လူနေထူထပ်တဲ့နေရာတွေမှာ ခပ်ခွာခွာနေထိုင်ဖို့ ခက်ခဲနေ
2020.04.17
ကျန်းမာရေးဌာနက ကိုရိုနာဗိုင်းရပ်စ်ပိုးမကူးစက်အောင် တစ်ယောက်နဲ့ တစ်ယောက် အနည်းဆုံး သုံးပေကနေ ခြောက်ပေအကွာနေရမယ်လို့ ညွန်ကြားထားပေမယ်လည်း တစ်အိမ်နဲ့တစ်အိမ် ပူးကပ်နေတဲ့မြို့နယ်တွေက ပြည်သူတွေမှာတော့ လူအများနဲ့ ခပ်ခွာခွာနေထိုင်ဖို့ အခက်အခဲတွေရှိနေကြပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း များလာတဲ့အထဲ ရန်ကုန်တိုင်းဒေသကြီးက အများဆုံးပါ။
ဒီအထဲမှာ အလုပ်ရုံနဲ့ အလုပ်သမားတွေများတဲ့အပြင် အိမ်ခြေထူထပ်ပြီး လူဦးရေများတဲ့ လှိုင်သာယာမြို့နယ်ထဲက ပြည်သူတွေကတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှာကို ကြောက်ပေမယ့်လည်း လူအများနဲ့ ခပ်ခွာခွာနေထိုင်လို့ မရကြပါဘူး။
လှိုင်သာယာမြို့နယ် အလယ်ရွာ နှင်းဆီလမ်းမှာနေတဲ့ ဦးအောင်ကျော်စိုးက ဒီလိုပဲနေနေရတဲ့ဘဝတွေဖြစ်လို့ ဂရုတစိုက်နေတဲ့ကြားက ဖြစ်လာတော့လည်း မတတ်နိုင်ဘူးလို့ RFA ကိုပြောပါတယ်။
"ကိုယ့်ဟာကိုယ်ပဲ အခန်းထဲပဲနေရတာပဲ၊ မနက်ပိုင်းလေး ဈေးခဏထွက်ဝယ်စား၊ စားပြီး နေ့ခင်းပိုင်းလေး ကိုယ့်အခန်းထဲကိုယ် ကိုယ့်ညီအကိုမောင်နှမတွေနဲ့နေရတာပဲ၊ ဒီထက်လည်းပိုပြီးတော့ မကာကွယ်နိုင်ဘူး၊ ထိရောက်တဲ့ကာကွယ်မှုတွေလည်း လာရောက်ပေးဆောင်တာလည်းမရှိပါဘူး၊ ကြောက်တယ်၊ ဒါပေမဲ့လည်း ဒီလိုပဲနေနေရတဲ့ဘဝဆိုတော့လည်း ဒီလိုပဲနေရမှာပဲ၊ ဖြစ်လာတော့လည်း အကုန်လုံးတပြုံကြီးပေါ့၊ ဒါပဲရှိတာပဲ။"
ဒေသအသီးသီးကနေ ရန်ကုန်မြို့က စက်ရုံတွေမှာ အလုပ်လာလုပ်ကြရင်း ဆယ်ပေပတ်လည်အခန်းနဲ့ အဆောင် တွေမှာ နေကြရသူတွေလည်း သိန်းနဲ့ချီရှိပါတယ်။
နီးနီးကပ်ကပ်နေရတာ စိုးရိမ်ပေမယ့်လည်း ကြည့်နေရတယ်လို့ ဧရာဝတီတိုင်း မြန်အောင်မြို့ကနေ အလုပ်လာ လုပ်နေတဲ့ ဒေါ်အေးအေးဝင်း က ပြောပါတယ်။
