ဂူတာပြင်သတ်ဖြတ်မှု တပ်မတော်ကြေညာချက် ပွင့်လင်းမှုမရှိဟု ပြည်တွင်းပြည်ပ ဝေဖန်

ခင်မောင်စိုး
2020.06.30

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာမှာ ၂ဝ၁၇ ခုနှစ်က မြန်မာ့တပ်မတော်ရဲ့ စစ်ဆင်ရေးအတွင်း လူအစုအပြုံလိုက်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အရာရှိ ၂ ဦးနဲ့ စစ်သည် ၁ ဦးကို စစ်တရားရုံးက အပြစ်ရှိကြောင်းနဲ့ ပြစ်ဒဏ်ချမှတ်ချက်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက အတည်ပြုပြီးဖြစ်ကြောင်း တပ်မတော်က မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ အရာရှိကြီးတဦး၊ အရာရှိတဦးနဲ့ အခြားအဆင့် စစ်သည်တဦးတို့ကို ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ပဲ ပါရှိပြီး အဲဒီသူတွေရဲ့ အမည်၊ ကျူးလွန်တဲ့ပြစ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ချက်တွေကို ဖော်ပြထားခြင်း မရှိတဲ့အတွက် ပြည်တွင်းပြည်ပ ဝေဖန်မှုတွေ မြင့်မားလာနေပါတယ်။

ရခိုင်ပြည်နယ်အရေးအခင်းစုံစမ်းစစ်ဆေးခဲ့တဲ့ ကိုဖီအာနန်အကြံပေးကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က အရေးယူတာကို ကြိုဆိုရင်း အခုလိုအကြံပေးပါတယ်။

“ ပထမအချက်က ဒီလိုဖြစ်ခဲ့တယ်ဆိုတာကို ဝန်ခံတယ်။ တော်တော်ခိုင်ခိုင်လုံလုံ စုံစမ်းတယ်။ စုံစမ်းပြီး စွဲချက်တင်ဖို့ အတိအကျရမှ စစ်ခုံရုံးနဲ့ စစ်တယ်။ စစ်ဆေးပြီး ပြစ်မှုထင်ရှားတဲ့အတွက် အပစ်ပေးလိုက်ပြီ။ ဒီအဆင့်အထိကတော့  ကောင်းသောလက္ခဏာလို့ ကျနော်တို့ကြိုဆိုရမယ်။ ဒါပေမယ့် ပွင့်လင်းမြင်သာမှုရှိရင်တော့ ပိုကောင်းနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုပြစ်မှုကျူးလွန်တာတွေကို ကျနော်တို့ အရေးယူပါတယ်။ Impunity လို့ခေါ်တဲ့ ပြစ်မှုကျူးလွန်သူတွေကို အရေးမယူဘဲ အကာအကွယ်ပေးတာဆိုတာ မရှိပါဘူးဆိုတာကို  ကျနော်တို့ ပြနိုင်မယ်ဆိုရင်  နောက်နောင် ပြစ်မှုကျူးလွန်သူတွေကိုလဲ အဟန့်အတားဖြစ်သွားနိုင်တယ်”

ရန်ကုန်မြို့ရှိ ရှေ့နေကြီး ဦးအောင်သိန်းကလည်း …..

“ ပြစ်ဒဏ်တခုချမှတ်တယ်ဆိုရင် ဘယ်ဥပဒေကြောင့် ဘယ်လိုကျူးလွန်လို့ ဘယ်ပုဒ်မအရ ပြစ်ဒဏ် ဘယ်လောက်ချလိုက်တယ်ဆိုတာ တရားစီရင်ရေးစနစ်မှာ ကျင့်ထုံးဖြစ်ပါတယ်။ စစ်တရားရုံးနဲ့ ပြစ်ဒဏ်ပေးပေး အရပ်ဖက်တရားရုံးနဲ့ ပြစ်ဒဏ်ပေးပေး ပွင့်လင်းမြင်သာမှုရှိအောင် ထုတ်ပြန်ကြေညာပေးသင့်ပါတယ်”

လန်ဒန်အခြေစိုက် မြန်မာ ရိုဟင်ဂျာအစည်းအရုံး ဥက္ကဋ္ဌ ဦးထွန်းခင်က တပ်မတော်ရဲ့ ထုတ်ပြန်ချက်ကို ယုံကြည်မှုမရှိဘူးလို့ RFA ကို ပြောပါတယ်။

“ ဒီတရားရုံးဆုံးဖြတ်ချက်မှာ ဘယ်သူတွေပါလဲ ဘယ်လိုတရားစီရင်ချမှတ်သလဲ-ဥပမာ ထောင်ဒဏ် ၅ နှစ် လား ၁ဝ နှစ်လား တသက်တကျွန်းချတာလား။ အဲဒါလုံးဝမရှိဘူး။ လုပ်နေကျအတိုင်း လူမျိုးတုံးသတ်ဖြတ်မှုရော၊ ရာဇဝတ်မှု ကျူးလွန်တာတွေ အများကြီးရှိတော့ ဒီဟာကို နိုင်ငံတကာအာရုံပြောင်းလဲအောင် ဗန်းပြပြီးလုပ်ဆောင်တာဖြစ်တယ်။  နိုင်ငံတကာစုံစမ်းစစ်ဆေးရေးကော်မတီ ဝင်ပြီးတော့ မစစ်ဆေးသရွှေ့ ဘာတခုမှ အမှန်တရားပေါ်ထွက်လာမှာမဟုတ်ဘူး”


ဘူးသီးတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်ကလည်း ဟန်ပြလုပ်ဆောင်ချက်ပဲလို့ ဝေဖန်ပါတယ်။

“ICJ ကိစ္စမှာ နိုင်ငံတကာတင်ပြလို့ ကောင်းအောင် သဘောလောက်ပဲ လုပ်တယ်ဆိုတော့ လိုအပ်ချက်တွေ ရှိတယ်လို့ ထင်ပါတယ်”


ဘင်္ဂလားဒေ့ရှ်နိုင်ငံ တန်ခါလီဒုက္ခသည်စခန်းက ရိုဟင်ဂျာလူငယ်အစည်းအရုံး ဒါရိုက်တာ ဦးခင်မောင် က တပ်မတော်ရဲ့ကြေညာချက်ဟာ တရားမျှတမှု မရှိဘူးလို့ ပြောပါတယ်။

“ ဒီကိစ္စကို လက်ခံလို့မရဘူး။ အရပ်သားအစိုးရလက်အောက်မှာရှိတဲ့ တရားကစစ်ဆေးမှသာ အမှုမှန်ပေါ်ပေါက်နိုင်မယ်။”


အခုလို ဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မေးမြန်းဖို့ ကြိုးစားပေမယ့် အခုအချိန်ထိ ဆက်သွယ်လို့ မရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။