တိုက်ပွဲဖြစ်တဲ့ ဒေသတွေမှာ ရိက္ခာရှားပါးမှုကြောင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးများလာ
2025.01.31

တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်က တင်းကျပ်ပိတ်ဆို့တဲအတွက် စားနပ်ရိက္ခာတွေ ရှားပါးလာပြီး စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ ဖူလုံရေးဟာ အဓိကစိန်ခေါ်မှု ဖြစ်နေပါတယ်။
ဒါကြောင့် စစ်ဘေးဒုက္ခသည်တွေဟာ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ပိုအားစိုက်လာပြီး နေ့စဥ် စားသောက်ရေးကို ဖြေရှင်းနေကြရတယ်လို့ ပြောပါတယ်။
“ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်တာကြောင့် ဆန်စပါးကစပြီး သီးနှံတွေအထိ စိုက်ပျိုးမှုများလာပါတယ်”
ကယားပြည်နယ် (ကရင်နီပြည်) နဲ့ တနင်္သာရီတိုင်းက ဒေသခံတွေဟာ ကုန်စည်သယ်ယူလို့ မရတာနဲ့ ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်တာကြောင့် ဆန်စပါးကစပြီး သီးနှံတွေအထိ စိုက်ပျိုးမှုများလာတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဂိတ်စခန်းတွေက တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာကြောင့် ဒေသတွင်းမှာပဲ ဆန်စိုက်ပျိုးပြီး လိုအပ်ချက်ကို ဖြည့်နေရတယ်လို့ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ စပါးနည်းနည်း ပြန်စိုက်လိုက်နိုင်တယ် အခုမိုးတွင်းမှာ။ အပေါ်က (ရန်ကုန်) ဆန်သယ်လို့ မရဘူး။ ရွာက ထွက်တဲ့စပါးပဲ၊ စားနေကြတယ်။ ကျွန်တော်တို့ကတော့ နယ်မြေအေးရင်တော့ စိုက်ကြတာပေါ့။ သူတို့ ဝင်လာတယ်ဆိုရင် ပြေးကြတာပေါ့။ ဒီနှစ်တော့ ကံကောင်းတယ်။ ကျွန်တော်တို့ စပါးသိမ်းတဲ့အချိန် သူတို့ မလာဘူး။ မလာတဲ့အတွက် ကျွန်တော်တို့ ဝမ်းစာနည်းနည်းရကြတယ်”
ကုန်ဈေးနှုန်းမြင့်နေချိန် အခြေခံစားသောက်ကုန် သယ်ယူခွင့်ကို စစ်ကောင်စီဘက်က ကန့်သတ်လိုက်တာကြောင့် ဈေးတွေလည်း အဆမတန် မြင့်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
မိသားစု ဝမ်းရေးအတွက် အသီးအနှံတွေအကစ တစ်နိုင်တစ်ပိုင် စိုက်ပျိုးမှု များလာကြတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ကော်မတီဝင် ကိုမင်းလွင်ဦးက RFA ကို ပြောပါတယ်။
“အရင်ကဆို ကျွန်တော်တို့ဆီမှာ ချဥ်ပေါင်ရွက်တောင် မဝယ်စားကြဘူး။ ဈေးမှာပဲ ဝယ်ကြတယ်။ အခုဆိုရင် ကိုယ့်အိမ်ကစားတဲ့ ချဥ်ပေါင်ရွက်ကို ကိုယ်တိုင် စိုက်တယ်ဆိုတာတွေ ဖြစ်လာတာပေါ့။ မိသားစု ဝမ်းစာအတွက် အသီးအနှံတွေ တစ်နိုင်တစ်ပိုင် စိုက်တာတော့ ပိုများလာတယ်ပေါ့ဗျာ။ ငရုတ်သီးတောင်မှ ဈေးမှာ မဝယ်တော့ဘဲနဲ့ ကိုယ့်အိမ်မှာ တစ်ပင်လောက် စိုက်ထားတယ်ဆိုရင် အဲဒါကို ခူးစားမယ်ဆိုတာတွေ ဖြစ်လာတာပေါ့။ အခြေခံ စီးပွားရေး အကျပ်အတည်းကြောင့်ရယ် အထွေထွေ ကန့်သတ်ချက်တွေကြောင့်ရယ် ဒါမျိုးတွေ ဖြစ်လာတယ်လို့ ကျွန်တော်က မြင်တယ်ဗျ”
