နယ်စပ်အနီး စစ်ရေးလေ့ကျင့်ပြီး စစ်ကောင်စီနဲ့ မြောက်ပိုင်းအဖွဲ့တွေကို တရုတ် သတိပေး

၂၀၁၇ ခုနှစ်၊ မတ်လအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တဲ့ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားချိန်ကလည်း တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) ဟာ နယ်စပ်ဒေသ တစ်လျှောက်မှာ ကျည်အစစ်တွေ သုံးပြီး အခုလို စစ်ရေး လေ့ကျင့်မှုတွေကို လုပ်ခဲ့ပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) တပ်ဖွဲ့ဝင်တချို့အား တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၁၄ ခုနှစ် ဇွန်လ ၂၇ ရက်ကတွေ့ရစဉ်။ Reuters

တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ် တောင်ပိုင်းမှာ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေတဲ့ စစ်ရေး လေ့ကျင့်မှုတွေကို နိုဝင်ဘာ ၂၅ ရက်ကစလို့ လုပ်ဆောင်နေကြောင်း တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) တောင်ပိုင်းစင်္ကြံ စစ်ဦးစီးဌာနချုပ်က နိုဝင်ဘာ ၂၅ ရက်နေ့က ကြေညာပါတယ်။

ဒီလေ့ကျင့်မှုကို တရုတ်အစိုးရပိုင် မီဒီယာတွေကနေ နိုဝင်ဘာ ၂၇ ရက်အထိ သုံးရက်ဆက်တိုက် ဖော်ပြနေပေမယ့် လေ့ကျင့်တဲ့နေရာ၊ တပ်ဖွဲ့ဝင် အရေအတွက်နဲ့ ရက်ဘယ်လောက်ကြာကြာ လေ့ကျင့်မယ် ဆိုတာတွေကို အတိအကျ ပြောမထားပါဘူး။

တရုတ် ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့နေ့စဉ် အွန်လိုင်းသတင်းမှာတော့ တရုတ်-မြန်မာနယ်စပ်က အရေးပါတဲ့ ကုန်သွယ်ရေးစခန်းတွေကို မြောက်ပိုင်း မဟာမိတ်တပ်တွေက သိမ်းယူပြီးနောက် ယူနန်ပြည်နယ်ထဲက မြန်မာနဲ့ နယ်စပ်တစ်လျှောက်မှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတာလို့ နိုဝင်ဘာ ၂၇ ရက် ဒီနေ့ ဖော်ပြပါတယ်။

“ဒီတစ်ကြိမ် စစ်ရေးလေ့ကျင့်မှုဟာ ၂၀၁၇ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်ပြုလုပ်တာပါ”

ဒါဟာ အိမ်နီးချင်းနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်စွက်ဖို့ထက် မြန်မာနိုင်ငံက ပြည်တွင်းစစ်ကြောင့် သက်ရောက်မှုတွေ ဖြစ်လာတဲ့အခါ တရုတ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိန်းသိမ်းစောင့်ရှောက်ဖို့၊ နယ်စပ်ဒေသ တည်ငြိမ်ဖို့၊ တရုတ်ပြည်သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ တရုတ်တပ်ဖွဲ့တွေက အမြဲအသင့်ပြင်ထားတာလို့ ကျွမ်းကျင်သူတွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။

ဒါဟာ အရေးကြုံလာရင် တရုတ်ပြည်သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ တရုတ်တပ်ဖွဲ့က အသင့် ပြင်ထားတယ်ဆိုတာကို ကြိုတင် အသိပေးလိုတဲ့ သဘောလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“အဓိကအားဖြင့် သူ့ရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့နဲ့ သူ့ပြည်သူတွေရဲ့ ထိခိုက်နစ်နာမှု အနည်းပါးဆုံး ဖြစ်ရေးအတွက် ဒီလှုပ်ရှားမှုကို လုပ်တယ်လို့ ယူဆပါတယ်။ ၁၀၂၇ စီမံကိန်းနဲ့ တိုက်ရိုက်အားဖြင့် ပတ်သက်ခြင်း မရှိပါဘူး။ ဒါပေမဲ့ အဲဒီကနေ ဖြစ်လာနိုင်တဲ့ နယ်စပ်ဒေသက တရုတ်ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ အသက် အိုးအိမ် စည်းစိမ် ကာကွယ်ဖို့အတွက် အသင့်ပြင်ဆင်ထားတဲ့အကြောင်း ကြိုတင်ပြီး အကြောင်းကြားပေးထားတာ ဖြစ်ပါတယ်”

