ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ နှစ်သန်းနီးပါး ရှိလာ
2023.07.17

မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ နှစ်သန်းနီးပါး ရှိလာနေပြီလို့ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်း ညှိနှိုင်းရေးရုံး (UN OCHA) က ဇူလိုင်လ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဆက်လက်ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ သဘာဝဘေးအန္တရာယ်တွေက လူသားချင်းစာနာမူ အကူအညီ လိုအပ်ချက်ကို ပိုဆိုးရွားစေပြီး စစ်ဘေးဒုက္ခသည်တွေရဲ့ စားဝတ်နေရေး အတွက် အရေးပေါ်အကူအညီတွေ အမြန်ဆုံး လိုအပ်နေတယ်လို့ ဆိုပါတယ်။
UN OCHA ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့မှာ စစ်ဘေးဒုက္ခသည် တစ်သန်း ရှစ်သိန်း လေးသောင်းကျော်သာ ရှိခဲ့ရာကနေ အခု ဇူလိုင် ၁၃ ရက်နေ့မှာ တစ်သန်း ရှစ်သိန်း ရှစ်သောင်းကျော် ရှိလာပါတယ်။ ဒါကြောင့် ဇွန်လ ဒုတိယပတ်ကနေ ဇူလိုင် ဒုတိယပတ်အထိ တစ်လအတွင်းမှာ စစ်ဘေးဒုက္ခသည် လေးသောင်းနီးပါး ထပ်တိုးလာတာ တွေ့ရပါတယ်။
ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး ဒုက္ခသည် ရှစ်သိန်းနီးပါး ရှိနေပါတယ်။
“အတော်လေးကို ဒုက္ခရောက်တယ်။ မပြေးနိုင်မလွှားနိုင်တဲ့ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေဆိုရင် တကယ့် နေအိမ် ချောင်ကြိုချောင်ကြားလေးထဲမှာ ပုန်းအောင်းနေရစ်ကြရတယ်ပေါ့"
ဒီအစီအရင်ခံစာထုတ်ပြန်ပြီး တစ်ရက်အကြာ ဇူလိုင်လ ၁၆ ရက်နေ့ကပဲ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာလို့ ရွာပေါင်း ၂၀ လောက်က ဒေသခံ တစ်သောင်းနီးပါး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။
မနက်စောစော ငါးနာရီလောက်မှာ စစ်တပ်က ရုတ်တရက် ဝင်ရောက်စီးနင်းတာကြောင့် သက်ကြီးရွယ်အိုတွေ မပြေးနိုင်ဘဲ ဒုက္ခမျိုးစုံ ကြုံခဲ့ရတယ်လို့ ခင်ဦးမြို့နယ် အင်းပတ်ရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အတော်လေးကို ဒုက္ခရောက်တယ်။ မပြေးနိုင်မလွှားနိုင်တဲ့ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေဆိုရင် တကယ့် နေအိမ် ချောင်ကြိုချောင်ကြားလေးထဲမှာ ပုန်းအောင်း နေရစ်ကြရတယ်ပေါ့။ ကလေးတွေ၊ အဘိုးအိုတွေ၊ အဘွားအိုတွေ၊ ကိုယ်ဝန်ဆောင်မိခင် တွေ၊ ပြီးတော့ မွေးကင်းစ ကလေးမိခင်တွေပေါ့ အတော်ဒုက္ခရောက်ပါ တယ်၊ ပြေးရ လွှားရတာ။ မနေ့ကဆိုရင် ရွာပေါင်း ၂၀ လောက်မှာ စစ်ဘေးရှောင်ပေါင်းကို ထောင်နဲ့ချီ သောင်းဂဏန်း နီးပါးပေါ့ စစ်ဘေးရှောင်ရတယ်”
