ဒေသခံတွေလိုလားတဲ့ တရုတ်ပိုက်လိုင်း ကုမ္ပဏီရဲ့လူမှုဖွံ့ဖြိုးရေး
2019.10.25

ကန်ဒေါ်လာ သန်းချီဝင်ငွေရှာပေးနေတဲ့ တရုတ်-မြန်မာ ပိုက်လိုင်းဖြတ်သန်းရာဒေသတချို့မှာ တရုတ်ကုမ္ပဏီဖက်က လူမှုရေးအကျိုးပြုလုပ်ငန်းတွေ လုပ်နေပေမယ့်၊ တကယ်ထိရောက်တဲ့ အခြေခံလိုအပ်ချက်တွေကို ဆောင်ရွက်ပေးဖို့ ဒေသခံတွေက ထုတ်ဖော်ပြောဆိုလာကြပါတယ်။
မြန်မာ-တရုတ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာလမ်းတလျှောက်မှာ သဘာဝပတ်ဝန်းကျင်ကိစ္စတွေနဲ့ ဒေသအတွက် အမှန်တကယ်လိုအပ်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ အဲဒီစီမံကိန်းကို စောင့်ကြည့်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့မှာ အဲဒီရေနံပိုက်လိုင်းကုမ္ပဏီ SEAOP-SEAGP က ပြင်ဦးလွင်မြို့နယ် သုံတောင်ကျေးရွာမှာ ကျပ် သန်း ၂၆၀ ကုန်ကျခံဆောက်လုပ်ထားတဲ့ နှစ်ထပ်ဆောင် အခြေခံပညာအထက်တန်း ကျောင်းတစ်ခု ဆောက်လုပ်လှူဒါန်းတဲ့ ကျောင်းဆောင်လွဲှပြောင်းပွဲကို တက်ရောက်လာသူတချို့က အခုလို ပြောဆိုကြတာပါ။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရမ်းဗြဲကျွန်းကနေထွက်ရှိတဲ့ ဓာတ်ငွေ့ပိုက်လိုင်းဟာ စစ်အစိုးရလက်ထက် ၂၀၀၄ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပြီးတော့၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တွေကို ဖြတ်သန်းသွားပြီး တရုတ်နိုင်ငံ ရွှေလီမြို့ထိ ဆက်သွယ်ထားတာပါ။ ဓာတ်ငွေ့တွေကို ၂၀၁၃ ခုနှစ်ကတည်းက တရုတ်နိုင်ငံကို နှစ်စဉ်ပို့လွှတ်နေတာပါ။
ကုမ္ပဏီက ထုတ်ဝေတဲ့စာအုပ်တွေမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအကြောင်း အနည်းငယ်ပဲ ဖော်ပြတာဟာ လုံလောက်မှု့မရှိဘူးလို့ မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေးအဖွဲ့က ဦးရဲသိမ်းဦးက ပြောပါတယ်။
"သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုလိုအပ်ချက်တွေက အများကြီးရှိတာပဲ၊ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းမှု ဥပဒေအရ ပိုက်လိုင်းလမ်းကြောင်းကြီးမှာ လုပ်ဖို့လိုသေးတယ်။ လမ်းကြောင်းတလျှောက်မှာ မတူညီတဲ့မြေတွေကို ဖြတ်သန်းထားတာကြောင့်မို့လို့ မတ်စောက်တဲ့နေရာတွေမှာ ကာကွယ်ရေးတွေ လိုက်ထိန်းပေမယ့် ပတ်ဝန်းကျင်ထိန်းသိမ်းမှု အစီရင်ခံစာမှာ ပိုက်လုံးလမ်းကြောင်းတစ်ခုတည်း ကြံ့ခိုင်ရေးအတွက် မဟုတ်ဘဲနဲ့ လမ်းဘေးဝဲယာကိုပါ လုပ်ဖို့လိုတယ်"
ဒီပိုက်လိုင်းဖြတ်သန်းတဲ့အတွက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၃.၈၁ သန်း မြန်မာနိုင်ငံက ရရှိပါတယ်။ အလားတူပဲ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၂ သန်းကိုလည်း ပိုက်လိုင်းဖြတ်သန်းရာ လမ်းတလျှောက်က ဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုတယ်လို့ စီမံကိန်းတာဝန်ရှိသူတွေပြောပြလို့ သိရပါတယ်။
ပိုက်လိုင်းဖြတ်သန်းသွားပေမယ့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လာရောက်လုပ်ဆောင်ပေးတာ မရှိသေးလို့ လာရောက်လုပ်ပေးစေချင်တယ်လို့ ပြင်ဦးလွင်မြို့နယ် မီးသွေးဖိုရွာက ဦးတိုးနိုင်က ပြောပါတယ်။
"ဖွံ့ဖြိုးရေးအတွက်တော့ ဘာမှမပေးသေးဘူး၊ ရွာအနေနဲ့ကတော့ ကျေးရွာချင်းဆက်လမ်း တောင်းဆိုချင်တယ်"
အရှေ့တောင်အာရှရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ဒုတိယ အထွေထွေမန်နေဂျာ လီဝန်ဘန် Mr Li Wen Bin ကလည်း ကုမ္ပဏီဖက်က ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် နှစ်စဉ်ဘတ်ဂျက်ငွေ လျာထားချက်ရှိတယ်လို့ ဆိုပါတယ်။
"တစ်နှစ်အတွက် လျာထားတဲ့ငွေနဲ့နှစ်စဉ် လုပ်ဖို့လျာထားတယ်။ ပိုက်လိုင်းဖြတ်တဲ့တိုင်းတွေကို ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အဓိကထား လုပ်ဆောင်ပေးတယ်။ ပညာရေး၊ ကျေးလက် ရေချိုရရှိရေး၊ ကျန်းမာရေး အပိုင်းတွေကို လုပ်ပါတယ်။ သတ်မှတ်ထားတဲ့နှုန်းနဲ့ လုပ်တာပါ။ ဒေသဖွံဖြိုးရေး လုပ်တဲ့အခါ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ (MOGE) နဲ့လည်း တိုင်ပင်ပြီးလုပ်တာပါ"
တစ်ဆက်တည်းမှာပဲ မြန်မာ့စွမ်းအင်ရဲ့ အသက်သွေးကြောဖြစ်တဲ့ မြန်မာ-တရုတ် ပိုက်လိုင်း လုံခြုံချောမွေ့စွာ လည်ပတ်နိုင်ဖို့ အများပြည်သူတွေနဲ့ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပိုက်လိုင်း စတင်လည်ပတ်ချိန်ကစတင်ပြီး ဒီကနေ့အချိန်ထိဆိုရင် အမေရိကန်ဒေါ်လာ ၁.၆၉၃၈ ကုန်ကျတဲ့ လူမှုအကျိုးပြုလုပ်ငန်းပေါင်း ၅၄ ခုပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ ကုမ္ပဏီဖက်က ပြောပါတယ်။
အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီက လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ အကျိုးတူပူးပေါင်းလုပ်ဆောင်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။။