ဒီတစ်ကြိမ် စစ်ရေး လေ့ကျင့်မှုဟာ ၂၀၁၇ နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ပြုလုပ်တာလို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

၂၀၁၇ ခုနှစ်၊ မတ်လအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တဲ့ စစ်ရေး ပဋိပက္ခတွေ ဖြစ်ပွားချိန်ကလည်း တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) ဟာ နယ်စပ်ဒေသ တစ်လျှောက်မှာ ကျည်အစစ်တွေ သုံးပြီး အခုလို စစ်ရေး လေ့ကျင့်မှုတွေကို လုပ်ခဲ့တယ်လို့ တရုတ် ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့နေ့စဉ်သတင်းက ဖော်ပြပါတယ်။

တရုတ်နယ်စပ် စစ်ရေး လေ့ကျင့်မှုတွေနဲ့ ပတ်သက်လို့ တရုတ်ဘက်က စစ်ကောင်စီကို အကြောင်းကြားထားပြီးသားလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုဝင်ဘာလ ၂၆ ရက်နေ့က စစ်ကောင်စီ မီဒီယာတွေကတစ်ဆင့် ပြောပါတယ်။

“နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး၊ နယ်မြေဒေသ လုံခြုံအေးချမ်းရေးအတွက် ဆောင်ရွက်ရခြင်း ဖြစ်တယ်ဆိုတာကို မြန်မာနိုင်ငံဘက်ကို အကြောင်း ကြားလာပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ မူဝါဒအဖြစ် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေး မူဝါဒကို ရပ်တည်နေပါတယ်။ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို အမြဲတမ်း လက်တွဲ ဆောင်ရွက်သွားမှာဖြစ်ကြောင်း အကြောင်းကြားလာပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း တရုတ်နိုင်ငံနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး ငါးရပ်ကို နေထိုင်ဆောင်ရွက်လျက် ရှိပါတယ်။ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေး လုံခြုံရေးကို ပူးပေါင်း ဆောင်ရွက်လျက် ရှိပါတယ်”

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး တရုတ်နိုင်ငံဟာ စဖြစ်ချိန်ကစလို့ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် တောင်းဆိုခဲ့တဲ့အပြင် မြန်မာနိုင်ငံ‌ရောက် အခြားနိုင်ငံခြားသားတွေကို တရုတ်နိုင်ငံကတစ်ဆင့် ဘေးကင်းရာ ရွှေ့ပြောင်းပေးနိုင်ဖို့နဲ့ ကူညီကယ်ဆယ်ရေးအတွက် မြန်မာနိုင်ငံနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားနေတယ်လို့ ထုတ်ပြန်ပါတယ်။

ဘယ်လို စစ်ရေး လေ့ကျင့်မှုတွေပဲလုပ်လုပ် တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြားမှာ နားလည်မှုက ရှိပြီးသားလို့ သေနင်္ဂ မဟာဗျူဟာ လေ့လာရေး အင်စတီကျု့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။

“တပ်မတော်နဲ့ EAO တွေ တိုက်ကြတဲ့အချိန်မှာဆိုရင် သူက သူ့နယ်စပ်ကို ကာကွယ်ဖို့အတွက် လေ့ကျင့်လေ့ရှိတယ်။ သိပ်ထူးဆန်းတဲ့ကိစ္စ မဟုတ်ဘူး။ ကောလာဟလတွေ ထင်မြင်သုံးသပ်ချက်တွေ အများကြီး ထွက်နိုင်တယ်။ တကယ်တမ်းက တရုတ်နဲ့ မြန်မာကြားထဲမှာ နှစ်နိုင်ငံ နိုင်ငံခြားရေးဆိုင်ရာ ဆက်ဆံမှု ဘယ်လောက် ပေါင်းစည်းမလဲ၊ စစ်ရေး လေ့ကျင့်မှုကို ဘယ်လို နှစ်နိုင်ငံကြားထဲမှာ ရှိနေမလဲ၊ အဲဒါက အဓိကကျတဲ့အချက်ပဲ။ စစ်ရေး လေ့ကျင့်မှုနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံကြား နားလည်မှုရှိရင် ဒါက ပြီးသွားပြီ”

