မြန်မာ့အရေး တရုတ်ကို ဘယ်လောက် ပတ်သက်ခွင့်ပေးမှာလဲ


2016.07.28

မြန်မာ့အရေးမှာ တရုတ်နိုင်ငံပါဝင်နေတဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီး RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားတာနားဆင်နိုင်ပါပြီ။

အခုရက်ပိုင်း ကချင်ဒေသမိုင်ဂျာယန်မှာကျင်းပနေတဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ ညီလာခံမှာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယား တက်ရောက်တာတွေ့ရသလို၊ တရုတ်အစိုးရ ရဲ့အထူးကိုယ်စားလှယ် စုကို့ရှန် လည်း ညီလာခံအဖွင့်နေ့မှာတက်ပြီး စကားပြောနေတာတွေ့လိုက်ရပါတယ်။

အဲဒီတရုတ်ကိုယ်စားလှယ်ရဲ့စကားထဲမှာ မြန်မာပြည်ငြိမ်းချမ်းရေးရဖို့အတွက် တရုတ်ကထောက်ခံ အားပေးနေတဲ့အကြောင်းနဲ့ အပစ်အခတ်ရပ်စဲရေးပူးတွဲစောင့်ကြည့်ကော်မတီ JMC ကိုလည်း အမေရိကန်ဒေါ်လာ ၃ သန်းကူညီထားတဲ့အကြောင်းထည့်သွင်းပြောဆိုသွားပါတယ်။

ဒါဟာ မြန်မာ့အရေးမှာ တရုတ်အစိုးရရဲ့ပါဝင်ပတ်သက်မှုဘယ်လောက်ရှိနေလဲဆိုတာကို အထင်အရှား ပြသလိုက်တာဖြစ်လို့ ဒီလိုပတ်သက်မှုအပေါ် ရှမ်းတိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခွန်ထွန်းဦးရဲ့ အမြင်ကိုမေးကြည့်တော့ " တရုတ်ကတော့ပါရမယ်ထင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူ့နားမှာလည်း အကုန်လုံးကဖြစ်နေတာကိုး။ ကျနော်တို့အမြင်ကတော့ KIO ကပဲဖိတ်သလား၊ သူတို့လဲပါရမယ်ဆိုတဲ့သဘောထားရှိခဲ့တော့ တရုတ်ကိုထည့်ထားတာကောင်းမယ်လို့တော့ ထင်ကြတာပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်က လက်နက် supplier ဖြစ်နေတာ၊ လက်နက်တွေ တရုတ်ဖက်ကဝင်နိုင်တယ်မဝင်နိုင်ဘူးဆိုတာသက်သေမရှိပေမယ့် သံသယကတော့ရှိနေပြီပဲလေ" လို့ပြောပါတယ်။

မြန်မာ့အရေးလေ့လာသူဒေါက်တာရန်မျိုးသိမ်းကတော့ မြန်မာ့အရေးမှာတရုတ်ရဲ့အခန်းကဏ္ဍပါနေ တာနဲ့ပတ်သက်ပြီး၊ "ကျနော့်အမြင်ကတော့ ပထမအချက်က မိုင်ဂျာယန်ညီလာခံမှာ တရုတ်ကိုယ်စား လှယ်တက်ဖို့ တိုင်းရင်းသားအဖွဲ့တွေကဖိတ်ခဲ့တယ်လို့နားလည်တယ်၊ နောက်ပြီးတော့ လက်ရှိ ပြည်တွင်းစစ်ဖြစ်နေတဲ့နယ်မြေတွေဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ဆက်စပ်နေတာကအကြောင်း တခုလို့မြင်တယ်။ နောက်တချက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကလည်း မြန်မာ့နိုင်ငံရေး၊ ငြိမ်းချမ်းရေးပြသနာတွေဖြေရှင်းတဲ့အခါမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အရေးပါမှုကို အလေးအနက်အသိအမှတ်ပြုထားတယ်၊ အဲဒီအချက်တွေနဲ့ဆက်စပ်နေတယ်လို့ ထင်ပါတယ်" လို့သုံးသပ်ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ရှေ့နေဦးအောင်သိန်းကတော့ " မြန်မာ့နိုင်ငံရေးမှာ ဘာဖြစ်လို့ တရုတ်ရဲ့ သြဇာလွှမ်းမှုကဝင်နေရတာလဲ" လို့မေးခွန်းထုတ်လိုက်ပြီး၊ " ဒီအချိန်ကျနော်တို့ နိုင်ငံမှာ တရုတ်ရဲ့အကျိုးစီးပွါးတွေရှိနေတယ်ဗျာ၊ မြစ်ဆုံရေကာတာစီမံကိန်းတို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတို့ပေါ့နော်၊ အဲတော့ နယ်စပ်ကပြသနာတွေမှာ သူလဲထဲထဲဝင်ဝင်ပါဝင်နေတယ် ဆိုတာပြတာပေါ့နော်၊ ဆိုတော့ ကြားကနေသမာသမတ်ကျကျနေမယ်ဆိုရင်လဲ ညီလာခံတက်ချင်ရင် တက်ပေါ့၊ ဘာမှတော့ ပြောဆိုခွင့်တွေဘာတွေမပေးသင့်ဘူး၊ ကုလသမဂ္ဂအနေနဲ့ပါဝင်ပတ်သက်ပြီး ပြောဆိုနေတာတော့တပိုင်းပေါ့။ နိုင်ငံတခုကကျနော်တို့ကိစ္စမှာဒီလောက်ထိပါဝင်ပတ်သက်လာတာ မျိုးလက်ခံဖို့တော့မဖြစ်သင့်ဘူး" လို့သုံးသပ်ပါတယ်။

