ကလေးအခွင့်အရေး သဘောတူစာချုပ် အကျဉ်း
2019.11.21
နိုဝင်ဘာ လ ၂၀ ရက်နေ့ကို ကမ္ဘာ့ကလေးများနေ့အဖြစ် ကုလသမဂ္ဂယူနီဆက်ဖ်က သတ်မှတ်ထားသလို ကလေး အခွင့်အရေး သဘောတူညီစာချုပ်ကို ကုလသမဂ္ဂမှာ ၁၉၈၉ ခုနှစ်က ပြဌာန်းခဲ့တဲ့အတွက် ဒီနှစ်ဟာ အနှစ် ၃၀ ပြည့်ဖြစ်ပါတယ်။
စပြီးသက်ဝင်တာက ၁၉၉၀ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ပါ။ ဒီစာချုပ်ကို ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၆ နိုင်ငံမှာ နိုင်ငံပေါင်း ၁၄၀ က လက်မှတ်ထိုးထားကြပါတယ်။
မြန်မာနိုင်ငံကတော့ အဲဒီအချက်တွေထဲက ပုဒ်မ (၁၅) နဲ့ (၃၇) ကိုစိုးရိမ်စရာရှိတယ်လို့ ၁၉၉၃ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကို စာရေးသားတင်ပြထားပါတယ်။
ကလေးအခွင့်အရေး သဘောတူစာချုပ်ပါ ပုဒ်မ (၁၅) ကတော့ ကလေးသူငယ်တိုင်းဟာ ပတ်ဝန်းကျင်ကို အကြပ် အတည်းမဖြစ်စေတဲ့ အဖွဲ့အစည်း၊ အသင်းအပင်းတွေမှာ ပါဝင်ခွင့်၊ ပူးပေါင်းဆောင်ရွက်ခွင့်၊ တခြားလူတွေနဲ့ ဆက်ဆံတွေ့ဆုံခွင့်ရှိတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒီအချက်ကို အဲဒီအချိန်က နဝတ စစ်အစိုးရက လက်မခံခဲ့ တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နိုင်ငံတော်လုံခြုံရေး အရဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်တော့ အဲဒီအချိန်မှာ စစ်အစိုးရကို ဆန့်ကျင်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တောင်းဆိုနေတဲ့သူတွေထဲမှာ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသူ၊ ကျောင်းသားတွေလည်း အတော်များများ ပါဝင်ခဲ့သလို၊ အဲဒီလှုပ်ရှား မှုတွေကြောင့် အသက် ၁၈ နှစ်အောက်နဲ့ ဖမ်းဆီးနှိပ်စက်ခံရ၊ ထောင်ချခံရသူတွေ ရှိခဲ့ပါတယ်။
ပုဒ်မ (၃၇) ကတော့ ဥပဒေချိုးဖောက်တဲ့ ကလေးတွေကို နှိပ်စက်တာ၊ ကြမ်းကြုတ်ရက်စက်တာ၊ ထောင်ဒဏ် တသက်တကျွန်း ဒါမှမဟုတ် သေဒဏ်ပေးတာ၊ အသက် ၁၈ နှစ်အထက် အရွယ်ရောက်ပြီးသားလူတွေနဲ့ ထောင်ထဲမှာ အတူထားတာတွေ မလုပ်ဖို့အပြင်၊ ထောင်ဒဏ်ချမှတ်တယ်ဆိုတာ နောက်ဆုံးလုပ်ရမယ့် အပြစ်ပေးမှုသာဖြစ်ရဖို့နဲ့ ထောင်ဒဏ်ကိုလည်း ကာလတိုပဲပေးဖို့ဖြစ်ပါတယ်။ အဲဒီလိုထောင်ထဲထည့် ထားတဲ့အချိန်မှာလည်း တရားဥပဒေအကူအညီ ပေးရမှာဖြစ်ပြီး မိသားနဲ့လည်း အဆက်အသွယ်မပြတ်အောင် ဆောင်ရွက်ပေးထားရမယ်လို့ ဖော်ပြထားပါတယ်။
