ပြည်တွင်းစစ်ကြောင့် ကလေးခြောက်သန်း အာဟာရချို့တဲ့နေ
2024.01.03

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ ပြည်တွင်းစစ်ကြောင့် မြန်မာကလေးငယ် ခြောက်သန်း အစားအစာ ငတ်မွတ်ပြီး အာဟာရ ချို့တဲ့နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်တဲ့ အာရှ၊ ပစိဖိတ်ဒေသ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
“ပညာရေးပိုင်းမှာလည်း နစ်နာတယ်။ အထူးသဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာဆိုရင် တအားကြီးကို ရိုက်ခတ်ခံရတယ်ပေါ့နော်"
စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်အတွင်းမှာ နိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံရှိတဲ့ လူဦးရေ ၁၈ ဒသမ ၆ သန်းဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ အစီရင်ခံစာမှာ ရေးပါတယ်။ အဲဒီအထဲက ကလေး ခြောက်သန်းဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှု၊ ပညာရေးနဲ့ ကျန်းမာရေး ဖြတ်တောက်ခံရမှု၊ အစားအစာ မဖူလုံမှုနဲ့ အာဟာရချို့တဲ့မှု ဒဏ်တွေကို ခံစားနေရတယ်လို့ ဆိုပါတယ်။
အီတလီအခြေစိုက် Asianews သတင်းဌာနကတော့ ကလေး ခြောက်သန်းအပါအဝင် လူဦးရေ ၁၈ ဒသမ ၆ သန်း လူသားချင်းစာနာမှု အကူအညီ လိုအပ်နေတယ်ဆိုတဲ့ ပမာဏဟာ ၂၀၂၁ စစ်တပ်အာဏာ မသိမ်းခင်ကထက် ၁၉ ဆ မြင့်တက်နေတယ် လို့ ဖော်ပြပါတယ်။
ပြည်တွင်းစစ်ဒေသတစ်ခုဖြစ်တဲ့ ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ ဖြတ်တောက်ပိတ်ဆို့ မှုတွေကြောင့် ကလေးအတွက် အာဟာရရှိတဲ့ အစားအစာနဲ့ အားဆေးတွေ လိုသလောက် ဝယ်လို့မရဘူးလို့ မိခင်တစ်ဦးက ပြောပါတယ်။
“ဒီလိုမျိုး တိုက်ပွဲတွေ ဖြစ်နေတဲ့အချိန်မှာ ကိုယ့်သားသမီး ထိခိုက်သွားမှာ စိုးရိမ်တာ ပေါ့လေ။ ပြီးရင် ကလေး အတွက် ဖြည့်စွက်စာလိုမျိုးတွေလည်း အခုနောက်ပိုင်းမှာက မဝယ်နိုင်တော့တဲ့ အနေအထားမျိုးရှိတာပေါ့။ ကိုယ့်လက်ထဲမှာ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရဘူးပေါ့နော်၊ လမ်းတွေပိတ်တာမျိုး ကြုံနေရတော့လေ။ အဲဒီလိုဆိုတော့ ကိုယ့်သားသမီး၊ သူများသားသမီးနဲ့တန်းတူ မရှိမှာတော့ စိုးရိမ်မိတယ်။ ကိုယ် ဒါလုပ်မပေးနိုင်လို့ ချို့ယွင်းသွားမှာမျိုး၊ လိုအပ်သွားမှာမျိုး စိုးရိမ်တယ်”
အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ အစားအစာ ရှားပါးမှုအပြင် ကလေးငယ် တွေအတွက် ပုံမှန်ထိုးပေးရတဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းတွေလည်း ရပ်ဆိုင်းကုန် တာကြောင့် ကလေးတွေ ကျန်းမာရေးအတွက် အထူးစိုးရိမ်တယ်လို့ သူက ဆိုပါတယ်။
ချင်းပြည်နယ်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ ချင်းပြည်နယ်က မြို့ခုနစ်မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ ကာကွယ်ရေးတပ်တွေက ပြောထားပြီး လက်ရှိအချိန်အထိ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဆက်ဖြစ်နေတာပါ။
မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့နယ် က ကလေးသုံးဦးရဲ့မိခင် စစ်ဘေးဒုက္ခသည်တစ်ဦးကလည်း သူတို့ရဲ့ ဒုက္ခသည်စခန်းမှာ ကလေးတွေအတွက် အစာအာဟာရ မလုံလောက်ဘူးလို့ RFA ကို ပြောပါတယ်။
“စားဝတ်နေရေးနဲ့လည်း ဒုက္ခသည်စခန်းမှာကျတော့လေ တစ်ရက်ကို နှစ်နပ်ပဲ ကျွေးတော့ နေ့လယ်ကျတော့ ထမင်းဆာတယ်ပေါ့နော် ကလေးတွေက။ အဲလိုမျိုးတွေရှိတယ်။ ပြီးတော့ နေရေးထိုင်ရေးကျတော့လည်း အိမ်ထဲ မနေရဘူးလေ။ အဆောင်တွေ၊ မတ်တတ်တွေ၊ မိုးကာအောက်မှာ နေရတော့ ကလေးတွေအတွက် လုံခြုံမှုမရှိဘူးလို့တော့ ခံစားရတယ်”