စစ်တပ်နဲ့ ပျူစောထီးအထိုင်ချထားတဲ့ရွာတွေက ဒေသခံတွေ ရွာကိုမပြန်နိုင်တော့ဘဲ ကာလကြာရှည် တိမ်းရှောင်နေရသူတွေရှိသလို စစ်ကြောင်းဝင်ရောက်စီးနင်းနေချိန် တိမ်းရှောင်ပြီး စစ်ကြောင်းမရှိချိန် ကိုယ့်ရွာကိုယ် ပြန်နေကြတဲ့ ဒုက္ခသည်တွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။
စစ်ကိုင်းတိုင်းလိုပဲ စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်မှာတော့ စစ်ဘေး ဒုက္ခသည် ငါးသောင်းကျော် ရှိနေပါပြီ။
တိုက်ပွဲတွေကြောင့် အရပ်သားတွေ ထွက်ပြေးနေရသလို နေ့စဉ်လိုလို ပစ်ခတ်နေတဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လည်း နေ့စဉ် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ချင်းပြည်နယ် မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲမှု ကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“မင်းတပ်မြို့နယ်ထဲမှာရှိတဲ့ စစ်ဘေးရှောင်အရေအတွက်ကတော့ တစ်သောင်းဝန်းကျင် ခန့် ရှိနေတုန်းပါပဲ။ မင်းတပ်မြို့နယ်ထဲမှာက စိုးရိမ်စရာ အကောင်းဆုံးအနေအထားက လေယာဉ်နဲ့ လက်နက်ကြီးပေါ့။ လက်နက်ကြီးက မင်းတပ်မြို့ပေါ် ၂၇၄ တပ်ရင်းကနေ နေ့တိုင်းနီးပါး ပစ်တယ်။ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူတွေ အများအပြား ရှိတယ်။ လေယာဉ်ကလည်း ညတိုင်းဝဲတယ်။ ဆိုတော့ အကုန်လုံး အထိတ်တလန့်နဲ့ ကောင်းကောင်းကို အိပ်မရဘူးဗျ၊ တော်တော်လေးကို ဆိုးရွားပါတယ်”
ဇူလိုင်လ ၈ ရက်နေ့ကပဲ မင်းတပ်မြို့နယ် ဝုမ်းခုန်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အသက် ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ နို့တိုက်မိခင်တစ်ဦး အပါအဝင် သုံးဦး သေဆုံးခဲ့ပါတယ်။
ဒါကြောင့် ရွာသူရွာသားတွေ ရွာမှာဆက်မနေရဲတော့ဘဲ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့မှာတော့ စစ်ကောင်စီတပ်က ဆန်သယ်ယူခွင့်ကို ပိတ်ပင်ထားတာကြောင့် စစ်ဘေးဒုက္ခသည်တွေ စားဝတ်နေရေး အခက်ကြုံနေတယ်လို့ ဗိုးဗြဲမြို့ခံတစ်ဦးက ပြောပါတယ်။

“လက်ရှိကတော့ စားသောက်ရေး၊ နေထိုင်ရေး နည်းနည်းအခက်အခဲရှိတယ်။ ဘာလို့ ဆိုတော့ မိုးကာတွေက လွန်ခဲ့တဲ့ နွေရာသီကတည်းက ပေးထားတဲ့ မိုးကာဆိုတော့ တချို့ဟာ ပေါက်နေကြပြီပေါ့နော်။ မိုးတွေ စရွာတော့ မိုးတွေယိုတာတို့ ရှိလာတယ်။ ဆန်ကတော့ လောလောဆယ်တော့ လုံးဝ သယ်ခွင့်မပြုတော့ဘူး။ လမ်းကြောင်းလည်း အကုန်လုံး ပိတ်ထားတယ်ပေါ့နော်။ နည်းနည်းပါးပါး ဝယ်လို့ရတာက ကုန်ခြောက် နည်းနည်းတို့၊ စက်သုံးဆီတို့လောက်ပဲ နည်းနည်းပါးပါး ဝယ်လို့ရတယ်။ ဆန်ကတော့ လုံးဝ လမ်းကြောင်း ပိတ်ဆို့ထားတယ်ပေါ့နော်”