တရုတ်ဟာ မြန်မာနိုင်ငံရဲ့အကြီးဆုံးကုန်သွယ်ဖက်နဲ့ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံဖြစ်သလို၊ မြန်မာစစ် အစိုးရအဆက်ဆက်မှာ အာဏာရအစိုးရဘက်ရော သူ့နယ်မြေနဲ့ထိစပ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ပါ စစ်ရေး၊ စီးပွါးရေးဆက်ဆံမှု အတော်များများရှိခဲ့ပြီး အသာစီးရနေခဲ့ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ ဦးခွန်ထွန်းဦးက" မြစ်ဆုံကလည်း သန်း ၈ဝဝ ယူထားပြီးပြီ၊ သိလဲမသိရဘူး၊ ဘာမှလဲမလုပ်ရသေးဘူး၊ အဲဒီငွေအတွက် တရုတ်ကအတိုးတောင်းနေပြီ။ သူကမြစ်ဆုံကိုသိပ်အဓိကထားတယ်၊ အဲဒီအပြင် ကျောက်ဖြူကနေ ဓါတ်ငွေ့ပိုက်လိုင်းနဲ့ ရထားလမ်းဖေါက်ဖို့ပြောလက်စရှိနေတယ်၊ နောက်ဆုံးကျနော် တို့ရှမ်းပြည်နယ် က လယ်သမားတွေတော်တော်ဒုက္ခရောက်နေပြီ။ နှစ်စဉ်တင်ပို့နေကျ ပြောင်းကိုပိတ်လိုက်တော့ ခုထိရောင်းမထွက်သေးဘူး။ ရှမ်းတောင်၊ ရှမ်းမြောက် သန်းပေါင်း ၃ သိန်းကျော်တယ်၊ ကုန်သည်ကြီး များအသင်းကလည်းဖြေရှင်းမပေးနိုင်ပဲဖြစ်နေတယ်။ နောက်ပြီး သရက်သီး၊ ဖရဲသီးကုန်သည်တွေလဲ အခက်တွေ့နေတာပဲ " လို့ပြောပါတယ်။

တကယ်တော့ တရုတ်အစိုးရဟာ မြန်မာနိုင်ငံမှာသာမကပဲ အာဆီယံအဖွဲ့ထဲမှာပါ သူ့နိုင်ငံအကျိုးစီးပွါး အတွက် အင်နဲ့အားနဲ့လုပ်ကိုင်နေတာတွေ့ရပါတယ်။ တောင်တရုတ်ပင်လယ်ထဲမှာ ရေပိုင်နက် ပိုင်ဆိုင်မှုချဲ့ထွင်လို့အိမ်နီးချင်းနိုင်ငံတွေနဲ့အခြေအနေတင်းမာနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး အဲဒီ တောင်တရုတ်ပင်လယ်ကို တရုတ်ပိုင်တယ်ဆိုတဲ့သမိုင်းအထောက်အထားမရှိဘူးလို့ နိုင်ငံတကာ ခုံရုံးဆုံးဖြတ်ချက်အပေါ် ပြီးခဲ့တဲ့ရက်က လာအိုနိုင်ငံ ဗီယင်ကျင်းမြို့မှာ ကျင်းပသွားတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးမှာ သဘောထားထုတ်ပြန်ဖို့ကြိုးစားခဲ့တဲ့အခါ ကမ္ဘောဒီးယားကသဘောမတူတဲ့အတွက် ပျက်ပြယ်သွားခဲ့ပါတယ်။

အဲဒီအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးမတိုင်ခင် ဇူလိုင်လ ၁၅ ရက်နေ့က သတင်း တပုဒ်မှာ တရုတ်က ကမ္ဘောဒီးယားကိုအမေရိကန်ဒေါ်လာသန်း ၆ဝဝ ကူညီမယ်လို့ပြောလိုက်တာ ဖတ်လိုက်ရပါတယ်။ ကမ္ဘောဒီးယားမှာလဲ တရုတ်ကရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံဖြစ်နေပါတယ်။