ဒါပေမဲ့ မြေမြှုပ်မိုင်း အန္တရာယ်ကြောင့် တိုက်ပွဲဖြစ်ဖူးတဲ့ ဒေသတွေက ဥယျာဉ်၊ ခြံနဲ့လယ်တွေကို ဒေသခံတွေ မသွားရဲတော့သလို တိုက်ပွဲ ဘယ်အချိန်ဖြစ်မယ်ဆိုတာ မသိတာကြောင့် စိတ်ချလက်ချ စိုက်ပျိုးလို့မရဘူးလို့ ဆိုပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi ရဲ့ ဇန်နဝါရီ ၁၅ ရက်နေ့စာရင်းအရ တနင်္သာရီတိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ခြောက်သောင်းခွဲကျော် (၆၅,၈၀၀ ဦး) ရှိပါတယ်။
“စစ်ဘေးဒုက္ခသည်တွေဟာ နေရပ်မပြန်နိုင်တာ သုံးနှစ်ကျော်လာပြီး အချိန်ကြာလာတာနဲ့အမျှ အခက်အခဲတွေ ပိုတိုးလာပါတယ်”
ကယားပြည်နယ်မှာလည်း ကုန်စည်စီးဆင်းမှု ပိတ်ဆို့ခံထားရသလို စပါးအဓိကစိုက်ပျိုးတဲ့ မိုးဗြဲမြို့နယ် အပါအဝင် တချို့ကျေးရွာတွေမှာ တိုက်ပွဲဖြစ်နေတာကြောင့် စိုက်ပျိုးလို့ မရတော့ဘဲ ဆန်ရိက္ခာ မလုံလောက်မှု ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကယားပြည်နယ်ထဲမှာရှိတဲ့ ဒေသအချို့က စစ်ဘေးဒုက္ခသည်တွေဟာ နေရပ်မပြန်နိုင်တာ သုံးနှစ်ကျော်လာပြီး အချိန်ကြာလာတာနဲ့အမျှ အခက်အခဲတွေ ပိုတိုးလာတယ်လို့ ဆိုပါတယ်။
ကယားပြည်နယ်မှာ ကာလရှည် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ သုံးသိန်းခွဲခန့်ရှိပြီး အများစုဟာ ရှားတော၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့နဲ့ ဖယ်ခုံ မြို့နယ်အပြင် တခြားဒေသတွေနဲ့ ထိုင်းနယ်စပ်မှာ ခိုလှုံနေကြတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာနက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာမှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
၂၀၂၅ ခုနှစ်ထဲမှာ အဲဒီစစ်ဘေးဒုက္ခသည် သုံးသိန်းခွဲအတွက် စားနပ်ရိက္ခာနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကိုဖြည့်ဖို့ ပြဿနာ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
ကယားပြည်နယ်ထဲမှာ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်နိုင်အောင် ကူညီနေတယ်လို့ ကရင်နီ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“အဲဒီလို ကူညီပေးတာမျိုးလည်း အများကြီး cover မပေးနိုင်ပေမဲ့လည်း အလိုအပ်ဆုံးနေရာတွေမှာတော့ ခဏတဖြုတ်တော့ ဖြေရှင်းချက်လေးတွေ ရှိတာပေါ့နော်။ ဘယ်အချိန်ထိ အတိုင်းအတာထိ ဖြေရှင်းလို့ရလဲ ဆိုတာမျိုးကတော့ အဖြေကတော့ မရှိသေးဘူးပေါ့နော်။ အထူးသဖြင့် ကုန်စိမ်းကုန်ခြောက်တွေကို ကျွန်တော်တို့ တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ဖို့လည်း အားပေးမှုတွေ ရှိတာပေါ့”
