စိတ်ဒဏ်ရာနဲ့ ကလေးတွေရဲ့ အနာဂတ် ဘယ်လိုရှိမလဲ
ပဋိပက္ခနဲ့ စစ်ပွဲတွေကြားမှာ ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်နာကျင်မှုတွေကို ခံစားရင်း ကြီးပြင်းရတဲ့ ကလေးတွေဟာ မှောင်မိုက်တဲ့ အနာဂတ်ထဲ တိုးဝင်နေကြရသူတွေဖြစ်ပါတယ်။
-
RFA Burmese
2024-10-16 -
-
-
ပဋိပက္ခနဲ့ စစ်ပွဲတွေကြားမှာ ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်နာကျင်မှုတွေကို ခံစားရင်း ကြီးပြင်းရတဲ့ ကလေးတွေဟာ မှောင်မိုက်တဲ့ အနာဂတ်ထဲ တိုးဝင်နေကြရသူတွေဖြစ်ပါတယ်။
အထူးသဖြင့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြင်းထန်တဲ့ စိတ်ဒဏ်ရာတွေ ကလေးတွေမှာ ခံစားနေရတယ်လို့ မိဘတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
“ကျောင်းထဲကဖြတ်သွားတဲ့ ဆိုင်ကယ်သံ တအားဆူသွားတယ်ဆိုရင် လေယာဉ်မှတ်လို့ ခေါင်းထကြည့်ပြီး စာဖြောင့်ဖြောင့်မသင်နိုင်တဲ့ ကလေးတွေရှိတယ်"
ဒီကလေးတွေလိုပဲ စစ်ပွဲထဲမှာ ရှင်သန်နေရတဲ့ ကလေးငယ်တွေဟာ လေယာဉ်သံကြားရင်ကို ကြောက်ကြပါတယ်။ အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုကို အနီးကပ်ကြုံတွေ့ခဲ့ရတဲ့ ကလေးငယ်တွေမှာ ပိုပြင်းထန်တဲ့ စိတ်ဒဏ်ရာကို ခံစားနေရတာပါ။
ဆက်နွှယ်သော သတင်းများ
အာဏာသိမ်းသုံးနှစ်ကျော်အတွင်း ကလေး ရှစ်ရာကျော် သေဆုံးခဲ့ကြောင်း NUG ပြော
ကလေး သုံးသန်းနီးပါး ပုံမှန်ကာကွယ်ဆေး ထိုးခွင့်ဆုံးရှုံးနေ
လေကြောင်းတိုက်ခိုက်မှုကြောင့် လေးလအတွင်း အရပ်သား ၄၅၀ ကျော် သေဆုံး
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်ရဟတ်ယာဉ် နှစ်စင်းနဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ် ခုနစ်ယောက် အပါအဝင် ၁၃ ယောက် သေဆုံးခဲ့ပြီး ရှင်ကျန်တဲ့ ကလေးတွေဟာလည်း ဒီနေ့အထိ ကြောက်လန့်တုန်လှုပ်မှုတွေ ရှိနေဆဲပဲလို့ ဒီအဖြစ် အပျက်ကြားထဲက လွတ်မြောက်လာတဲ့ ဆရာမ ဒေါ်အေးမာဆွေက ပြောပါတယ်။
“ကျောင်းထဲကဖြတ်သွားတဲ့ ဆိုင်ကယ်သံ တအားဆူသွားတယ်ဆိုရင် လေယာဉ်မှတ်လို့ ခေါင်းထကြည့်ပြီး စာဖြောင့်ဖြောင့်မသင်နိုင်တဲ့ ကလေးတွေရှိတယ်။ ဟိုကြည့်ဒီကြည့်နဲ့ ထပြေးရမှာလိုလိုဆိုတဲ့ ကလေးတွေရှိတယ်။ တချို့ဆိုရင် သူတို့ပါလာတဲ့ ပစ္စည်းလေးတွေဆိုရင် လွတ်လွတ်လပ်လပ် သူတို့ချမထားရဲဘူး။ ဥပမာ လွယ်အိတ်ကလေးတွေတို့၊ ဦးထုပ်ကလေးတွေတို့ ပါလို့ရှိရင် သူတို့မှာ တခါတည်း ရယ်ဒီပဲ ကိုင်ထားကြတယ်ပေါ့နော်”
