ကိုဗစ်ကာကွယ်ဆေး ဘေးထွက်ဆိုးကျိုးအလားအလာကို စိုးရိမ်သူတွေရှိနေ
ဇန်နဝါရီလ ၂၇ ရက်နေ့ကစပြီး အိန္ဒိယနိုင်ငံက လှူဒါန်းလိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး တစ်သန်းခွဲကို မြန်မာနိုင်ငံမှာ စတင်ထိုးပေးပါတော့မယ်။ ပြည်သူ တချို့ကတော့ ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို တိတိကျကျ မသိရသေးလို့ စိုးရိမ်မှုတွေ ရှိနေပြီး ဆေးမထိုးချင် ဖြစ်နေပါတယ်။ ဆေးနဲ့ ပတ်သက်ပြီး ဘေးထွက်ဆိုးကျိုး ရှိ၊ မရှိ သတင်းအချက်အလက်အပြည့်အစုံ ထုတ်ပြန်ပေးဖို့လည်း တောင်းဆိုနေပါတယ်။
-
သန့်ဇင်ဦး
2021-01-25 -
-
-
ဇန်နဝါရီလ ၂၇ ရက်နေ့ကစပြီး အိန္ဒိယနိုင်ငံက လှူဒါန်းလိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး တစ်သန်းခွဲကို မြန်မာနိုင်ငံမှာ စတင်ထိုးပေးပါတော့မယ်။ ပြည်သူ တချို့ကတော့ ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို တိတိကျကျ မသိရသေးလို့ စိုးရိမ်မှုတွေ ရှိနေပြီး ဆေးမထိုးချင် ဖြစ်နေပါတယ်။ ဆေးနဲ့ ပတ်သက်ပြီး ဘေးထွက်ဆိုးကျိုး ရှိ၊ မရှိ သတင်းအချက်အလက်အပြည့်အစုံ ထုတ်ပြန်ပေးဖို့လည်း တောင်းဆိုနေပါတယ်။
အိန္ဒိယနိုင်ငံထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး Covishield ကို ဇန်နဝါရီလ ၂၇ ရက်ကစပြီး ကျန်းမာရေး ဝန်ထမ်းတွေကို စတင်ထိုးပေးမှာပါ။ အဲ့ဒီနောက်မှာတော့ အစိုးရခေါင်းဆောင်ပိုင်းတွေနဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေကို ထိုးပေးမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ပြည်သူတွေကို တစ်ဆင့်ချင်းစီအလိုက် ထိုးပေးသွားမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာလည်း ကိုဗစ်ကာကွယ်ဆေး ထိုးမယ့်သူတွေစာရင်း ဒီရက်ထဲ စတင် ကောက်ယူနေပါပြီ။
ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သေချာမသိသေးတာနဲ့ အိန္ဒိယနိုင်ငံမှာ အဲ့ဒီ ကာကွယ်ဆေးထိုးပြီး နှလုံးရောဂါအခံရှိသူတချို့ ထိခိုက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ ကောလာဟလသတင်းတွေကြောင့် ကာကွယ်ဆေး မထိုးချင်တဲ့သူတွေလည်း ရှိနေပါတယ်။