ဒီအချက်ကိုလည်း အဲဒီအချိန်ကအာဏာရှိထားတဲ့ နဝတစစ်အစိုးရက လက်ခံခဲ့ပေမယ့်၊ အမျိုးသား အကျိုးစီးပွားနဲ့ ပတ်သက်လို့ ထုတ်ပြန်ထားတဲ့အမိန့်တွေ ညွှန်ကြားချက်တွေနဲ့ နိုင်ငံတော်လုံခြုံရေးတွေနဲ့ ပတ်သက်ရင် သဟ ဇာတမဖြစ်မှာကို စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဆီ တင်ပြခဲ့ပါတယ်။
ကလေးအခွင့်အရေး သဘောတူစာချုပ်မှာ စုစုပေါင်း ပုဒ်မ (၅၄) ချက်ပါရှိပါတယ်။
နံပါတ် (၁) အချက်က ကလေးဆိုတာ အသက် (၁၈) နှစ် အောက်အရွယ်ကို သတ်မှတ်တဲ့အကြောင်းဖြစ်ပြီး၊ နံပါတ် (၂) က ကလေးတွေကို ကျားမ၊ ဆင်းရဲ ချမ်းသာ၊ ကိုယ်လက်အင်္ဂါပြည့်စုံတာနဲ့ မပြည့်စုံတာ၊ ကိုးကွယ်ရာဘာသာ မတူတာ၊ မိဘအသိုင်းအဝိုင်းတွေကြောင့် ခွဲခြားဆက်ဆံတာမရှိစေရဘူး ဆိုတာဖြစ်ပါတယ်။
နံပါတ် (၃) ကတော့ လူကြီးတွေက ကလေးတွေနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တွေချရတဲ့အခါ သူတို့ အကျိုးကိုသာ ဦးထိပ်ထားရမှာဖြစ်ပြီး၊ ကလေးတွေကို မိဘတွေက ပြုစုစောင့်ရှောက်အောင်၊ ကလေးတွေအကာအကွယ်ရအောင် အစိုးရမှာ တာဝန်ရှိတာဖြစ်ပါတယ်။
နံပါတ် (၄) အချက်ကတော့ ကလေးတိုင်း သူတို့မိခင်နိုင်ငံမှာ အခွင့်အရေးတွေအတိုင်း ပျော်ရွှင်ရှင်သန်အောင် အစိုးရတွေက လုပ်ပေးနိုင်သမျှအားလုံးကို ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။
နံပါတ် (၅) အချက်ကတော့ ကလေးတွေ လူလားမြောက်လာတာနဲ့အမျှ လိုအပ်သလောက်ပဲ ထိန်းကြောင်းပေးပြီး အခွင့်အရေးတွေကို အကောင်းဆုံးအသုံးပြုရင်း ကလေးတွေဖွံ့ဖြိုးဖို့အတွက် မိဘအုပ်ထိမ်းသူတွေ၊ လူ့ပတ်ဝန်းကျင်တွေကို အစိုးရက ခွင့်ပြုရမှာဖြစ်ပါတယ်။
နံပါတ် (၆) အချက်ကတော့ ကလေးတိုင်း အသက်ရှင်သန်ခွင့်ရှိရမှာဖြစ်ပြီး၊ အကောင်းဆုံးဖြစ်နိုင်ချေတွေနဲ့ ဖွံ့ဖြိုးလာအောင် အစိုးရက ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။