"စိုးရိမ်တာပေါ့၊ စိုးရိမ်တယ်ဆိုပေမယ့်လည်း ကျွန်မတို့က နယ်ကလာတဲ့သူတွေဆိုတော့ ကိုယ်အဆောင်မှာပဲ ကိုယ်နေရတာပေါ့၊ မနက်ပိုင်းဈေးထွက်ဝယ်တယ် အိမ်မှာတနေကုန်ချက်ပြုတ်စားတယ်၊ လက်ကတော့ တစ်နေ့ကို သုံးလေးကြိမ်လောက်တော့ ဆေးတယ်ပေါ့၊ စိုးရိမ်တာပေါ့ ဒါပေမဲ့ ဒီလိုပဲ သူငယ်ချင်းတွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ဒီလိုပဲကြည့်နေကြရတာပေါ့၊ အခုထိုင်နေတဲ့သူတွေကတော့ မိသားစုပါ။"
သူနေတဲ့ရွှေလင်ဗန်းစက်မှုဇုံအနီး ရွှေပြည်သာတံတားအဆင်း အလယ်ရွာက အဆောင်တွေဟာ အခန်းတစ်ခုနဲ့ တစ်ခု တစ်ပေတောင်မခြားသလို အဆောင်တစ်ခုနဲ့တစ်ခုလည်း ကပ်နေတာပါ။
ဗိုင်းရပ်စ်ကူးမှာ မကြောက်တဲ့သူတွေလည်းရှိပါတယ်။
ဧရာဝတီတိုင်း ဖျာပုံမြို့ကနေ လှိုင်သာယာမြို့နယ် ကျန်စစ်သားလမ်းမကြီးပေါ်က ကျူးကျော်တဲတစ်တဲမှာ လာရောက်နေထိုင်နေတဲ့ မဇင်မာဦးကတော့ သူ့အိမ်နီးချင်းတွေဆီက ရောဂါလုံးဝကူးမှာမဟုတ်ဘူးလို့ ယုံကြည် ပါတယ်။
"ကိုယ့်နားက ကိုယ့်လူတွေတော့ မကြောက်ပါဘူး၊ ဒီဟာတွေကနေတာကြာပီလေ၊ ကိုယ့်နားကိုယ့်လူတွေ မကြောက်ဘူး သူတို့လည်းဘယ်မှသွားတာမဟုတ်ဘူး၊ စပြီးမဖြစ်ခင်ကတည်းက ဒီလိုပဲနေနေကြတာပဲ၊ အဲလို တော့မရှိပါဘူး၊ အဝေးကလူဆိုရင်တော့ကြောက်တယ်၊ အဝေးဆိုရင်တော့ကြောက်တယ်၊ ဒီနားနေတာတော့ မကြောက်ပါဘူး။"
မဇင်မာဦးရဲ့ယုံကြည်မှုကို ပိုပြီးခိုင်မာစေသူကကတော့ သူ့ရဲ့အိမ်နီးချင်းဖြစ်တဲ့ ကိုသက်ပါ။
သူဟာ မြန်မာနိုင်ငံက ထွက်တဲ့အသီးအနှံပဲ စားသုံးပြီးတော့ လေကောင်းလေသန့်ရှူနေရတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ပိုး လုံးဝကူးမှာမဟုတ်ဘူးလို့ ယုံကြည်တဲ့သူပါ။
"မကြောက်ပါဘူး၊ မကြောက်ဘူးဆိုတာ ဘာဖြစ်လို့လဲသိလား ကျွန်တော်တို့ဟာ မြန်မာနိုင်ငံသားဖြစ်တဲ့အတွက် စားသောက်ကုန်ပစ္စည်းက မြန်မာနိုင်ငံကထွက်တဲ့ဟာပဲစားတယ်၊ တရုတ်ပြည်ကလာတဲ့ဟာတွေကို မစားဘူး၊ မစိုးရိမ်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ တစ်သက်လုံးနေလာတော့ လေကောင်းလေသန့်ရှုရတယ်၊ အခုပဲလောတိုက်နေတယ်လေ၊ လေကောင်းလေသန့်ရှူရတယ်၊ သဘာဝအသီးအနှံကိုစားသုံးတယ်၊ အဲတာကြောင့် ဒီရောဂါပိုးဟာ ကျွန်တော်တို့ဆီကိုမကူးဘူးလို့ ကျွန်တော်ပြောတာ။"
လှိုင်သာယာမြို့နယ် ဆင်ခြေဖုံးရပ်ကွက်ထဲမှာ နေတဲ့သူတွေကလည်း စားဝတ်နေရေးအတွက်ရော စိုးရိမ်မှုနည်းတာကြောင့်ရော ပုံမှန်အတိုင်း သွားလာနေကြဆဲပါ။
လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွက် ဝိဇ္ဇာညီနောင်လမ်းမှာနေတဲ့ ကိုအောင်နိုင် ကတော့ သူ့ရပ်ကွက်ထဲမှာ ပုံမှန်အတိုင်းသွားလာနေကြဆဲဖြစ်လို့ စိုးရိမ်တယ်လို့ ပြောပါတယ်။
"ကူးနိုင်တာပေါ့ ကျွန်တော်တို့ဒီဘက်က ဆင်ခြေဖုံးတွေဆိုတော့ ပိုဆိုးတာပေါ့၊ အသွားအလာတွေက ကျဲသွား တယ်ဆိုပေမယ့် သွားနေကြတာပဲလေ မရှိတဲ့လူတန်းစားဆိုတော့ သွားနေကြတာပဲဆိုတော့ စိုးရိမ်ရတာပေါ့၊ ဒါနေ့ခင်းပိုင်းဆိုနည်းနည်းတော်သေး မနက်ပိုင်းနဲ့ညနေပိုင်းကတော့ ပုံမှန်လိုပါပဲ သွားလာနေကြတာပဲ၊ ကျွန်တော်တို့ရပ်ကွက်အတွင်းတွေပေါ့လေ၊ အခြားရပ်ကွက်တော့မသိဘူး၊ ကိုယ်တစ်ယောက်ကူးရင် အိမ်သား တွေအားလုံးကူးမှာလေဆိုတော့ ဘာပဲဖြစ်ဖြစ် စိုးရိမ်တာပေါ့။"
အိမ်ခြေစိပ်တဲ့ရပ်ကွက်ထဲနေပေမယ့် ကိုယ့်အိမ်မှာပဲကိုယ်နေသလို ဆိုင်မှာလည်း ၃ ပေအကွာက ကြိုးတားထားတာကတော့ ကိုနန္ဒပါ။
"ကြောက်နေလည်း ကိုယ့်အိမ်ထဲမှာပဲကိုယ်နေပြီးတော့ သီးသန့်နေကြတာပဲ၊ သွားလာပြီးတော့မနေဘူး၊ သူ့အိမ်ကိုယ့်အိမ်ကူးပြီးတော့ မနေဘူး၊ ကျွန်တော်တော့စည်းတားထားတယ် ဈေးရောင်းရင် ဒီစည်းတော့ မကျော်ဘူးပေါ့။"
လှိုင်သာယာမြို့နယ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူရှိနေပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက ဗိုင်းရပ်စ်မကူးစက်အောင် ပြည်သူတွေလိုက်နာဖို့အချက်တွေဖြစ်တဲ့ တစ်ယောက်နဲ့ တစ်ယောက် အနည်းဆုံး ၃ ပေအကွာမှာနေဖို့၊ မလိုအပ်ပဲ အပြင်မသွားဖို့၊ မဖြစ်မနေသွားခဲ့ရင်လည်း နှာခေါင်း စည်းတပ်ဖို့နဲ့ ပွဲလမ်းသဘင်တွေမလုပ်ဖို့ စတာတွေကို ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ စက်ရုံအလုပ်သမားတွေအပါအဝင် လူဦးရေ ၁၀ သိန်းကျော်ရှိတဲ့ လှိုင်သာယာမြို့နယ်နဲ့ အလားတူအခြားမြို့နယ်တွေမှာတော့ တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး ၃ ပေကနေ ၆ ပေအကွာမှာနေကြဖို့ ဆိုတဲ့အချက်ကိုလိုက်နာရေးက ဆက်လက်ခက်ခဲနေဦးမှာဖြစ်ပါတယ်။