နှလုံးရောဂါအခံရှိသူတွေမှာ ဘေးထွက်ဆိုးကျိုး ရှိနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် ကိုယ်တိုင်ရော နှလုံးရောဂါရှိတဲ့ ဇနီးဖြစ်သူရော ကာကွယ်ဆေးမထိုးဘူးလို့ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ နေထိုင်တဲ့ ဦးဝင်းကျော်မောင်က ပြောပါတယ်။
"မထိုးချင်ရတဲ့အကြောင်းအရင်းကဗျာ အိန္ဒိယမှာ ဖြစ်သွားတဲ့ကိစ္စဆိုရင် အသက် ၈၂ နှစ်အရွယ်ရှိတဲ့ အမျိုးသမီး တစ်ယောက်ဆိုရင် နှလုံးရောဂါရှိတာ နှလုံးရပ်ပြီး သေသွားတယ်ဆိုတဲ့ကိစ္စတွေ၊ ကျွန်တော်တို့ကို နိုင်ငံတော်ကနေ ဒီဆေးထိုးလို့ ဒီ Effect တွေ ရှိပါတယ်ဆိုတဲ့ ပွင့်လင်းမြင်သာစွာ မချပြဘူးဗျာ။ ဆေးတိုင်း ဆေးတိုင်းမှာတော့ ကောင်းကျိုး၊ ဆိုးကျိုးကတော့ ရှိတာပဲလေ။ ကျွန်တော့်အမျိုးသမီးဆိုရင်လည်း မထိုးရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ နှလုံးရောဂါအခံ ရှိတယ်။ နှလုံးရောဂါအခံ ရှိတဲ့သူတွေက ထိုးလို့ရပါတယ်။ ဘယ်ရောဂါအခံရှိသူတွေက မထိုးသင့်ပါဘူးလို့ အစိုးရအနေနဲ့ တရားဝင် ကြေညာထားတာမရှိတော့ ကျွန်တော်တို့အနေနဲ့ မထိုးရဲဘူးဗျ။ ကျွန်တော်တို့ အစိုးရရဲ့ လုပ်ရပ်ကိုလည်း သဘောတူပါတယ်။ လေးလည်း လေးစားပါတယ်။ ထောက်လည်း ထောက်ခံပါတယ်၊ ဒါပေမယ့် ဆေးရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ပြည်သူလူထုကို တရားဝင်ချပြပါလို့ ကျွန်တော်တို့အနေနဲ့ မေတ္တာရပ်ခံပါတယ်"
ရောဂါကာကွယ်ဆေးတခုကို အန္တရာယ်ကင်းအောင် စမ်းသပ်ထုတ်လုပ်ဖို့ ယေဘူယျအားဖြင့် အချိန် ၅ နှစ်ကနေ ၁ဝ နှစ်အတွင်း ကြာမြင့်လေ့ရှိပေမယ့် အခု ကိုဗစ်ကာကွယ်ဆေးတွေကတော့ တစ်နှစ်အတွင်း ထုတ်လုပ်ခဲ့ ရတာဖြစ်တာကြောင့် စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။
အစိုးရကဖြစ်ဖြစ် ကျန်းမာရေးဌာနကဖြစ်ဖြစ် ဘေးထွက်ဆိုးကျိုးကို တိတိကျကျထုတ်ပြန်ပေးမှသာ ဆေးထိုးရဲမယ်လို့ ဒေါပုံမြို့နယ်မှာ နေထိုင်တဲ့ ဦးအောင်နိုင်ထွန်းက သူ့ဆန္ဒကိုပြောလာပါတယ်။
"Side Effect ကဘာလဲဆိုတာ တိတိကျကျ ကျွန်တော်တို့ကို ဘယ်သူအာမခံမှာလဲ။ တကယ်လို့ ထိုးပြီးမှတစ်ခုခု ဖြစ်သွားရင် ဘယ်သူ အာမခံမှာလဲ။ ကျွန်တော်တို့ကို အစိုးရဆိုလည်း အစိုးရပေါ့။ အာမခံချက်တစ်ခု ပေးနိုင်ရင်တော့ ထိုးရဲတယ်လေ။ အစိုးရအဖွဲ့ဆိုလည်း အစိုးရအဖွဲ့ ကျန်းမာရေးအဖွဲ့ဆိုလည်း ကျန်းမာရေးအဖွဲ့က သတင်းထုတ်ပြန်ပေးရင်တော့ ကျွန်တော်တို့ ထိုးရဲတယ်။ မဟုတ်ဘူးဆိုရင်တော့ ကျွန်တော်တို့မထိုးရဲဘူး။ ဒီအတိုင်းနေတာမှ အသက်ရှင်ဦးမယ်။ ထိုးပြီးတော့မှ ဘာဖြစ်လို့လဲဆိုတော့ အိန္ဒိယက သတင်းတွေမှာ ကျွန်တော်တို့ မြင်နေရတယ် ထိုးပြီးလို့ ၂ ရက်တို့ ၂၄ နာရီတို့မှာ အသက်ရှုကြပ်ပြီး သေဆုံးတာတို့ ကျွန်တော်တို့ ကြားနေရတယ်။ အဲ့လိုမျိုးတွေ ဖြစ်လာရင် ဘယ်သူတာဝန်ယူမလဲ ဟုတ်တယ်မလား။ အဲ့ဒါမျိုးတွေဆိုတော့ ကြောက်တာပေါ့ဗျာ။ အသက်အန္တရာယ်ဆိုတော့လည်း"
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိုဗစ်ကာကွယ်ရေး ညွှန်ကြားချက်တွေဖြစ်တဲ့ မလိုအပ်ဘဲ အပြင်မထွက်တာ၊ မဖြစ်မနေ ထွက်ရရင်လည်း နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာ၊ ခပ်ခွာခွာနေတာ စတဲ့အချက်တွေကို လိုက်နာနေထိုင်ပြီး ကာကွယ်ဆေးမထိုးဘူး ဆိုသူတွေလည်း ရှိနေတာပါ။
အသစ်စက်စက်ရောဂါအတွက် ချက်ခြင်းထုတ်လုပ်တဲ့ ကာကွယ်ဆေးဖြစ်လို့ မထိုးချင်တာလို့ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်မှာနေထိုင်တဲ့ ဒေါ်ထက်ထက်လှိုင်က ပြောပါတယ်။
"အခုကာကွယ်ဆေးက ရောဂါက အခုမှဖြစ်တယ် ဖြစ်တာကို ကာကွယ်ဆေးက အခုမှထုတ်လုပ်တဲ့ အသစ်စက်စက် ကာကွယ်ဆေးပေါ့။ ပြောရရင် ဟုတ်တယ်မလား။ ဖြစ်နေတာကြာနေတဲ့ ရောဂါတွေကို ပြန်ပြီးတော့ အမျိုးမျိုးစမ်းသပ်ထားပြီးသား ကာကွယ်ဆေး မဟုတ်ဘူး။ အခုမှ စမ်းသပ်ကာလပဲရှိသေးတဲ့ ကာကွယ်ဆေးကို ကျွန်မတို့ကတော့ အလျင်အမြန်ပေါ့။ အရေးတကြီး အဆောတလျင် မထိုးချင်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ့်ပြည်သူလူထုကိုလည်း မထိုးစေချင်ဘူး။ ကိုယ်ကိုယ်တိုင် ကျွန်မကိုယ်တိုင်လည်း မထိုးဘူး။ ဘာဖြစ်လို့လဲဆိုတော့ နောက် ငါးလ၊ ခြောက်လလောက်မှ ထိုးစေချင်တယ်။ အဲ့လောက်ဆိုရင်တော့ သူ့ရဲ့ Side Effect က ဒါထိုးထာလို့ ဒါဖြစ်သွားတယ် ဆိုတဲ့ဟာက အခုချက်ခြင်းမလာဘူးလေ။ နောက်ဒါကို ထိုးထားလို့ရှိရင် ဘာတွေဘာတွေ ရှောင်သင့်တယ်ဟာတွေက အဲ့အချိန်လောက်မှ အချက်အလက်တွေက အပြည့်အစုံ ပြန်ရမှာပေါ့။ အခုနေကတော့ မရနိုင်သေးဘူးလေ"
အလားတူ ရွှေတောင်မြို့နယ်မှာ နေထိုင်တဲ့ ဦးသက်လှိုင်ဟိန်းကလည်း ဆေးမထိုးဘူးလို့ ဆုံးဖြတ်ထားတယ်လို့ RFA ကို ပြောပါတယ်။