နံပါတ် (၇) အချက်ကတော့ ကလေးမွေးဖွားကတည်းက သူ့ကိုယ်ပိုင်နာမည်နဲ့ မွေးစာရင်း လုပ်ပေးရမှာဖြစ်သလို အစိုးရက တရားဝင် အသိအမှတ်ပြုပေးရမှာဖြစ်ပြီး၊ ကလေးတွေမှာ နိုင်ငံသားဖြစ်ခွင့်ရှိရမှာ ဖြစ်ပါတယ်။
နံပါတ် (၈) ကတော့ ကလေးတိုင်းဟာ နာမည်၊ မူလဇာတိမျိုးရိုးနဲ့ ဆင်းသက်လာတဲ့မိသားစုပါတဲ့ တရားဝင် မှတ်တမ်းရှိခွင့်ပေးရမှာဖြစ်သလို၊ ဘယ်သူကမှ သူတို့ကို အဲဒီအခြေအနေကနေ ဆွဲထုတ်သွားခွင့်မရှိတာ ဖြစ်ပါတယ်။
နံပါတ် (၉) အချက်ကတော့ ကလေးတွေကို မိဘတွေက ပြုစုစောင့်ရှောက်မှုမရှိတဲ့ အခြေအနေကလွဲလို့ သူတို့ကို မိဘတွေနဲ့ ခွဲထားလို့မရတာဖြစ်တဲ့အပြင်၊ ကလေးနဲ့အတူမနေရတဲ့ မိဘတွေနဲ့လည်း အဆက်အသွယ်မပြတ်အောင် ထားရမှာဖြစ်ပါတယ်။
နံပါတ် (၁၀) ကတော့ နိုင်ငံခွဲပြီးနေရတဲ့ ကလေးတွေကိုလည်း မိဘနဲ့ တွေ့ခွင့်ရဖို့အတွက် အစိုးရတွေက ခရီးသွားလာခွင့်ပေးရမှာဖြစ်ပါတယ်။
နံပါတ် (၁၁) ကတော့ မိဘထဲကတစ်ယောက်ယောက်က မိဘနှစ်ယောက်ကြားမှာ တစ်ယောက်က သဘောမတူဘဲ ကလေးကိုခေါ်ပြီး တိုင်းခြားပြည်ခြား ထွက်သွားတဲ့အခါမျိုးပဲဖြစ်ဖြစ်၊ တယောက်ယောက်ပြန် ပေးဆွဲသွားတာမျိုး ပဲဖြစ်ဖြစ် အဲဒီလိုအခြေအနေဖြစ်လာရင် အစိုးရက တားဆီးပေးရမှာဖြစ်ပါတယ်။
နံပါတ် (၁၄) မှာတော့ ကလေးတိုင်း သူတို့ဘာသာသူတို့ လွတ်လွတ်လပ်လပ်တွေးခေါ်ခွင့်နဲ့ ယုံကြည်ကိုးကွယ်ခွင့် ရှိရဖို့ဖြစ်ပါတယ်။ ဒါကို မိဘတွေအနေနဲ့ တည့်မတ်ထိန်းကြောင်းပေးနိုင်တယ်လို့ ဆိုပါတယ်။
နံပါတ် (၁၅) ကတော့ ကလေးသူငယ်တိုင်းဟာ ပတ်ဝန်းကျင်ကို အကြပ်အတည်းမဖြစ်စေတဲ့ အဖွဲ့အစည်း၊ အသင်းအပင်းတွေမှာ ပါဝင်ခွင့်၊ ပူးပေါင်းဆောင်ရွက်ခွင့်၊ တခြားလူတွေနဲ့ ဆက်ဆံတွေ့ဆုံခွင့်ရှိတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။
နံပါတ် (၁၆) ကတော့ ကလေးတိုင်းမှာ ပုဂ္ဂလိကဆိုင်ရာ အခွင့်အရေးရှိပြီး၊ ကလေးရဲ့ ကိုယ်ရေးအချက်အလက်၊ မိသားစု၊ အိမ်၊ အဆက်အသွယ်နဲ့ ဂုဏ်သတင်းကျော်စောမှုတွေကို တိုက်ခိုက်မခံရအောင် ဥပဒေနဲ့ ကာကွယ်ပေးရ မှာဖြစ်ပါတယ်။