မိုးဗြဲမြို့နယ်မှာ မေလ ၂၅ ရက်ကနေ ဇူလိုင် ၄ ရက်နေ့အထိ ရက်ပေါင်း လေးဆယ်အတွင်း တိုက်ပွဲတွေကြောင့် အရပ်သား ၂၈ ဦး သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဒုက္ခသည်တွေ တိုးလာပေမယ့် လူသားချင်းစာနာမှု အကူအညီတွေ ကန့်သတ်ပိတ်ပင်ခံနေရ တာကြောင့် စားဝတ်နေရေးအခက်အခဲ ပိုကြီးလာတယ်လို့ စစ်ကိုင်း၊ ချင်းနဲ့ ကရင်နီ ဒုက္ခသည်တွေက ပြောပါတယ်။
အရပ်သားတွေကို နေရပ်စွန့်ခွာထွက်ပြေးစေဖို့ စစ်ကောင်စီတပ်က ဖိအားပေးတိုက်ခိုက် တာတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညား က ပြောပါတယ်။
“ဒီဟာက လူ့အခွင့်အရေးချိုးဖောက်မှုအပေါ်မှာ နောက်ထပ်တစ်ခု ထပ်ပြီးချိုးဖောက် တာက ဘာလဲဆိုတော့ လူသားမျိုးနွယ်စုအပေါ်မှာ ချိုးဖောက်တဲ့ ရာဇဝတ်မှု ထပ်ဖြစ် တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက အဲဒီနေရာတွေမှာ ဆက်နေလို့မရဘူး၊ တိုက်ခိုက်တဲ့ပုံစံက ရည်ရွယ်ချက် ရှိတယ်။ တစ်နေရာတည်း မဟုတ်ဘူး၊ နေရာ အများကြီး ပုံစံအမျိုးမျိုးနဲ့ ပစ်ခတ်တိုက်ခိုက်တာ အကြိမ်ပေါင်းများစွာ လုပ်တယ်။ ဒါက ဒီလူတွေ ဒီမှာ ဆက်နေလို့ မရအောင် တွန်းအားပေးတယ်။ တခြားနေရာ ပြောင်းဖို့ အတွက် ဖိအားပေးတယ်။ လူတွေက တခြားနေရာ ရွှေ့ပြောင်းရတဲ့အတွက် သူတို့ရဲ့ လူနေမှုဘဝတွေ၊ ယဉ်ကျေးမှုဘဝတွေ၊ ပညာရေး၊ ကျန်းမာရေးတွေ ပျက်သုဉ်းသွား တယ်။ ပျက်စီးသွားတယ်။ သူတို့ရဲ့ အသက်အန္တရာယ် ထိခိုက်တယ်။ ဒါကလည်း လူသား မျိုးနွယ်ပေါ်မှာ ချိုးဖောက်တဲ့ ရာဇဝတ်မှုအနေနဲ့ သတ်မှတ်လို့ ရပါတယ်”
ဇူလိုင် ၁၅ ရက် UN OCHA ထုတ်ပြန်ချက်မှာလည်း လူသားချင်းစာနာမှု အကူအညီ ပေးရေးကိစ္စအပေါ် စစ်ကောင်စီအာဏာပိုင်တွေရဲ့ တင်းကျပ်မှုတွေ နိုင်ငံတစ်ဝန်း မြင့်မားနေပြီး၊ နိုင်ငံအရှေ့တောင်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ ပိုဆိုးဝါးနေတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၃၀ အနက် ၂၅၅ မြို့နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်ဖြစ်နေတယ်လို့ ၂၀၂၃ ခုနှစ် မတ်လ ၃ ရက်နေ့ထုတ် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ နှစ်ပတ်လည် အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီအနေနဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေရပ်ဆိုင်းဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေအားလုံးလွှတ်ဖို့၊ လူသားချင်းစာနာတဲ့ အကူအညီတွေ လွတ်လွတ်လပ်လပ် ပေးခွင့်ပြုဖို့ တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ၂၀၂၂ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ချမှတ် ထားပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ ပေမယ့် ဆက်သွယ်လို့ မရပါဘူး။