မြန်မာနိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်မှာကို စိုးရိမ်မှုတွေရှိ

အရေပြားရောဂါ တစ်မျိုးဖြစ်တဲ့ မျောက်ကျောက်ရောဂါဟာ ကမ္ဘာ့လုံးဆိုင်ရာ အရေးပေါ် ကျန်းမာရေးအခြေအနေတစ်ရပ်ဖြစ်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇူလိုင်လ ၂၃ ရက်မနေ့က အမြင့်ဆုံး သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။
monkeypox လို့ခေါ်တဲ့ မျောက်ကျောက်ရောဂါဟာ အာဖရိကတိုက်ကနေ စတင်ခဲ့ပြီး လက်ရှိမှာတော့ နိုင်ငံပေါင်း ၇၅ နိုင်ငံက လူပေါင်း ၁၆,၀၀၀ ကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ငါးဦးရှိပါတယ်။
အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့အိန္ဒိယနိုင်ငံမှာ အခုလအတွင်း မျောက်ကျောက်ရောဂါ ကူးစက်နေတဲ့အတွက် မြန်မာနိုင်ငံအတွက်လည်း ကူးစက်ခံရမှာ စိုးရိမ်ဖွယ်ရာရှိနေတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြည်သူတွေက ပြောပါတယ်။
မျောက်ကျောက်ရောဂါ (monkeypox) ဟာ တိရစ္ဆာန်ကနေရော လူလူချင်းရော ကူးစက်နိုင် ပြီး ရောဂါရှိသူနဲ့ ထိတွေ့တာအပြင် အသက်ရှူလမ်းကြောင်းကနေလည်း ကူးစက်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ဦးက RFA ကို ပြောပြပါတယ်။
"အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေ ဖြစ်လာမယ်။ တဖြည်းဖြည်း ကြီးလာပြီးတော့ မီးလောင်မှုလို သေးသေးလေးတွေ အများကြီးဖြစ်လာမယ်။ အဲလိုမျိုးဖြစ်ရင် ဖျားမယ်၊ ပြီးရင် ကိုယ်တွေလက်တွေနာမယ်၊ ကြွက်သားတွေ နာကျင်ကိုက်ခဲမယ်။ အဖုလေးတွေ က ပိုပိုပြီး ခန္ဓာကိုယ်တစ်ခုလုံးအနှံ့မှာ ပိုပြီးထွက်လာမယ်။ အဲဒီ လက္ခဏာမျိုးပါပဲ။ တိရစ္ဆာန်လေးတွေကနေ လူတွေကို ကူးတယ်ပေါ့။ အခုနောက်ပိုင်းမှာ လူကနေ လူ အချင်းချင်းကိုလည်း ကူးတယ်ပေါ့။ ကူးစက်ပုံက ရောဂါပိုးတွေရဲ့ အခြားလူရဲ့ အရေပြား ကို ထိသွားမယ်၊ အခြားလူရဲ့ အရေပြားကနေ ခန္ဓာကိုယ်ထဲရောက်သွားပြီး ကူးနိုင်တယ်။ နောက်ထပ် ကူးနိုင်တဲ့နည်းက အသက်ရှူလမ်းကြောင်းကနေ တစ်ဆင့်ပေါ့။ ဒီ အရည်ကြည်ဖုလေးတွေရဲ့ အမှုန်အမွှားတွေကနေ ခန္ဓာကိုယ်ထဲ အသွေးထဲ ရောက်သွား မယ်ပေါ့ အဲလိုမျိုးလည် းကူးနိုင်တယ်"
ဒီရောဂါဟာ လူ့ခန္ဓာကိုယ်အတွင်းက ခုခံနိုင်မှုအပေါ်မူတည်ပြီး တစ်ပတ်ကနေ နှစ်ပတ် အထိ ကြာမြင့်သလို နောက်ဆက်တွဲရောဂါတွေအနေနဲ့ အရေပြားအနာရောဂါတွေလည်း ခံစားရနိုင်တယ်လို့ ဆိုပါတယ်။