ဆန်စပါးနဲ့ ရိက္ခာတွေကို ပြင်ပမထွက်အောင် တိုက်တွန်းလုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားက RFA ကို ပြောပါတယ်။
“ဆန်စပါးတွေကို ကျွန်တော်တို့ပြည်နယ် ပြင်ပကို ထွက်ခွင့်ပိတ်ထားတယ်။ အဓိက ပြည်နယ်အတွင်းမှာ စိုက်ပျိုးတဲ့ ဆန်စပါးက ရာခိုင်နှုန်းအားဖြင့်ကြည့်ရင် နေ့စဥ်လိုအပ်ချက်အတွက် မပြည့်ဝဘူး။ အဲဒီအတွက်ကြောင့် အတတ်နိုင်ဆုံး အပြင်မထွက်အောင် လုပ်ရတယ်”
ဒါ့အပြင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ IEC တို့ပေါင်းပြီး စိုက်ပျိုးလို့ ဖြစ်နိုင်ခြေရှိတဲ့ မြေဧရိယာတွေ ရှာဖွေစိစစ်တာအပြင် စစ်ရေးအခြေအနေကိုကြည့်ပြီး ကူညီပံ့ပိုးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
စိုက်ပျိုးတောင်သူတွေအနေနဲ့ စစ်ကြောင်းထိုးလာလို့ ထွက်ပြေးရချိန် စစ်ကောင်စီတပ်က စပါးတွေ ယူသွားတာ ရှိသလို ရာသီဥတုကြောင့် ပျက်စီးတာတွေပါ ရှိတာကြောင့် ဆုံးရှုံးမှုတွေရှိနေဆဲလို့ ကိုဗညားက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
စစ်ဘေးဒုက္ခသည် ကလေးငယ်တွေ အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရ
အမေရိကန်ရဲ့ အကူအညီဆိုင်းငံ့မှု မြန်မာဒုက္ခသည်တွေ ထိခိုက်
ရေဘေးသင့်တောင်သူတွေအတွက် ဟင်းသီးဟင်းရွက်မျိုးစေ့အလှူ
အခုလိုဆုံးရှုံးမှုတွေဟာ ကယားပြည်နယ်အပြင် တိုက်ပွဲဖြစ်နေတဲ့ ဒေသတိုင်းလိုလိုမှာ ကြုံနေရတာပါ။ တနင်္သာရီတိုင်းမှာလည်း လက်နက်ကြီးကြောင့် ဆန်စပါးတွေ မီးလောင်ဆုံးရှုံးမှာနဲ့ စစ်ကြောင်းဝင်လာပြီး သိမ်းဆည်းသွားမှာကို ကြောက်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလှူရှင်ကို မှီခိုနေရတဲ့ စစ်ဘေးဒုက္ခသည်အများစုဟာ အကူအညီတွေ နည်းပါးလာတာကြောင့် စားနပ်ရိက္ခာ ဖူလုံရေးနဲ့ စိုက်ပျိုးရေး လုပ်ငန်းအပိုင်းမှာ အထောက်အပံ့တွေ လိုအပ်နေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၄ ခုနှစ်၊ နှစ်ကုန်အထိ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာနေရသူ ၃ ဒသမ ၅ သန်းကျော်ရှိပြီး လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်ဟာ မကြုံဖူးတဲ့အဆင့်ထိ မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဇန်နဝါရီ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
၂၀၂၅ ခုနှစ်မှာ လူဦးရေ ၁၉ ဒသမ ၉ သန်းခန့်ဟာ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေ ရှိလာနိုင်တယ်လို့လည်း UNOCHA က ခန့်မှန်းထားပါတယ်။