ကလေးငယ်တွေဟာ လေယာဉ်သံကြားတိုင်း ထိတ်လန့်နေပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိနေတယ် လို့လည်း သူက ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ ၂၀၂၃ အောက်တိုဘာ ၂၇ ရက်နေ့ကတည်းက သိန္နီမြို့ပေါ်ကို မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA က ထိန်းချုပ်ထားပြီး မြို့တစ်ဖက်ခြမ်းမှာရှိနေတဲ့ စစ်ကောင်စီရဲ့ စကခ (၁၆) လက်အောက်ခံတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးကလည်း နေရာအနှံ့က တိုက်ပွဲတွေကြောင့် ကလေးငယ်တွေဟာ အဘက်ဘက်က ထိခိုက်နစ်နာ နေရတယ်လို့ ပြောပါတယ်။
“ပညာရေးပိုင်းမှာလည်း နစ်နာတယ်။ အထူးသဖြင့် ကလေးတွေဆိုရင် စိတ်ဓာတ်ပိုင်း ဆိုင်ရာဆိုရင် တအားကြီးကို ရိုက်ခတ်ခံရတယ်ပေါ့နော်။ တချို့ဆိုရင် ကလေးတွေ အသက်မပြည့်သေးဘဲနဲ့ စစ်သားစုဆောင်းရေး ထဲမှာ ပါသွားတဲ့ဟာတွေရှိသလို ဒီလိုမျိုး တိုက်ပွဲတွေကြားထဲကနေ သေရတဲ့ဟာတွေ၊ ဒဏ်ရာရတဲ့ဟာ တွေလည်းရှိတယ်။ နေရာတိုင်းမှာ စစ်မီးတောက်နေတဲ့အတွက်ကြောင့် စီးပွားရေးလည်း မဖြစ်တော့ဘူး။ စားဝတ်နေရေးလည်း မဖူလုံတော့ဘူး”
အထူးသဖြင့် အသက်မပြည့်သေးတဲ့ ကလေးတွေကို အဓမ္မစစ်သားစုဆောင်းတာမျိုးကို လက်နက်ကိုင် အဖွဲ့အစည်းတွေ မလုပ်ကြဖို့ တောင်းဆိုချင်တယ်လို့ သူက ပြောပါတယ်။
ကလေးတစ်ယောက်ရဲ့ အာဟာရချို့တဲ့မှုဟာ လူကြီးတစ်ယောက်ဖြစ်လာတဲ့အထိ စိတ်ပိုင်း၊ ရုပ်ပိုင်း များစွာထိခိုက်နိုင်တာမို့ ဒီပြဿနာကို အရေးတကြီး ကိုင်တွယ်ဖြေရှင်းရမယ်လို့ ရန်ကုန်ဆေးပညာကွန်ရက် (Yangon Medical Network) တာဝန်ရှိသူ ဒေါက်တာ လွမ်းဝေ က ပြောပါတယ်။
“အခုအာဏာသိမ်းမှုနောက်ပိုင်းမှာ အများကြီး ပိုဆိုးလာတယ်။ ပိုပြီးတော့ ခက်ခဲလာ တယ်ပေါ့လေ။ ကလေး တွေရဲ့ အာဟာရချို့တဲ့မှုက သူတို့ရဲ့ ကိုယ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော၊ ပြီးရင် စိတ်ခံစားချက်ပိုင်းဆိုင်ရာ ရော၊ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ လူကြီးတစ်ယောက်ဖြစ်လာတဲ့အချိန်မှာ ဆင်ခြင်တွေးခေါ်နိုင်မှုပိုင်းဆိုင်ရာတွေမှာပါ အဘက်ဘက်ကနေပြီးတော့ သက်ရောက်မှု အများကြီးရှိပါတယ်။ ဒီအတွက် ဒီကိစ္စက ကျွန်တော်တို့နိုင်ငံမှာ အရေးတကြီး အရေးတယူ ကိုင်တွယ်ဖြေရှင်းရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒါ တော်တော် အရေးကြီးပါတယ်”
ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ UN OCHA က ထုတ်ပြန်တဲ့ "၂၀၂၄ ခုနှစ်အတွက် မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနဲ့ တုံ့ပြန်ရေးအစီအစဉ်" (Myanmar Humanitarian Needs and Response Plan 2024) မှာတော့ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံက လူဦးရေ ၅ ဒသမ ၃ သန်းကို စားနပ်ရိက္ခာ၊ ရေ၊ အမိုးအကာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကာကွယ်စောင့်ရှောက်ရေး အကူအညီတွေပေးဖို့ စီစဉ်ထားပြီး အမေရိကန်ဒေါ်လာ ၉၉၄ သန်း လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။
(မှတ်ချက်။ UN OCHA က ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည့် အာရှ၊ ပစိဖိတ်ဒေသ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေ အစီရင်ခံစာကို မူရင်းကိုးကားချက်အဖြစ် ဖြည့်စွက်ဖော်ပြထားပါသည်။)