ရန်ကုန်မှာ ကိုရိုနာသံသယရှိသူတွေ စောင့်ကြည့်ရေးစခန်းဖွင့်ဖို့ အခက်တွေ့နေ
2020.03.12
တရုတ်ပြည်က စတင်ဖြစ်ပွားပျံ့နှံ့လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူဟာ မတ်လဒုတိယပတ်ထိ ကမ္ဘာတဝှမ်းမှာ လူပေါင်း ၁ သိန်း ၃ သောင်းနီးပါးနဲ့ သေဆုံးသူက ၄၆၀၀ ကျော်သွားပါပြီ။ ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံအားလုံး အထူးစီမံချက်တွေနဲ့ ကာကွယ် ကုသရင်ဆိုင်နေကြပါတယ်။
ကူးစက်နှုန်းကလည်း နာရီပိုင်းအတွင်း တရိပ်ရိပ်တက်လာတာကြောင့် ကမ္ဘာ့နိုင်ငံအတော်များများမှာ ရောဂါပိုးကူးစက်သူတွေနဲ့ လုပ်ငန်းခွင်အတွင်း ဆက်စပ်ပတ်သက်သူမှန်သမျှကို နေအိမ်တွေ ဒါမှမဟုတ် သီးသန့်ခွဲထားစောင့်ကြည့်ရေးစခန်းတွေမှာ ခြေချုပ်နေဖို့ ညွှန်ကြားရတာတွေလည်း ဆက်တိုက်ဖြစ်လာပါတယ်။
မြန်မာနိုင်ငံမှာလည်း ရောဂါပိုးရှိသူတွေကို စောင့်ကြည့်ဖို့၊ ပိုးကူးစက်ခံရသူတွေနဲ့ နီးစပ်ထိတွေ့ခဲ့သူတွေကို ခြေချုပ်ထားစောင့်ကြည့်ဖို့ သီးသန့်ခွဲထားစောင့်ကြည့်ရေးစခန်းတွေကို ကျန်းမာရေးဝန်ကြီးဌာနက ပြင်ဆင်နေပါ တယ်။ ဒါပေမယ့် ဒေသခံတချို့က သူတို့နယ်မြေတွေမှာ အဲဒီစခန်းတွေထားမှာကို ကန့်ကွက်ဖို့ပြင်ဆင်နေကြတဲ့အတွက် အခက်အခဲတွေတွေ့နေရတယ်လို့ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောပါတယ်။
"တယောက်နဲ့တယောက်က ၆ ပေလောက်ကွာရင်ကို မကူးနိုင်တော့ပါဘူး။ လေထဲက ကူးတယ်ဆိုတာလည်း မဟုတ်ပါဘူး။ သံသယရှိသူတွေကို ဝေဘာဂီဆေးရုံမှာ designated hospital သတ်မှတ်ပြီး hospital quarantine ထားတာပေါ့လေ။ နောက်တခါ များလာရင်ဆိုပြီး တောင်ဥက္ကလာ အမျိုးသမီးနဲ့ ကလေးဆေးရုံ၊ ထပ်ပြီးများလာရင် မှန်းတဲ့အခါကျတော့ လှည်းကူးကွင်းဆင်းသင်တန်းကျောင်း၊ နောက် မြောက်ဒဂုံခန်းမ၊ တောင်ဒဂုံဆိုရင်လည်း ၁၀၀ လောက်ထားနိုင်တယ်။ ဒဂုံဆိပ်ကမ်းဆိုရင်လည်း ၁၀၀ လောက်၊ နောက် သိမ်ဖြူကွင်းမှာထားဖို့ လျာထားချက်ရှိပါတယ်။ ဒီအတွက် ပြင်ဆင်ကြရတော့မှာပါ"
ရောဂါမကူးစက်ရအောင် နေဖို့ရာမှာ သံသယရှိသူတွေကို သီးခြားခွဲခြားထားဖို့ဟာ အလွန်အရေးကြီးပါတယ်။ ဘယ်လိုအရေးကြီးသလဲဆိုတာ ဒေါက်တာထွန်းမြင့်က ခုလိုပြောပါတယ်။
"Quarantine လုပ်တဲ့နေရာကနေ တခြားပြည်သူလူထုကို ကူးဖို့အကြောင်းလည်း မရှိပါဘူး။ မလုပ်ထားရင်သာ မသိဘဲလျှောက်သွားနေရင် ပြည်သူလူထုကိုကူးမယ်။ သူ့မိသားစုကိုကူးမယ်။ သူ့ကျန်းမာရေး တခုခုအကြောင်းကြောင့် ဖြစ်လာရင် ကျနော်တို့က ချက်ချင်းမကုသနိုင်ဘူး။ ဒီလိုအခြေအနေတွေရှိမှာပါ။ ဒါကြောင့် quarantine လုပ်ခြင်းကို ပြည်သူလူထုတရပ်လုံးက ဝိုင်းပြီး ကျနော်တို့ ကျန်းမာရေးဌာနနဲ့အတူလက်တွဲပြီး ဒီ Covid-19 ရောဂါကို ဝိုင်းဝန်းကာကွယ်ပေးကြဖို့ ကျနော်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်"