ဒီဖြစ်ရပ်ဆိုးကြီး ပြီးတဲ့နောက်ပိုင်း အဲဒီကလေးတွေဟာ စာသင်ကြားဖို့အတွက် ကြောက်လန့်ကုန်လို့ သင်ကြားရေးပြန်စနိုင်ဖို့ရာ အတော်ကို အားယူခဲ့ရတယ်လို့ ဆရာမ ဒေါ်အေးမာဆွေက ပြောပါတယ်။
လေကြောင်းပစ်ခတ်ခံရတဲ့ နေ့ကကျောင်းထဲမှာရှိနေတဲ့ ဒေါ်အေးမာဆွေရဲ့ ရှစ်နှစ်အရွယ် သားဟာလည်း သူ့ဝမ်းကွဲညီရဲ့ သေဆုံးမှုကို မျက်မြင်တွေ့ခဲ့ရပြီးနောက် ညဘက်တွေမှာ လန့်ပြီးအော်ငိုတာ၊ အမေကို တစ်နေကုန် မျက်စိအောက်က အပျောက်မခံတာမျိုးတွေ ဖြစ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
ဒီလို ဖြစ်ရပ်ဆိုး အခြေအနေတွေကို တွေ့ကြုံခဲ့ရတဲ့ ကလေးတွေထဲက ၁၅ ရာခိုင်နှုန်းကနေ ၄၇ ရာခိုင်နှုန်းလောက်ဟာ ရေရှည်စိတ်ကျန်းမာရေး ပြဿနာတွေဖြစ်နိုင်တယ်လို့ နိုင်ငံတကာ သုတေသနတွေအပေါ် အခြေခံပြီးတော့ စိတ်ကျန်းမာရေးအထူးကု ဒေါက်တာ ဖြူပန်းနုခင်က ပြောပါတယ်။
ဒီလို အခြေအနေတွေမှာ ကလေးငယ်တွေအပေါ် မိဘအသိုင်းအဝိုင်းမှအစ ပတ်၀န်းကျင်ရဲ့ တုံ့ပြန်မှုက အရမ်းအရေးကြီးပြီး နိုင်ငံရဲ့ အခြေအနေ၊ ပတ်၀န်းကျင်ရဲ့ အခြေအနေတွေပေါ် မူတည်ပြီးတော့ ကလေးတွေရဲ့ ရေရှည်စိတ်ကျန်းမာရေး ပြဿနာတွေက ကွာခြားသွားနိုင်တယ်လို့လည်း သူက ပြောပါတယ်။
“ကလေးငယ်တစ်ယောက် ဖွံ့ဖြိုးမှုအတွက် ဦးနှောက်ဖွံ့ဖြိုးမှု၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက်က safety နဲ့ security နေ့စဥ်ဘ၀မှာ လိုအပ်တယ်ပေါ့နော်။ ကျွန်မတို့ မြန်မာနိုင်ငံက ကလေးငယ်တွေက ဒီလို အန္တရာယ်တွေ အမျိုးမျိုးကို နေ့စဥ် ကြုံတွေ့နေရတဲ့ အခါကျတော့ သူတို့မှာ သဘာ၀အလျောက် ဖွံ့ဖြိုးမှု နှောင့်နှေးတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း အများကြီး ဖြစ်တတ်တယ်။ အရင်လို ငြိမ်းချမ်းမှု၊ အေးချမ်းမှု ပြန်မရနိုင်သေးတဲ့ ကာလတလျှောက်တော့ စိတ်ကျန်းမာရေး ပြဿနာတွေက စိုးရိမ်ရတဲ့ အနေအထားရှိတယ်”
စစ်ဘေးသင့်ဒေသတွေမှာ နေ့စဉ် အသက်ရှင်ဖို့အတွက် ရုန်းကန်နေရတဲ့ ကလေးတွေဟာ အရုပ်တွေနဲ့ ကစားတဲ့ အခြေခံပျော်စရာကနေစပြီး ဆုံးရှုံးရတဲ့အပြင် ကျောင်းပြီးရင် ဘာဆက်လုပ်ရမှာလဲ ဆိုတဲ့အထိ အစစအရာရာ အနာဂတ်ပျောက်နေတာပါ။
“သားငယ်လေးဆို အရုပ်တအားလိုချင်တာ။ မေမေသားသား အရုပ်၀ယ်ပေးစမ်းပါတဲ့။ ၀ယ်ပြီးတော့ မေမေ သားသားတို့ ပြေးရင်ယူလို့ ရပါ့မလား။ ယူမရရင် သားသားဟာလေး ပစ်ထားခဲ့ရရင် သူတို့က ဖျက်သွားရင် သားသားဟာလေး အလကားဖြစ်မှာ သူက အဲဒီလိုလေး အမြဲပြောတာ”
စစ်ပွဲကြားမှာ နေထိုင်ရတဲ့ ကလေးငယ်တွေကို လေကြောင်းတိုက်ခိုက်မှု ဒါမှမဟုတ် လက်နက်ကြီးနဲ့ ပစ်တာတွေ ကြုံရရင် ဆောင်ရန်၊ ရှောင်ရန်တွေကိုလည်း ပဋိပက္ခဒေသတွေမှာ သင်ကြားပေးတာတွေ ရှိနေပါတယ်။
