စစ်အာဏာသိမ်း နောက်ခြောက်လသက်တမ်းထပ်တိုး
ရွေးကောက်ခံခေါင်းဆောင်တွေကို ဖမ်းဆီးထားပြီး ကျင်းပတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကလည်း စစ်ခေါင်းဆောင်ရဲ့တင်ပြချက်ကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။
-
RFA Burmese
2023-07-31 -
-
-
နိုင်ငံတွင်း အကြမ်းဖက်သတ်ဖြတ်တာတွေ ပိုဆိုးလာနေတယ်၊ လုံခြုံရေးဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့ အကြောင်းပြပြီး အာဏာသိမ်းအရေးပေါ်ကာလကို နောက်ထပ် ခြောက်လထပ်တိုးပေးဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင်လ ၃၁ ရက် မနေ့က ကာလုံအစည်းအဝေးမှာ တင်ပြခဲ့တာဖြစ်ပါတယ်။
အရပ်သားရွေးကောက်ခံခေါင်းဆောင်တွေကို ဖမ်းဆီးထားပြီး ကျင်းပတဲ့အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ)အစည်းအဝေးကလည်း စစ်ခေါင်းဆောင်ရဲ့ တင်ပြချက်ကို အကန့်အကွက်မရှိ အတည်ပြုပေးခဲ့ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဒေသခံခုခံကာကွယ်ရေးတပ်ဖွဲ့ (PDFs) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ရဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေ ဆက်ရှိနေသေးတာကြောင့် အရေးပေါ်ကာလသက်တမ်း ထပ်တိုးပေးဖို့လိုတယ်လို့ စစ်ခေါင်းဆောင်က အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
NUG အစိုးရ ပြောခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ စစ်ကောင်စီဘက်က နောက်ထပ်သက်တမ်းတိုးတဲ့ ကာလအတွင်း တော်လှန်ရေးအင်အားစုတွေကို ပိုဖိနှိပ်ချေမှုန်းလာနိုင်တယ်လို့ ပြောပါတယ်။
"ဖိနှိပ်မှုတွေ၊ ရက်စက်မှုတွေ၊ အကြမ်းဖက်မှုတွေက ဘယ်တော့မှ ရပ်မှာမဟုတ်ဘူး။ သူတို့အာဏာတည်မြဲရေးအတွက် ပြည်သူလူထုကို ရန်သူလို သဘောထားပြီးတော့ ညှဉ်းပန်းမှုတွေ သတ်ဖြတ်မှုတွေကို တောက်လျှောက်လုပ်နေမယ့် သဘောရှိတယ်။ အဲဒီမှာမှ နောက်ထပ်လုပ်လာနိုင်ခြေရှိတာကလည်း မျိုးစုံပဲပေါ့။ မီးစာတစ်ဖက် ရေမှုတ်တစ်ဖက် ပုံစံမျိုးပေါ့။ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကို သုံးပြီးတော့ တော်လှန်ရေးအင်အားစု တွေကို သွေးခွဲတာမျိုး၊ လမ်းလွှဲအောင် လုပ်တာမျိုး၊ အာရုံလွှဲအောင် လုပ်တာမျိုး၊ အချိန်ဆွဲတာမျိုးတွေကို နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားလာနိုင်ခြေရှိပါတယ်"
မနေ့က ကာလုံအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အာဏာသိမ်းပြီးနောက် ယာယီသမ္မတ နေရာယူထားတဲ့ ဦးမြင့်ဆွေတို့အပြင် NLD အစိုးရလက်ထက် ဒုတိယသမ္မတ နေရာယူခဲ့တဲ့ ဦးဟင်နရီဗန်ထီးယူ၊ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့လည်း တက်ရောက်တာကို တွေ့ရပါတယ်။
စစ်ကောင်စီရဲ့ကာကွယ်ရေး၊ ပြည်ထဲရေး၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးတွေလည်း တက်ရောက်ပါတယ်။
“သူတို့အာဏာတည်မြဲရေးအတွက် ပြည်သူလူထုကို ရန်သူလို သဘောထားပြီးတော့ ညှဉ်းပန်းမှုတွေ သတ်ဖြတ်မှုတွေကို တောက်လျှောက်လုပ်နေမယ့် သဘောရှိတယ်"
အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ NLD အစိုးရလက်ထက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းတို့မပါဘဲ ကာလုံအစည်းအဝေး ကျင်းပခဲ့တာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီက သက်တမ်းအကြိမ်ကြိမ်တိုးနေတာကိုကြည့်ရင် နိုင်ငံကို အုပ်ချုပ်လို့မရတာကို သက်သေပြနေတယ်လို့ ရှုမြင်ပါတယ်။