အဲဒီလို ကမ္ဘာ့အင်အားကြီးဖြစ်လာတဲ့ တရုတ်နိုင်ငံဟာ ဓနအင်အားကြီးလာတာနဲ့အမျှ စစ်အင်အား မှာလည်းတိုးချဲ့နေပါတယ်။ ဒီနှစ်စစ်အသုံးစရိတ်ကို အရင်ထက် ၇ ရာခိုင်နှုန်းကျော် တိုးမြှင့်သုံးစွဲမှာဖြစ် သလို၊ လက်ရှိတရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှာသုံးနေတဲ့ သေနတ်ဟောင်းတွေကို သေနတ်အသစ်တွေနဲ့လဲလှယ်မယ့်အစီအစဉ်လဲရှိနေပါတယ်။ ဒါကြောင့် " ကျနော်တို့သိရ သလောက်ဆိုရင် ၂ဝ၁၇ နှစ်ထဲမှာပဲ တရုတ်တပ်မတော်ကလက်နက်တွေပြောင်းတော့မယ်။ ရိုင်ဖယ်ပေါင်းတသန်းလောက်က မသုံးတော့ပဲ အသစ်တွေနဲ့အစားထိုးတော့မယ်၊ အဲဒီလက်နက် ဟောင်းတွေက ပြည်တွင်းပဋိပက္ခဖြစ်နေတဲ့နိုင်ငံတွေဆီကိုရောက်သွားနိုင်လို့ ရင်လေးစရာကောင်း တယ်" လို့ ဦးခွန်ထွန်းဦးက သုံးသပ်ပါတယ်။

တောင်တရုတ်ပင်လယ်ထဲမှာ ကျွန်းတုတွေတည်ဆောက်ပြီး ရေပေါ်နျူကလီးယားစက်ရုံအသေးစား ၂၀ တည်ဖို့စီစဉ်နေတဲ့ တရုတ်ဟာစစ်အသုံးစရိတ်ပိုပြီးသုံးနေတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဦးအောင်သိန်းက " ဓနအင်အားရှိလာတဲ့အခါကျတော့ ဒါကိုသုံးပြီး နယ်ချဲ့တဲ့သဘောဖြစ်နေတယ်" လို့ဆိုပါတယ်။

ဦးခွန်ထွန်းဦးကလဲ တရုတ်မှာအဲဒီလိုလုပ်မယ့်မူဝါဒမျိုးရှိနိုင်တယ်လို့ရှုမြင်ပါတယ်။

ဒါကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်က မြန်မာ့နိုင်ငံရေးမှာထဲထဲဝင်ဝင်ပါနေတာကို ငြင်းဖို့မလွယ်ဘူးလို့ လေ့လာသူတွေကသုံးသပ်ကြပါတယ်။ အဲဒီလိုငြင်းပယ်လို့မရတဲ့အတွက် တရုတ်ပါဝင်ပတ်သက်မှုကြောင့် မြန်မာပြည် ငြိမ်းချမ်းရေးရပြီး ဖွံ့ဖြိုးတိုးတက်လာမှာလား ဆိုတာကိုတော့ ဘယ်သူ မှတတ်အပ်မပြောနိုင်ဘူးလို့ဆိုပါတယ်။

ဒါကြောင့် " ပြည်တွင်းစစ်ကလည်း နှစ်ပေါင်း ၆၀ ကျော်ကြာ နေပြီ၊ ရောဂါကဘာ၊ ဆေးဆိုတာကဘာ ဆိုတာသိနေပြီပဲ၊ မစားကြဘူး။ ရှောင်နေကြတယ်။ ဆိုတော့ တိုင်းရင်းသားတွေဘက်ကလည်း ဒီလောက်ထိတော့အကြာမခံနိုင်တော့ဘူး၊ တခုခုတော့လုပ်မှပဲဆိုတဲ့အကြံဉာဏ်တော့ရှိကြတာပေါ့" လို့ ဦးခွန်ထွန်းဦးကပြောပါတယ်။

ဒါကြောင့် တတိုင်းပြည်လုံးတပြိုင်နက်ပြည်တွင်းစစ်ရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးကြဖို့၊ အဲဒီကနေ တန်းတူညီမျှအခွင့်အလန်းတူတဲ့ ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံဖြစ်ဖို့ဆိုတာ ဘယ်လောက်စောင့်ရဦး မှာလဲလို့ ပြည်သူတွေကြားမှာမေးခွန်းထုတ်နေကြပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။