ပုံမှန်အားဖြင့်လည်း လူတွေဟာ ဘေးအကြပ်အတည်းကြုံရတဲ့အခါ စိတ်ဖိစီးရှုပ်ထွေးတာ၊ ဝမ်းနည်းတာ၊ ကြောက်လန့်တာ ဒါမှမဟုတ် အလွယ်တကူ စိတ်ဆိုးဒေါသထွက်တတ်တာဟာ ပုံမှန်ဖြစ်လေ့ရှိပါတယ်။ အခုလို တကမ္ဘာလုံး အုတ်အော်သောင်းနင်းဖြစ်နေတဲ့ ကပ်ရောဂါကြီးတခုအတွက် စိတ်ဖိစီးမှုကတော့ အားလုံးထက် ပိုမယ်ထင်ပါတယ်။ ခြေချုပ်နေရသူတွေကလည်း ငါ့ကိုများရောဂါကူးလာမလားဆိုတဲ့ စိုးရိမ်စိတ်၊ မနေရသူတွေကလည်း တံခါးလက်ကိုင်ဘုကလေး လှည့်ဖွင့်မိရင်တောင် ကူးသွားနိုင်တဲ့အနေအထားမို့ ဘယ်နေ့မှာ ဘယ် နေရာက ဘယ်လိုကူးလာမလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့နေနေကြရတာ အင်မတန်ဖိစီးလှပါတယ်။
အဲဒီလိုလူတွေ ခံစားနေရတဲ့ စိတ်ဖိစီးမှုကို ကျော်လွှားရင်ဆိုင်ဖို့ နည်းလမ်းတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ထုတ်ပြန်ထားပါတယ်။ အဲဒီထဲက အဓိကကျတဲ့အချက်ကို စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ဆန်းလင်း အခုလို ပြောပြပါတယ်။
"Quarantine လုပ်ထားလို့ အိမ်ထဲမှာပဲနေရမယ်ဆိုရင် ကျန်းမာရေးနဲ့အညီ လူနေမှုပုံစံနဲ့ နေထိုင်ရပါမယ်။ အစားမှန်မှန်စားမယ်။ အချိန်မှန်မှန်အိပ်မယ်။ လေ့ကျင့်ခန်းတွေဘာတွေ ပုံမှန်လုပ်ပေးရမယ်။ မိမိချစ်ရတဲ့ သူတွေ၊ တခြားမိသားစုတွေ မိတ်ဆွေတွေနဲ့ ဖုန်းတွေ အီးမေးလ်တွေ မက်ဆင်ဂျာတွေနဲ့ ဆက်သွယ်တာ ပုံမှန်ပြုလုပ်ပေးရမယ်။ စိတ်ခံစားမှုတွေ၊ ဖိစီးမှုတွေပျောက်ဖို့ ဆေးလိပ်တွေ ပိုသောက်လာတာ၊ အရက်တွေ တခြားမူးယစ်ဆေးဝါးတွေသုံးစွဲတာ ဒါတွေမလုပ်ပါနဲ့။ စိတ်ထိခိုက်နေရင် ကျန်းမာရေးဝန်ထမ်း ဒါမှမဟုတ် နှစ်သိမ့်ဆွေးနွေးသူများနဲ့ စကားပြောပေးပါ။ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ တကယ်လို့လိုအပ်လာရင် ဘယ်သူတွေနဲ့ ဆက်သွယ်မယ်၊ ဘယ်သွားမယ်ဆိုတာတွေကို အစီအစဉ်ရေးဆွဲထားရမယ်"
သင့်တော်တဲ့ ကြိုတင်သတိပြုမှုတွေ ဆောင်ရွက်နိုင်အောင် ဘေးအန္တရာယ်ရဲ့ အတိုင်းအတာပမာဏကို အတိအကျ သတ်မှတ်နိုင်တဲ့ သတင်းအချက်အလက်တွေကို စုဆောင်းဖို့လည်း WHO က ညွှန်ကြားထားပါသေးတယ်။
ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကြောက်စရာကောင်းတဲ့ အရှိန်အဟုန်နဲ့ ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၉၅ နိုင်ငံရှိတဲ့အထဲက ၁၁၈ နိုင်ငံမှာ ကူးစက်နေပါပြီ။ ဒီလို အခြေအနေမျိုးမှာ လူထုအနေနဲ့ ကျန်းမာရေး အသိအပြည့်နဲ့ ခုခံရင်ဆိုင်ကြရင်းကပဲ ဘဝမှာ အရင်ကြုံတွေ့ခဲ့ရဖူးတဲ့ အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အသုံးတည့်ခဲ့တဲ့ စွမ်းရည်နဲ့ စိတ်အင်အားတွေကို ပြန်လည် ဆင်ခြင်သုံးသပ်ပြီး အခုဖြစ်ပွားနေတဲ့ ရောဂန္တရကပ်ရဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ထိန်းကျောင်းရင်ဆိုင်ကြဖို့ WHO ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။