နံပါတ် (၁၇) ကတော့ ကလေးတိုင်းဟာ ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာ၊ စာအုပ်၊ အင်တာနက် ဝက်ဘ်ဆိုဒ်တွေအပြင် တခြားရင်းမြစ်တွေက သတင်းတွေသိခွင့်ရှိပြီး၊ အဲဒီသတင်းတွေကြောင့် ကလေးတွေ ဒုက္ခသည်မရောက်အောင်လည်း လူကြီးတွေက ဆောင်ရွက်ပေးရမှာဖြစ်သလို၊ ကလေးတိုင်း သူတို့နားလည်တဲ့ ဘာသာစကားနဲ့ ထုတ်ပြန်ကြေညာပေးဖို့ သတင်းမီဒီယာတွေကို အစိုးရတွေက အားပေးရမှာဖြစ်ပါတယ်။
နံပါတ် (၁၈) ကတော့ ကလေးတွေ ရှင်သန်ဖွံ့ဖြိုးရေးအတွက် မိဘတွေက အဓိကပုဂ္ဂိုလ်တွေဖြစ်ပြီး၊ မိဘတွေ မရှိတော့တဲ့ကလေးတွေကို တခြားလူကြီးတွေက မွေးစားစောင့်ရှောက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် မိဘ ဒါမှမဟုတ် အုပ်ထိန်းသူ ဒါမှမဟုတ် မွေးစားမိဘတွေက အဲဒီကလေးအတွက် အကောင်းဆုံးကို အမြဲစဉ်းစားဆောင်ရွက်ရမှာဖြစ်ပါတယ်။ မိဘနှစ်ပါးလုံးရှိတဲ့ ကလေးတွေကိုတော့ ဖခင်ရော မိခင်မှာပါ တာဝန်ရှိတယ်လို့ သတ်မှတ်ပါတယ်။
နံပါတ် (၁၉) ကတော့ ကလေးတွေကို ပြုစုစောင့်ရှောက်တဲ့သူတွေက လျစ်လျူရှုတာ၊ အကြမ်းဖက်တာ၊ ရိုက်တာတွေကို အစိုးရက ကာကွယ်ပေးရမှာဖြစ်ပါတယ်။
နံပါတ် (၂၀) ကတော့ မိဘတွေ မစောင့်ရှောက်နိုင်တဲ့ ကလေးတွေနဲ့ပတ်သက်လို့ သူတို့ရဲ့ ဘာသာစကား၊ ကိုးကွယ်ယုံကြည်ရာ၊ ယဉ်ကျေးမှုနဲ့ တခြားကိစ္စတွေကို လေးစားတဲ့ပုဂ္ဂိုလ်တစ်ယောက်ယောက်ကို မွေးစားအုပ်ထိန်းခွင့်ပေးရမှာဖြစ်ပါတယ်။
နံပါတ် (၂၁) ကတော့ ကလေးတွေ မွေးစားတဲ့အခါမှာ အရေးအကြီးဆုံးက သူတို့ဘဝ အကောင်းဆုံးဖြစ် အောင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ တကယ်လို့ ကလေးတစ်ယောက်ကို သူမွေးဖွားတဲ့နိုင်ငံမှာ ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်တာ မလုပ်ပေးနိုင်ရင် တခြားတိုင်းပြည်က သူ့ကိုစောင့်ရှောက်မယ့် မိသားစုတွေကို မွေးစားခွင့်ပြုတာဖြစ်ပါတယ်။
နံပါတ် (၂၂) ကတော့ ဒုက္ခသည်အနေနဲ့ တခြားနိုင်ငံကို ပြောင်းရွှေ့ခိုလှုံလာတဲ့ ကလေးတွေကို အဲဒီတိုင်းပြည်က ကလေးတွေနည်းတူ အခွင့်အရေးအပြည့်အဝပေးရမှာဖြစ်ပါတယ်။
