ်လုံးပါတယ်။ သုံးပင်ပတ်လည် ပဲမှော်တိုက်ပါတယ်။ နောက်ပြီး ဇောင်းတစ်ဇောင်းပါတယ်။ ပြီးတော့ ရေစက်ပါတယ်။ ကျွန်တော်တို့ ကောက်ပဲသီးနှံ အဲဒီထဲမှာ လာမယ့်ဆောင်းမှာချမယ့် မျိုးစေ့မျိုးဆန်တွေ အကုန်ပါတယ်။ ဗီရိုနှစ်လုံး ပါတယ်။ ခုတင်လေးလုံးပါတယ်။ အဲဒါအကုန်ပေါ့။ မြင်တွေ့ရတာက အကုန်လုံးကတော့ ပြာပုံချည်းပေါ့”

သူ့တို့ရွာကို PDF နဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က မီးရှို့ခဲ့တာလို့ သူက ပြောပါတယ်။

လက်ရှိမှာလည်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်ဖွဲ့တွေက ပိတ်ဆို့ထားတာကြောင့် တခြားဒေသတွေကို ထွက်ပြေးတိမ်းရှောင်လို့မရဘဲ ရေလယ်ကျွန်းမှာပဲ လှည့်လည်တိမ်းရှောင်နေရတယ်လို့ ကိုချမ်းက ပြောပါတယ်။

ရေလယ်ကျွန်းပေါ်က မီးရှို့မှုတွေမှာ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ (၂၅၈) လည်းပါဝင်တယ်လို့ ဒေသခံက ပြောပါတယ်။

နေအိမ်မီးရှို့မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းနေပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ သူ့ရဲ့တပ်ဖွဲ့ဝင်တွေဟာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာမရှိဘူးလို့ ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်းက ပြောဆိုခဲ့ဖူးပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ဇွန်လ ၁၄ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း အရပ်သားနေအိမ် နဲ့ အဆောက်အအုံ ခြောက်သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အရပ်သား ၁ ဒသမ ၅ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။  

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org