"မထိုးရင်ရော ဘာဖြစ်မလဲ။ ထိုးရင်ရော ဘာဖြစ်မလဲ ဒါကို ကျွန်တော်တို့ စဉ်းစားရမယ်။ ကျွန်တော်တို့ဟာ အခုလောလောဆယ်အထိ ကျန်းမာသန်စွမ်းနေတဲ့အတွက် ကျွန်တော်ကတော့ မထိုးချင်ဘူးဗျ။ Side Effect ကို ကျွန်တော်တို့က လန့်တာပေါ့နော်။ ဒီ Side Effect ဖြစ်သွားလို့ ဒီဆေးထိုးပြီးမှ နှလုံးရောဂါရှိလို့ အမောဖောက်တာတွေ နောက်ပြဿနာတွေက ကျွန်တော်တို့ မတွေးတတ်ဘူးလေ။ ဆေးပညာဆိုင်ရာမှာ နားမလည်ဘူး။ အဲ့ဒါကြောင့် ထိုးသင့်မထိုးသင့်ကို ကျွန်တော်တို့လည်း တွန့်ဆုတ် တွန့်ဆုတ်ဖြစ်တာပေါ့။ ကြောက်တယ်ဆိုတဲ့ သဘောတရားပေါ့ဗျာ၊ ကျွန်တော်ကတော့ မထိုးဖို့ဘဲ ဆုံးဖြတ်ထားတယ်။ ကျွန်တော့်ကို လာထိုးလည်း မထိုးဘူးလို့ ဆုံးဖြတ်ထားတယ်"
မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံကနေ ပထမဆုံးစရောက်တဲ့ ကာကွယ်ဆေး တစ်သန်းခွဲကလည်း လူဦးရေ ၇ သိန်းခွဲ အတွက်သာ ထိုးနှံနိုင်မယ့် ပမာဏဖြစ်ပါတယ်။
ကာကွယ်ဆေးမထိုးရဲဘူးလို့ ပြောသူတချို့ရှိနေပေမယ့် ဆေးကို ယုံယုံကြည်ကြည် ထိုးမယ်ဆိုသူတွေလည်း ရှိနေပါတယ်။ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်မှာ နေထိုင်တဲ့ ဦးကျော်စိုးနိုင်က အစိုးရက သေချာစီစဉ်ပေးထားတာမို့ ယုံယုံကြည်ကြည်ထိုးမယ်လို့ RFA ကို ပြောလာပါတယ်။
"ကာကွယ်ဆေးကတော့ ကျွန်တော်က ထိုးမှာပါ။ ယုံကြည်စိတ်ချစွာနဲ့ပဲ ထိုးပါမယ်၊ တခြားသူတွေက ထိုးသင့်တယ်၊ မထိုးသင့်ဘူးဆိုတာတော့ သူ့ဘာသာ ဆုံးဖြတ်ကြပေါ့နော်။ ကျွန်တော်တို့ကတော့ ဒီနိုင်ငံတော်အစိုးရ အနေအထားနဲ့ လုပ်ပေးတဲ့အတွက်ရော ကျွန်တော်ကိုယ်တိုင်အနေနဲ့ရော ထိုးသင့်တယ်လို့ ယူဆဲ့အတွက် ကျွန်တော်ထိုးမှာပါ၊ ကောင်းဖို့အတွက်ကို ကာကွယ်ဆေးထိုးရတာပဲ။ နိုင်ငံတော်အစိုးရ အနေအထားနဲ့က မကောင်းပဲနဲ့တော့ ဒီဆေးကို မထိုးခိုင်းပါဘူး။ ကောင်းဖို့အတွက် ထိုးခိုင်းတာပါ၊ အဲ့ဒီအတွက် အကုန်လုံးက ယုံယုံကြည်ကြည်နဲ့ထိုးကြလိမ့်မယ်လို့ ယူဆတယ်။ ထိုးလည်း ထိုးသင့်ပါတယ်လို့လည်း ပြောချင်ပါတယ်"
ကိုဗစ်ကာကွယ်ဆေးဟာ အသက် ၁၈ နှစ်နဲ့ အထက်တွေကိုသာ အသုံးပြုနိုင်တာဖြစ်ပြီး အသက် ၁၈ နှစ် အောက်နဲ့ နို့တိုက်မိခင်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ၊ သံသယလူနာတွေနဲ့ ရောဂါလက္ခဏာ ပျောက်ကင်းပြီးနောက် ၁၄ ရက် မကျော်သေးသူတွေ ထိုးနှံလို့ မရဘူးလို့ အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့တော့ တိတိကျကျ ထုတ်ပြန်ထားနိုင်ခြင်း မရှိသေးပါဘူး။