“ဒါက နိုင်ငံရေးအရ အဓိပ္ပာယ်ဖွင့်မယ်ဆိုလို့ရှိရင်တော့ ဒီခြောက်လအတွင်းမှာ သူကြိုးပမ်းတည်ဆောက်နေတဲ့ ဖြစ်စဉ်တွေ မအောင်မြင်ခဲ့ဘူးပေါ့ဗျာ။ တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းမှုကို သူမတည်ဆောက်နိုင်ဘူး။ တိုင်းပြည်အတွင်းမှာ အကြမ်းဖက်မှုနဲ့ စစ်ရေးပဋိပက္ခတွေ ချုပ်ငြိမ်းအောင်မလုပ်နိုင်ဘူး။ အဲဒီလိုမလုပ်နိုင်တဲ့အခြေအနေမှာ သူပြောနေတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို တိုင်းပြည်ကို ပြန်တင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဒီမိုကရေစီရွေးကောက်ပွဲတွေ ကျင်းပပြီးတော့ လွှတ်တော်ပြန်ခေါ်ဖို့ဆိုတာတွေဟာ မဖြစ်နိုင်တော့ဘူးဆိုတာကို သူကြေညာလိုက်တဲ့သဘောပါပဲ”
စစ်တပ်က လက်စွဲကျင့်သုံးနေတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ အရေးပေါ်ကာလကို ကာကွယ်ရေးဦးစီးချုပ်က တစ်နှစ်တိတိ ရယူခွင့်ရှိပါတယ်။
အဲဒီနောက် တိုင်းပြည်မတည်ငြိမ်သေးဘူးလို့ ကာကွယ်ရေးဦးစီးချုပ်က ထပ်တင်ပြရင် ပုဒ်မ ၄၂၅ အရ နောက်ထပ်ခြောက်လနှစ်ကြိမ် အာဏာသိမ်း သက်တမ်းတိုးခွင့်ရှိပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အကြောင်းပြချက်တွေပေးပြီး သက်တမ်းတိုးလာတာ ဒီတစ်ကြိမ်နဲ့ဆို လေးကြိမ်မြောက်ရှိပါပြီ။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးကတော့ ဒီလိုအကြိမ်ကြိမ်သက်တမ်းတိုးနေတာဟာ ဥပဒေနဲ့ မညီညွတ်ဘူးလို့ ပြောပါတယ်။
“ပုဒ်မ ၄၂၅ အရ သက်တမ်းနှစ်ကြိမ်အတွင်းမှာတော့ ကြိုးစားနိုင်ဖို့ လိုအပ်တာပေါ့။ အဲဒီလိုမကြိုးစားနိုင်ဘူးဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဆန့်ကျင်စေဘဲနဲ့ ကြားဖြတ်အစိုးရတစ်ရပ်ကို အာဏာပြန်လည်လွှဲပြောင်းပေးပြီးမှ အဲဒီကြားဖြတ်အစိုးရကနေ ပြည်သူတွေရဲ့ ဆန္ဒအလျောက် ရွေးကောက်ပွဲပြုလုပ်ပြီး ရွေးချယ်တင်မြှောက်တဲ့ လွှတ်တော်အမတ်တွေ ပါဝင်တဲ့ အရပ်သားအစိုးရတစ်ရပ်ဖွဲ့ရင် ဥပဒေနဲ့ပိုညီညွတ်တာပေါ့။ အဲဒီလိုမဟုတ်ဘဲနဲ့ သာမန်အခြေအနေ မဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဆက်သက်တမ်းတိုးနေရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေ အဲဒီဥပဒေရဲ့တည်ရှိမှုတွေကို အားနည်းစေတယ် ပျက်သုဉ်းစေတယ်လို့ ကျွန်တော်တို့ ဥပဒေပညာရှင်တွေကတော့ ဒီအတိုင်းပဲမြင်ပါတယ် ”
ဒီတစ်ခေါက် အရေးပေါ်ကာလသက်တမ်းဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
"နိုင်ငံရေးအရ အဓိပ္ပာယ်ဖွင့်မယ်ဆိုလို့ရှိရင်တော့ ဒီခြောက်လအတွင်းမှာ သူကြိုးပမ်းတည်ဆောက်နေတဲ့ ဖြစ်စဉ်တွေ မအောင်မြင်ခဲ့ဘူးပေါ့ဗျာ။ တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းမှုကို သူမတည်ဆောက်နိုင်ဘူး"
အကြိမ်ကြိမ်သက်တမ်းတိုးနေတာနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းဆီ မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။
စစ်ကောင်စီကို ထောက်ခံတဲ့ စစ်အရာရှိဟောင်းတွေဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ .....
