ရေဦး ချမ်းသာရွာမှာ ရှေးဟောင်းဘုရားကျောင်း အပါအဝင် ရွာလုံးကျွတ်နီးပါး မီးရှို့ခံရ

ရေဦးမြို့နယ်က ကက်သလစ်ခရစ်ယာန်တွေ နေထိုင်တဲ့ ချမ်းသာရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ဘုရားကျောင်းနဲ့ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ချမ်းသာရွာမှ မီးရှို့ဖျက်ဆီးခံရသည့် ရှေးဟောင်း ခရစ်ယာန်ဘုရားကျောင်းအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်က ကက်သလစ်ခရစ်ယာန်တွေ နေထိုင်တဲ့ ချမ်းသာရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေက ဇန်နဝါရီ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေက ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နှစ်ပေါင်း ၁၂၉ နှစ်သက်တမ်းရှိတဲ့ “ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရသော မယ်တော်သခင်မ” ဘုရားကျောင်းနဲ့ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ဟာ ဇန်နဝါရီ ၁၄ ရက်နေ့က အခုမီးရှို့ခံရတဲ့ ခရစ်ယာန်ဘုရားကျောင်းကို ဝင်ရောက်စခန်းချပြီးနောက် ရွာထဲကနေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

"အခုချမ်းသာရွာက လေးကြိမ်မြောက်မီးရှို့ခံရတဲ့ အချိန်မှာ အကုန်ကုန်သလောက် ဖြစ်သွားပြီ"

ဇန်နဝါရီ ၁၅ ရက်နေ့ မနေ့ကမနက်မှာတော့ ခရစ်ယာန်ဘာသာဝင်တွေ စုဝေးဝတ်ပြုတဲ့ ပင်မဘုရားကျောင်းဆောင်ကြီး အပါအဝင် ခရစ်ယာန်ဘုန်းတော်ကြီးတွေ နေထိုင်တဲ့ ကျောင်းဆောင်၊ ခရစ်ယာန်သီလရှင်တွေရဲ့ ကျောင်းဆောင်တွေပါမကျန် မီးရှို့ဖျက်ဆီး ခံခဲ့ရတာလို့ ချမ်းသာရွာက ခရစ်ယာန်ဘာသာဝင်တွေက ပြောပါ တယ်။

အိမ်ခြေ ၆၀၀ နီးပါးရှိတဲ့ ချမ်းသာရွာဟာ အခု လေးကြိမ်မြောက် မီးရှို့ခံရတာဖြစ်ပြီး လက်ရှိမှာ အိမ်ခြေ ၂၀ လောက်ပဲ ကျန်တော့တယ်လို့ ချမ်းသာရွာက မီးလောင်ပြင်ကို ရှင်းလင်းရေးလုပ်နေတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခု ၁၂၉ နှစ် သက်တမ်းရှိတဲ့ဟာဆိုလည်း သူ့မှာ လောင်စာမရှိဘူး။ လောင်စာ မရှိတော့ ဘာလုပ်လဲဆိုတော့ အတွင်းမှာရှိတဲ့ ပရိဘောဂပစ္စည်းတွေ၊ တိုင်တွေကနေ အရင်စရှို့ပစ်လိုက်တယ်။ အပြင်က အုတ်ကအခွံကြီးပဲ ကျန်ခဲ့ပြီးတော့ ခေါင်တွေရော၊ ခေါင်းလောင်းတွေရော ပျက်ဆီးသွားတဲ့ မြင်ကွင်းမျိုး မြင်နေရတာ။ အခုတော့ သူတို့ ခရစ်ယာန်ဘာသာဝင်တွေက ရှင်းလင်းရေး တော်တော်များများလုပ်နေတယ်။ နောက်ပြီးတော့ ခရစ်ယာန်ကျောင်းဆိုတော့ စစ္စတာကျောင်းပါရှိတယ်။ အဲဒီ စစ္စတာ ကျောင်းဆောင်လည်း အကုန်ပျက်သွားပြီ။ ဒီခရစ်ယာန်ကျောင်းထဲမှာရှိတဲ့ အဆောင် အကုန်လုံးကိုရှို့တာ။ အခုလေး ကြိမ်မြောက်ကတော့ ဒီနေ့မှကို ကျနော်တို့ရှင်းတုန်း မီးတွေကဒီထဲမှာ မီးခိုးတွေနဲ့ လောင်နေတုန်းရှိသေးတာ။ အားလုံးပေါင်းတော့ အခုချမ်းသာရွာက လေးကြိမ်မြောက်မီးရှို့ခံရတဲ့ အချိန်မှာ အကုန်ကုန်သလောက် ဖြစ်သွားပြီ အလွန်ဆုံးကျန် အိမ် ၂၀ လောက်ပဲ ကျန်တော့မယ် အလွန့်အလွန်ဆုံး”