ဒီရောဂါ မကူးစက်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေနဲ့ အညီ နေထိုင်ပေမယ့် ပြီးခဲ့တဲ့ ကိုဗစ် - ၁၉ တတိယလှိုင်းတုန်းကလို ကူးစက်သေဆုံးမှုတွေ ရှိလာမှာကိုလည်း စိုးရိမ်တယ်လို့ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"မျောက်ကျောက်ရောဂါက ထိုင်းနိုင်ငံအထိ ရောက်နေပြီဆိုတော့ ညီမတို့ နိုင်ငံအတွက်လည်း အရမ်းကို စိတ်ပူမိတယ်။ နိုင်ငံက အာဏာလည်းမတရားသိမ်းခံထားရတဲ့ အခြေအနေ ဖြစ်နေတယ်။ စီးပွားရေးတွေကလည်း အရမ်းကို ခက်ခဲကျပ်တည်းနေတဲ့ အခြေအနေမျိုးတွေမှာ ဒီလိုမျိုးရောဂါတစ်ခု ကမ္ဘာတစ်ဝန်းလုံးမှာပေါ့ လုံးဝ outbreak ဖြစ်သွားတဲ့ ပုံစံမျိုး ဖြစ်တဲ့အတွက်ကြောင့် ညီမတို့နိုင်ငံက ဘာမှခုခံကာကွယ်နိုင်တဲ့ အခြေနေမျိုးမှာလည်း မရှိတဲ့အတွက်ကြောင့် မြန်မာပြည်မှာ ဒီလိုအခြေနေမျိုး အရမ်းကြီး ဆိုးလာမယ်ဆိုရင် မနှစ်တုန်းက ကိုဗစ်လိုမျိုးပဲပေါ့ လုံးဝ တားဆီးမဲ့၊ ထိန်းကွပ်မဲ့ပြီး လူတွေအများကြီး ကူးစက် သွားမှာကို ညီမက တော်တော်လေးကို စိတ်ပူမိပါတယ်"

မျောက်ကျောက်ရောဂါဟာ ရေကျောက်ရောဂါနဲ့ အနည်းငယ်ဆင်ပေမယ့် ရောဂါလက္ခဏာ ပြသတဲ့ပုံစံ မတူတဲ့အတွက် အပြင်သွားတာလာတာအစ ကျန်းမာရေးလမ်းညွှန်ချက်တွေကို အထူးဂရုစိုက်ဖို့လိုတယ်လို့လည်း ဆိုပါတယ်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရမှုမရှိပေမယ့် အသိပညာပေးတာနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက RFA ကို ပြောပါတယ်။
"ကြိုတင်ကာကွယ်မှုကတော့ အထူးသဖြင့်က အသိပညာပေးတယ်။ ပြည်ပက ဝင်ရောက်လာမယ့်လူတွေ သူရဲ့ရောဂါဖြစ်ပွားတဲ့အချိန်က (၅) ရက်ကနေ ( ၂၁) ရက် အထိဆိုတော့ ဒီ (၂၁) ရက်အတွင်းမှာ အနီးကပ် ထိတွေ့ခဲ့တဲ့လူတွေ၊ ရောဂါလက္ခဏာပြတဲ့ လူတွေကို ဒါတွေကို လေဆိပ်အထဲမှာပဲ သတင်းပို့ဖို့၊ ဒါမှမဟုတ် ဒီပြည်တွင်းရောက်တော့မှပဲ ဒီလိုလက္ခဏာတွေ ပေါ်ပေါက်ရင် နီးစပ်ရာကျန်းမာရေးကို သတင်းပို့ဖို့ ဒါတွေ အသိပညာပေး လုပ်ဆောင်နေပါတယ်"
ပြီးခဲ့တဲ့ ကိုဗစ်တတိယလှိုင်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် လူမှုကူညီရေးအသင်းတွေအနေနဲ့ အပြည့်အဝ ကူညီခွင့်မရခဲ့ဘဲ ပြည်သူအများအပြား သေဆုံးခဲ့ရပါတယ်။