နံပါတ် (၂၃) ကတော့ မသန်စွမ်းကလေးတိုင်းဟာ သူ့ပတ်ဝန်းကျင်မှာ အတတ်နိုင်ဆုံးပျော်ရွှင်အောင် နေထိုင်ခွင့် ရရမှာဖြစ်ပြီး၊ အဲဒီကလေးတွေ ကိုယ်ပိုင်လွတ်လပ်အောင်၊ တခြားလူမှုအသိုင်းအဝိုင်းမှာ ဝင်ဆန့်အောင် အဟန့်အတားတွေကို အစိုးရတွေက ဖယ်ရှားရမှာဖြစ်ပါတယ်။
နံပါတ် (၂၄) ကတော့ ကလေးတိုင်း ကျန်းမာသန်စွမ်းဖို့အတွက် လိုအပ်တဲ့ သန့်ရှင်းတဲ့ရေ၊ လတ်ဆတ်တဲ့ အစားအစာ၊ လုံခြုံတဲ့ ပတ်ဝန်းကျင်တွေရခွင့်ရှိပြီး၊ ကလေးတွေ ကျန်းကျန်းမာမာ လုံလုံခြုံခြုံဘယ်လိုနေ ရမလဲဆိုတဲ့ သတင်းအချက်အလက်တွေကို ကလေးတွေရော လူကြီးတွေပါ ရရမှာဖြစ်ပါတယ်။
နံပါတ် (၂၅) ကတော့ ကျန်းမာရေး ကာကွယ်ရေးနဲ့ ပြုစုစောင့်ရှောက်မှု လိုအပ်တဲ့ကလေးတွေကို မိသားစုဆီကနေ တခြားပိုကောင်းတဲ့နေရာမှာ ပို့ထားတဲ့အခါမှာလည်း မူလအခြေအနေထက် ပိုကောင်းမကောင်းဆိုတာကို အမြဲမပြတ်စောင့်ကြည့် သုံးသပ်နေရမှာဖြစ်ပါတယ်။
နံပါတ် (၂၆) ကတော့ ဆင်းရဲတဲ့ကလေးတွေအတွက် ငွေ ဒါမှမဟုတ် လိုအပ်တာတွေကို အစိုးရက ထောက်ပံ့ရ မှာဖြစ်ပါတယ်။
နံပါတ် (၂၇) ကတော့ ကလေးတိုင်းမှာ သူတို့ရှင်သန်ဖွံ့ဖြိုးဖို့ အဝတ်အထည်၊ အစားအစာနဲ့ လုံလုံခြုံခြုံနေ ရတဲ့နေရာ ရှိခွင့်နဲ့ မတတ်နိုင်တဲ့မိသားစုကို အစိုးရက ကူညီရမှာဖြစ်ပါတယ်။
နံပါတ် (၂၈) ကတော့ ကလေးတိုင်း ပညာသင်ခွင့်ရှိတာဖြစ်ပြီး အခြေခံပညာရေးဟာ အခမဲ့ဖြစ်ရပါမယ်။ အလယ် တန်းနဲ့အထက်တန်းကိုလည်း ကလေးတိုင်း တက်ရောက်သင်ယူခွင့်ရှိရပါမယ်။ ကျောင်းစည်းကမ်းတွေကလည်း ကလေးအခွင့်အရေးကို လေးစားလိုက်နာရမှာဖြစ်ပြီး ဘယ်လိုမှ အကြမ်းဖက်ခွင့်မရှိရပါ။
နံပါတ် (၂၉) ကတော့ ပညာရေးဟာ ကလေးတွေရဲ့ စွမ်းဆောင်နိုင်မှု၊ ပါရမီနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းတွေ ဖွံ့ဖြိုးအောင်ပံ့ပိုးကူညီရမှာဖြစ်ပြီး၊ သူတို့ရဲ့အခွင့်အရေးတေ ွနားလည်အောင်၊ တခြားသူရဲ့အခွင့်အရေး ယဉ်ကျေးမှုနဲ့ မတူကွဲပြားတာတွေကို လေးစားအောင်၊ သင်ကြားပေးရမှာဖြစ်ပါတယ်။ ဒီလိုသင်ပေးတာဟာ ပတ်ဝန်းကျင်ကိုကာကွယ်ဖို့နဲ့ ဘဝမှာငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်ဖို့ဖြစ်ပါတယ်။
နံပါတ် (၃၀) ကတော့ လူနည်းစုတိုင်းရင်းသား ကလေးတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ကိုးကွယ်ယုံကြည်မှု ရှိရမှာဖြစ်ပါတယ်။