ချမ်းသာရွာဟာ စစ်ကောင်စီတပ်ရဲ့ အကြိမ်ကြိမ် ဝင်ရောက်စီးနင်းခံရပြီး မီးလေးကြိမ် ရှို့ခံရတဲ့ရွာဖြစ်ပါတယ်။

ပထမအကြိမ် ၂၀၂၂ မေလ ၇ ရက်နေ့မှာ နေအိမ် ၂၄ လုံး၊ ဒုတိယအကြိမ် ၂၀၂၂ ဇွန်လ ၇ ရက်နေ့မှာ ၁၃၁ လုံး၊ တတိယအကြိမ် ၂၀၂၂ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ၁၅၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ အခုတစ်ကြိမ်မှာ မီးရှို့ခံရတဲ့ အိမ် ၂၀၀ ကျော်ရှိနိုင်ပေမယ့် စာရင်းကောက်ယူနေဆဲဖြစ်တာကြောင့် အရေအတွက် အသေးစိတ်ကို မသိရသေးဘူးလို့လည်း သူက ပြောပါတယ်။

အခုနောက်ဆုံးတစ်ကြိမ် မီးရှို့ခံရမှုအပါအဝင် အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ မီးဘေးသင့် ပြည်သူကတော့ ၃၀၀၀ နီးပါးလောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချမ်းသာရွာက ခရစ်ယာန်ဘာသာဝင်တစ်ဦးကတော့ ဘာသာရေးရ အထွဋ်အမြတ်ထားတဲ့ ဘုရားကျောင်းမှာ တပ်စွဲစခန်းချတဲ့အပြင် အဆောက်အအုံတွေကိုပါ မီးရှို့သွားတာဟာ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

“ဒါကတော့ ဘာသာရေးအထွဋ်အမြတ်ထားရာ နေရာတွေပေါ့။ ကျနော်တို့ ဒီကျောင်း ဆိုတာကတော့ နှစ်ပေါင်း ၁၃၀ ပြည့်ဖို့ တစ်နှစ်ပဲလိုတော့တယ်ပေါ့နော်။ ဒီမှာတော့ ဘုန်းကြီးကျောင်းရော၊ ဘုရားကျောင်းရော၊ သီလရှင်ကျောင်းရော ဒီလိုကြီးလုပ်သွား တာက မဖြစ်သင့်တဲ့အရာပေါ့နော်။ ကျောင်းမှာဆိုလည်း ဒီမှာအမြဲတမ်းဝင်ထွက်ပြီး တည်းနေကြတယ်ပေါ့နော်။ အခုတစ်ခေါက်ကျတော့ အဲဒီလိုမျိုးကြီးလုပ်သွားတယ် ဆိုတော့ ဘယ်ရှုထောင့်ကပဲကြည့်ကြည့် မဖြစ်သင့်ဘူးလို့ ကျနော့်အနေနဲ့ မြင်တာပေါ့နော်”

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တပ်မတော်စစ်ကြောင်းတွေအနေနဲ့ အရပ်သားတွေနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ ဘယ်လိုနည်းနဲ့မှ လုပ်စရာအကြောင်း မရှိဘဲ PDF တွေကသာ ကျူးလွန်နေကြတာလို့ အရင်က ပြောဆိုထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ရေဦးမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွေးကတော့ ဘာသာရေးအဆောက်အအုံတွေကို ဖျက်ဆီးတာက စစ်ရာဇဝတ်မှုကို ကျူးလွန်တာလို့ မှတ်ချက်ပြုပါတယ်။