အမေရိကန်ပြည်ထောင်စုမှာနေထိုင်ပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို စောင့်ကြည့်လေ့လာနေတဲ့ ဆရာဝန်ကြီး ဒေါက်တာတင့်ဆွေကတော့ ကာကွယ်ဆေးတွေကို ယုံယုံကြည်ကြည် ထိုးနှံကြဖို့ တိုက်တွန်းထားပါတယ်။
"ဒီ Side Effect ခေါ်တဲ့ ဘေးထွက်သက်ရောက်မှုဟာ ဒီကာကွယ်ဆေးမှာလည်း မရှိဘူးလို့ ကျွန်တော်တို့ မပြောနိုင်ပါဘူး၊ သို့သော်လည်းပဲ အခုထိ ကမ္ဘာမှာလေ့လာမှု လုပ်သလောက် အရဆိုရင် ထိုးသင့်ထိုးထိုက်တဲ့ ကာကွယ်ဆေးတစ်ခု ုဖြစ်တယ်။ လုံခြုံစိတ်ချရတယ်လို့ သတ်မှတ်ထားလို့သာလျှင် နိုင်ငံတွေက တရားဝင်ထိုးကြတာ၊ လူသန်းနဲ့ သိန်းနဲ့ချီတဲ့အခါမှာ တယောက်မရှိဘူးလို့ မပြောနိုင်ပါဘူး။ သို့သော်လည်း အဲ့ဒါတွေကို ကျွန်တော်တို့ ကျန်းမာရေး ဝန်ကြီးဌာနကလည်း ကြိုတင်ပြင်ဆင်မှုတွေ ရှိပါလိမ့်မယ်"
တကမ္ဘာလုံးမှာ လက်ရှိအသုံးပြုထိုးနှံပေးနေတဲ့ COVID-19 ကာကွယ်ဆေးတွေဟာ ဓာတ်ခွဲခန်းနဲ့ သုတေသန လေ့လာစမ်းသပ်ချက်တွေအရ လက်တွေ့ထိုးနှံပြီးနောက် ဘယ်လောက် အစွမ်းထက်တယ်ဆိုတာကို ဆက်လက် လေ့လာနေဆဲဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ၂၃ ရက်နေ့က ပြုလုပ်တဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ အစည်းအဝေးမှာ ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ စတင်ထိုးပေးမယ့် Covishield(ကိုဗစ်ရှီး) ဟာ ၉၀ ရာခိုင်နှုန်း အစွမ်းထက်မှု ရှိတယ် ဆိုတဲ့ အောက်စဖို့ထ်ရဲ့ အက်စထရာဇန်နိကာ(AstraZeneca) ကာကွယ်ဆေးကိုပဲ ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ Serum Institute of India ကနေ ပြန်ထုတ်ပြီး ကိုဗစ်ရှီးလို့ နာမည်ပြောင်းထားတာပါ။
အဲ့ဒီကာကွယ်ဆေးကို လူတစ်ယောက် နှစ်ကြိမ်ထိုးရမှာဖြစ်ပြီး တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား ၂၈ ရက်ခြား ထိုးရမှာ ဖြစ်ပါတယ်။
ကာကွယ်ဆေးရဲ့အာနိသင်နဲ့ ပတ်သက်လို့ အခုအချိန်က စမ်းသပ်ဆဲကာလ ဖြစ်တာကြောင့် ထိရောက်မှု အတိုင်းအတာကို သေသေချာချာ မသိသေးတဲ့အတွက် ကာကွယ်ဆေးထိုးပြီးရင်လည်း မပေါ့ဆကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားပါတယ်။