ကရင်နီဒေသမှာတော့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု မကြာခဏ လုပ်လေ့ရှိတဲ့ မြို့နယ်ထဲက ကျောင်းတွေမှာ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) လက်အောက်က လူသားချင်း စာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေး ဌာနကရော အရပ်ဘက်အဖွဲ့အစည်းတွေကပါ ပညာပေးတာတွေနဲ့ လက်တွေ့လေ့ကျင့်မှုတွေပါရှိတယ်လို့ IEC အတွင်းရေးမှူး (၂) ကိုဗညားက RFA ကို ပြောပါတယ်။
စစ်ရေးနဲ့ မဆိုင်တဲ့ ကျောင်းတွေ၊ ဆေးရုံတွေ အပါအဝင် လူထုကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ စစ်ကောင်စီအနေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုအပြင် ဂျနီဗာကွန်ဗန်းရှင်း စာချုပ်ပါ အချက်အလက်များကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်တင်တင် ကျုးလွန်နေတာလို့ သူက ဆိုပါတယ်။
“ကျန်းမာသန်စွမ်းပြီးတော့မှ ထက်မြက်သော၊ အပြန်အလှန် လေးစားသမှုရှိသော လူမှူအသိုင်းအဝိုင်းကို ကလေးကနေ စတာပေါ့။ ပညာရေးကနေ စရတာပေါ့။ အဲဒါပျက်သုဉ်းသွားခြင်းဟာ ပိုပြီးတော့ ခက်ထန်ဆိုးရွားပြီးတော့ ရာဇဝတ်မှုတွေနဲ့ မုန်းတီးမှုတွေနဲ့အတူ ကြီးပြင်းအောင် အတင်းသွပ်သွင်းရာ ရောက်တဲ့ပုံစံမျိုး ဖြစ်သွားတော့ ကျွန်တော်တို့ အနာဂတ်အတွက် ကြောက်စရာကောင်းပြီးတော့ စိတ်မကောင်းစရာ လုပ်ရပ်တွေ လုပ်နေတယ်လို့ ပြောလို့ရပါတယ်”
ကလေးတွေရဲ့ ပညာသင်ခွင့်နဲ့ ကျန်းမာရေး စောင့်ရှောက်တာ ရပိုင်ခွင့်တွေအပြင် ကျန်းမာတဲ့ စိတ်အခြေအနေနဲ့ မကြီးပြင်းစေတဲ့ အခြေအနေတွေကလည်း အနာဂါတ် လူ့အသိုင်းအဝိုင်းအတွက် စိုးရိမ်စရာ ဖြစ်တယ်လို့ စိတ်ကျန်းမာရေး ပညာရှင်တွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက သုံးသပ်နေကြတာပါ။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်ရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း ကလေး ခြောက်ရာကျော် (၆၄၄) ဦး သေဆုံးတယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှု အကာကွယ်ပေးရေး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (GCPEA) က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာလည်း ၂ဝ၂၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ပညာရေးကဏ္ဍ တိုက်ခိုက်ခံရတဲ့ အဆိုးဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ပါဝင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။