“စစ်တိုက်တယ်။ လက်ခံပါတယ် သူသေကိုယ်သေ တိုက်ကြတဲ့ပွဲမှာ သူသေကိုယ်သေ တိုက်ကြတာ။ စစ်တပ်ရဲ့ သဘောသဘာဝအရ ပင်မထောက်ပို့လမ်းကြောင်းတွေ ဖြတ်တောက်ကြတာ ဒါကျနော်တို့လည်း နားလည်ပါတယ်။ သို့သော် ဘာသာရေး အဆောက်အအုံဆိုတာတော့ ကမ္ဘာ့နိုင်ငံအသီးသီး ယဉ်ကျေးသိမ်မွေ့တဲ့ လူသားဆန်တဲ့ လူသားပီသတဲ့ စစ်တပ်တွေမှာတော့ လုပ်ရုံးထုံးစံမရှိဘူး။ အခုဖြစ်တာက တကယ် နှစ်ပေါင်း ၁၃၀ လောက် သက်တမ်းရှိတဲ့ သမိုင်းရှေ့ဟောင်းအမွေအနှစ် အဆောက်အအုံကို ဖျက်ချထားခဲ့တာပေါ့။ အခြားဘာသာရဲ့ အထွဋ်အမြတ်ကို ဖျက်ဆီးတာ လုံးဝလက်ခံနိုင်ဖို့အတွက် အတော့်ကို ခဲယဉ်းတယ်။ နှမြောလည်း နှမြောတယ်ပေါ့နော်။ ယဉ်ကျေးမှုအမွေအနှစ်အရသော်လည်းကောင်း ဘာသာရေး အဆောက်အအုံအရသော်လည်းကောင်း လုံးဝမလုပ်သင့်တဲ့အလုပ်ကို ကျူးလွန်တာ ဖြစ်တယ် ဒါက တကယ့်ကို War Crimes ပဲ”

စစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကစလို့ ရေဦးမြို့နယ်အတွင်း နယ်မြေ ရှင်းလင်းရေး လုပ်နေတာပါ။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ပထမပတ်ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်ထိ နယ်မြေ ရှင်းလင်းရေးအတွင်း ရေဦးမြို့နယ်မှာရှိတဲ့ ရွာပေါင်း ၂၁ ရွာက နေအိမ် ၂၁၃၁ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့က ကုံးသာရွာပါ မီးရှို့ခံခဲ့ရပြီး ဆုံးရှုံးသွားတဲ့ အိမ်ခြေအရေအတွက် ကိုတော့ မသိရသေးပါဘူး။

အခုဝင်ရောက်စီးနင်းတဲ့ စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်း မော်လိုက်မြို့အခြေစိုက် အမှတ် (၃၆၄) ခြေမြန်တပ်ရင်းနဲ့ ရန်ကုန်တိုင်း မှော်ဘီအခြေစိုက် အမှတ် (၇၀၁) ခြေမြန်တပ်ရင်းတို့ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ချမ်းသာရွာကတော့ ရေဦးမြို့ရဲ့ အနောက်ဘက် ကိုးမိုင်ကျော်အကွာမှာတည်ရှိပြီး ဘရင်ဂျီလို့ခေါ်တဲ့ ပေါ်တူဂီနွယ်ဝင် ခရစ်ယာန်ဘာသာကိုးကွယ်သူတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ အတူတကွ ယှဉ်တွဲနေထိုင်ကြတဲ့ ရွာကြီးတစ်ရွာဖြစ်ပါတယ်။

ရေဦးမြို့နယ် ချမ်းသာရွာမှ မီးရှို့ဖျက်ဆီးခံရသည့် ရှေးဟောင်း ခရစ်ယာန်ဘုရားကျောင်းနှင့် ဘာသာရေးအဆောက်အအုံများအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘို ဇာတိရွာဖြစ်တဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မုံလှရွာမှာလည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်က နေအိမ်တွေ မီးရှို့ခံရပြီး အရပ်သားပြည်သူတွေလည်း သေဆုံးခဲ့ပါတယ်။

၂၀၂၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းထဲက ခရစ်ယာန်ဘာသာဝင်တွေနေထိုင်တဲ့ ခင်ဦးမြို့နယ် မုံလှရွာ၊ တန့်ဆည်မြို့နယ် ချောင်းရိုးရွာနဲ့ ရေဦးမြို့နယ် ချမ်းသာရွာတွေကို စစ်ကောင်စီ တပ်က ဝင်ရောက်စီးနင်းမှုမှာ ခရစ်ယာန် ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရသလို အရပ်သား ကိုးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ခင်ဦး၊ ရေဦးမြို့နယ်တွေနဲ့ ထိစပ်နေတဲ့ ကန့်ဘလူမြို့နယ်မှာတော့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း အစ္စလာမ် ဘာသာဝင်တွေနေထိုင်တဲ့ ကျီစုရွာမှာ ဗလီတစ်လုံးနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရသလို ကျောက်တိုင်ရွာမှာတော့ ဆွမ်းစားဆောင်တစ်လုံးနဲ့ နေအိမ်တွေမီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

ပဋိပက္ခအတွင်း မီးလောင်မှုဖြစ်စဉ်တွေကို စာရင်းပြုစုနေတဲ့ Data for Myanmar အဖွဲ့ရဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ စစ်ကိုင်းတိုင်း အတွင်း နေအိမ် ၂၇,၄၉၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းက ဒေသခံ ခြောက်သိန်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org