ဒါပေမဲ့ အခု မျောက်ကျောက်ရောဂါ ကူးစက်ခံရမှုတွေ ရှိလာရင်လည်း လူမှုကူညီရေးအသင်းတွေအနေနဲ့ ပိတ်ပင်တားဆီးမှုတွေ မရှိဘူးဆိုရင်တော့ အပြည့်အဝကူညီဖို့ အဆင့်သင့်ပဲလို့ Happy Taxi Family လူမှုထောက်ကူပြု ပရဟိအသင်း အတွင်းရေးမှူး ဦးမျိုးမင်းသန့် က RFA ကို ပြောပါတယ်။
"ကျနော်တို့က စပြီးတည်ထောင်ကတည်းက ဘာပဲဖြစ်လာဖြစ်လာ ဘယ်လိုဘေး ကပ်ဆိုးပဲဖြစ်ဖြစ် ဘယ်လောက်ထိနိုင်မလဲ၊ ကျနော်တို့ လုပ်ပိုင်ခွင့်ရှိသလောက် ကူညီပေးနေမှာပါ၊ လုပ်ဆောင်ပေးနေမှာပါ။ ပိတ်ပင်တားဆီးမှုမရှိသရွေ့ လုပ်ပေးနေမှာ။ ဘယ်ရောဂါပဲဖြစ်ဖြစ် ဘာကြီးပဲဖြစ်ဖြစ် ကူညီဖို့အဆင်သင့်ပါ"
"မျောက်ကျောက်ရောဂါ ကူးစက်ခံရရင် စစ်ကောင်စီ ထိန်းချုပ်နိုင်မယ်လို့ မထင်ဘူး"
ကမ္ဘာ့နိုင်ငံအသီးသီးကို အလျင်အမြန်ကူးစက်နေတဲ့ ဒီရောဂါသာ မြန်မာနိုင်ငံကို ကူးစက်လာရင် ကျန်းမာရေးဝန်ထမ်း အလုံအလောက်မရှိတဲ့အတွက် စစ်ကောင်စီအနေနဲ့ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးလို့ အမည်မဖော်လိုတဲ့ CDM ဆရာဝန်တစ်ဦးက ဝေဖန်ပါတယ်။
"ကျနော်ကတော့ မျောက်ကျောက်ရောဂါ ကူးစက်ခံရရင် စစ်ကောင်စီ ထိန်းချုပ်နိုင်မယ်လို့ မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုဗစ်တတိယလှိုင်းတုန်းကလည်း မထိန်းချုပ်နိုင်ဘူးလေ။ လူတွေအများကြီးသေတယ်။ ဆရာဝန်တွေ CDM လုပ်တာများတယ်။ ပရဟိတ အသင်းတွေကို ဖမ်းဆီးတယ်။ ပိတ်ပင်တားဆီးတယ်။ ဒီလိုတွေကြောင့် ဘယ်သူမှ မကယ်နိုင်၊ မလုပ်နိုင်ကြတော့ ပြည်သူအများကြီး သေခဲ့ရတယ်။ အခု မျောက်ကျောက် ရောဂါ ကူးခဲ့ရင်လည်း ကိုဗစ်တတိယလှိုင်းလို အသေအပျောက်မများဖို့ ဆုတောင်းတယ်"
ဒီရောဂါဟာ ရောဂါအခံနဲ့ ကူးစက်မှုအပေါ်မူတည်ပြီး သေဆုံးနိုင်ခြေ တစ်ရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်းအထိ ရှိတယ်လို့လည်း ဆရာဝန်တွေက ပြောပါတယ်။
မျောက်ကျောက်ရောဂါဟာ နိုင်ငံဖြတ်ကျော်ကူးစက်မှုတွေ ပိုများလာပြီးနောက်မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့လုံးဆိုင်ရာ အရေးပေါ်ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် ကြေညာခဲ့တာဖြစ်ပါတယ်။
လက်ရှိ အာဖရိကတိုက်နဲ့ ဥရောပတိုက်မှာ ကူးစက်ခံရမှု အများဆုံးရှိနေပြီး ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ကူးစက်ခံရတဲ့ လူပေါင်း ၄၁၃၂ ဦးထိ ရှိခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။