တရုတ်နိုင်ငံ ထူထောင်ခြင်း နှစ် ၇ဝ ပြည့်အခမ်းအနား ဂုဏ်ပြုစစ်ရေးပြချီတက်ပွဲကို တက်ရောက်သည့် တရုတ်လွတ်မြောက်ရေးတပ်မတော်(PLA) တပ်ဖွဲ့ ဝင်များအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့ကတွေ့ရစဉ်။ (Photo: Xinhua)

တရုတ်နိုင်ငံ အခြေစိုက် နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောကတော့ ဒီလေ့ကျင့်မှုဟာ မြန်မာနိုင်ငံ ရှမ်းမြောက်ဒေသမှာ ဖြစ်နေတဲ့တိုက်ပွဲတွေ သူ့နိုင်ငံဘက်ကို ကျော်မလာစေဖို့ စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့ နှစ်ဘက်စလုံးကို တရုတ်ဘက်က သတိပေးလိုက်တာလို့ ပြောပါတယ်။

“စစ်ပွဲ မဖြစ်လာရေးအတွက် ကြိုတင် ကာကွယ်တာပေါ့ဗျာ၊ အဲဒီဟာကို သုံးပုံရတယ်။ ခြိမ်းခြောက်လိုက်တာပေါ့။ သူတို့မှာ ဒီအင်အားတွေ ရှိတယ်။ ဒီအင်အားကို ကျော်နိုင်ရင် လုပ်ဆိုပြီး ဗမာပြည်ဘက်ကလည်း အကြံကုန်တော့ တရုတ်ဆန့်ကျင်ရေးတွေ ဘာတွေ လုပ်တာကိုး။ လုပ်တဲ့အခါကျတော့ ကဲ … ဒီမှာကြည့်ဆိုပြီး စစ်ပွဲမဖြစ်အောင် တားတဲ့ပုံစံပါပဲ။ စစ်ကောင်စီကို နည်းနည်း သတိပေးတာပေါ့ဗျာ။ စစ်ကောင်စီတင် မဟုတ်ပါဘူး။ အဲဒီဒေသတစ်ဝိုက်က်မှာ ဖြစ်နေတဲ့စစ်ပွဲတွေ သူ့နိုင်ငံဘက်ကို ကျော်မလာဖို့ သတိပေးတဲ့အနေနဲ့လည်း ပါတယ်”

အောက်တိုဘာ ၂၇ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မြောက်ပိုင်း ညီနောင်သုံးဖွဲ့ စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ နိုဝင်ဘာလ ၂၇ ရက် ဒီနေ့မှာ တစ်လ ပြည့်ပါပြီ။ တစ်လ ပြည့်တဲ့နေ့မှာပဲ တစ်နိုင်ငံလုံး စစ်ဆင်ရေး (Nationwide Operation) ကို စတင်မယ်လို့ မြောက်ပိုင်းသုံးဖွဲ့က နိုဝင်ဘာလ ၂၄ ရက်နေ့ကတည်းက ကြိုတင် ကြေညာထားပါတယ်။

တစ်နိုင်ငံလုံးက လူတိုင်း ပါဝင်တဲ့ စစ်ဆင်ရေးကြီးဖြစ်မှ စစ်အာဏာရှင်စနစ် အမြစ်ပြတ်မှာမို့ ဒီစစ်ဆင်ရေးမှာ လူတိုင်း၊ တစ်ဦးချင်းစီ ပါဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ စစ်ဆင်ရေး တစ်လအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၁၇၀ ကျော်ကို သိမ်းယူခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org