"အခြေခံဥပဒေခုံရုံးက ဒါနဲ့ပတ်သက်ပြီး တရားဥပဒေအရ ညီတယ်။ တိုးလို့ရတယ်ဆိုရင် ကျွန်တော်တို့က ဘာမှ ပြောစရာမရှိဘူး။ ဒါကတိုးတဲ့ အနေအထား။ နောက်တစ်ချက်က မြေပြင်အခြေအနေအရလည်း သက်တမ်းတိုးဖို့ လိုအပ်တဲ့ အခြေအနေနဲ့ တိုက်ဆိုင်တာမျိုးဆိုရင်တော့ အခြေခံဥပဒေအရလည်း ညီညွတ်တယ်၊ မြေပြင်အခြေအနေအရလည်း သက်တမ်းတိုးဖို့ လိုအပ်တယ်ဆိုရင်တော့ ပုံမှန်အတိုင်း သွားနေတယ်လို့ ပြောချင်တယ်"
ရန်ကုန်တိုင်း NLD လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးကတော့ စစ်ကောင်စီရဲ့ ခြောက်လသက်တမ်းထပ်တိုးတာဟာ ပြည်သူလူထုအတွက် ဘာကောင်းကျိုးမှ မရှိနိုင်ဘူးလို့ သုံးသပ်ပါတယ်။
“ကောင်းတဲ့ဘက်ကို လှည့်စရာတော့မရှိဘူး။ လူထုကိုအကြောက်တရားပေးဖို့အတွက် နည်းမျိုးစုံနဲ့ဖိနှိပ်မှုတွေ လုပ်နေဦးမှာပဲ။ ရက်စက်မှုတွေလုပ်နေဦးမှာပဲ။ အဲဒီလိုပဲမြင်ပါတယ်။ နောက်တစ်ခုက ကာလုံသက်တမ်း ခြောက်လတိုးတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ သိပ်ပြီးထူးခြားမှု မခံစားရဘူး။ ဘာလို့လည်းဆိုတော့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းတာကိုက တရားမဝင်အာဏာသိမ်းတာ တရားမဝင်လုပ်ရပ်တွေပဲ လုပ်လာတာ။ အဲဒီမှာ ပြစ်မှုတွေ ဆက်တိုက်ကျူးလွန်တယ်။ ဒီလောက်ပဲ ကျွန်တော်တို့မှတ်ထားပါတယ်။ သူတို့ကို တရားဝင်အဖြစ်နဲ့ အသိအမှတ်ကို ပြုလို့မရပါဘူး”
စစ်ကောင်စီဟာ ဒီတစ်ခေါက်သက်တမ်းတိုး ကာလုံအစည်းအဝေးခေါ်ဖို့ မတိုင်ခင်မှာပဲ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ကနေ အစိုးရအိမ်ယာထဲကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့လိုက်ပါတယ်။ အဲဒီနောက် နိုင်ငံခြားသံတမန်တချို့အပါအဝင် အခုကာလုံအစည်းအဝေးမှာပါတဲ့ လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးတီခွန်မြတ်နဲ့ ပေးတွေ့ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာနေပါတယ်။
ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းကတော့ ဒီသက်တမ်းတိုးခြောက်လအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နိုင်ငံရေးကစားတာမှာ အသုံးချလိမ့်မယ်လို့ မြင်ပါတယ်။
"သူတို့အနေနဲ့ အခွင့်အရေးကို လက်လွှတ်မှာမဟုတ်ဘူး။ သူတို့ရည်ရွယ်ချက်ကတော့ နိုင်ငံရေးနည်းနဲ့ ဆွေးနွေး အဖြေရှာတာထက် လူပုဂ္ဂိုလ် အဖွဲ့အစည်းကိုသုံးပြီး သူတို့ရဲ့ကျဆင်းနေတဲ့ပုံရိပ် အသက်အိုးအိမ်စည်းစိမ်အတွက်ပဲ အသုံးချမှာ။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးထွက်ပေါက်အနေနဲ့ သုံးမှာမဟုတ်ဘူး။ သူတို့ရဲ့ အကျိုးစီးပွားအတွက် အခွင့်အရေးအတွက်ပဲ သုံးမှာဖြစ်တယ်။ အသုံးချလာတဲ့အခါမှာ တော်လှန်ရေးအင်အားစုတွေကြားမှာလည်း စိတ်ဝမ်းကွဲအောင် တစ်ချက်ခုတ် နှစ်ချက်ပြတ် လုပ်ကောင်းလုပ်နိုင်တယ်"
တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကလည်း ...
"ဘာမှထူးထူးခြားခြား ဖြစ်လာနိုင်စရာမရှိဘူး။ သူတို့ကတော့ စစ်အာဏာရှင်တွေ သက်ဆိုးရှည်ရေး၊ စစ်တပ်အာဏာတည်မြဲရေး နည်းမျိုးစုံနဲ့ လုပ်သွားလိမ့်မယ်။ အဲဒါကိုမျက်စိမလည်ဘဲ NUG တွေ PDF တွေက ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေဖို့ပဲလိုတယ်လို့ ကျွန်တော်မြင်တယ်"
စစ်ကောင်စီက သက်တမ်းထပ်တိုးလိုက်တာကြောင့် နိုင်ငံတစ်ဝန်းတိုက်ပွဲတွေ ဆက်တိုးလာနိုင်တယ်လို့လည်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် အချိန် နှစ်နှစ်ခွဲကာလအတွင်း လူပေါင်း ၃၈ဝဝ ကျော် သတ်ဖြတ်ခံခဲ့ရပြီး လူပေါင်း နှစ်သောင်းခွဲကျော် ဖမ်းဆီးခံခဲ့ရပါတယ်။