နံပါတ် (၃၁) ကတော့ ကလေးတိုင်းမှာ အနားယူခွင့်၊ ကစားခွင့်၊ တီထွင်ဖန်တီးလှုပ်ရှားခွင့်နဲ့ ယဉ်ကျေးမှုဆိုင်ရာ ပွဲလမ်းသဘင် တင်ဆက်မှုတွေမှာ ပါဝင်ခွင့်ရှိရမှာဖြစ်ပါတယ်။
နံပါတ် (၃၂) ကတော့ ကလေးတိုင်းမှာ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးနဲ့ ပညာရေးကို ဆိုးဝါးထိခိုက်စေမယ့် အလုပ်တွေခိုင်းတာကနေ အကာအကွယ်ရရှိရမှာဖြစ်ပါတယ်။ တကယ်လို့ အလုပ်ရတဲ့ ကလေးတွေအတွက် သူတို့လုံခြုံရေးနဲ့ လုပ်ခအမှန်ရခွင့် ရှိရမှာဖြစ်ပါတယ်။
နံပါတ် (၃၃) ကတော့ အန္တရာယ်ရှိတဲ့ ဆေးဝါးတွေ ရောင်းတာ၊ သယ်ယူပို့ဆောင်ခိုင်းတာ၊ ထုတ်လုပ်ခိုင်းတာ၊ စားသုံးခိုင်းတာတွေကနေ အစိုးရက ကာကွယ်ပေးရမှာဖြစ်ပါတယ်။
နံပတ် (၃၄) ကတော့ ကလေးတိုင်းကို လိင်ပိုင်းဆိုင်ရာ အသုံးချမှုတွေကနေ အစိုးရက ကာကွယ်ပေးဖို့ဖြစ်ပါတယ်။ ဒီနေရာမှာ ကလေးတွေကို မဖွယ်မရာလိင်ပိုင်းဆိုင်ရာဓါတ်ပုံ ရုပ်ရှင်ထုတ်လုပ်တာ၊ အတင်းအကြပ် သရုပ်ဆောင် ခိုင်းတာတွေလည်း ပါဝင်ပါတယ်။
နံပါတ် (၃၅) ကတော့ ကလေးတွေကို ပြန်ပေးဆွဲတာ၊ အရောင်းအဝယ်လုပ်တာ၊ နိုင်ငံတစ်နိုင်ငံကနေ တစ်နိုင်ငံပို့လိုက်တာတွေကို အစိုးရတွေက ကာကွယ်ရမှာဖြစ်ပါတယ်။
နံပါတ် (၃၆) ကတော့ ကလေးတွေကို နည်းမျိုးစုံနဲ့ ခေါင်းပုံဖြတ်အမြတ်ထုတ်တာတွေကနေ အကာအကွယ် ရပိုင်ခွင့် ရှိရမှာဖြစ်ပါတယ်။
နံပါတ် (၃၇) ကတော့ ဥပဒေချိုးဖောက်တဲ့ ကလေးတွေကို နှိပ်စက်တာ၊ ကြမ်းကြုတ်ရက်စက်တာ၊ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ဒါမှမဟုတ် သေဒဏ်ပေးတာ၊ အသက် ၁၈ နှစ်အထက် အရွယ်ရောက်ပြီးသားလူတွေနဲ့ ထောင်ထဲမှာ အတူထားတာတွေ မလုပ်ဖို့အပြင်၊ ထောင်ဒဏ်ချမှတ်တယ်ဆိုတဲ့လုပ်ရပ်ကို နောက်ဆုံးမှလုပ်ရမယ့် အပြစ်ပေးမှုအနေနဲ့သာဖြစ်ရဖို့နဲ့ ထောင်ဒဏ်ကိုလည်း ကာလတိုပဲပေးဖို့ဖြစ်ပါတယ်။ ထောင်ထဲထည့်ထားတဲ့ အချိန်မှာလည်း တရားဥပဒေ အကူအညီပေးရမှာဖြစ်ပြီး မိသားနဲ့လည်း အဆက်အသွယ်မပြတ်အောင် ဆောင်ရွက်ပေးထားရမယ်လို့ ဖော်ပြထားပါတယ်။
နံပါတ် (၃၈) ကတော့ စစ်ပွဲတွေမှာ ကလေးတွေကို ကာကွယ်ရမှာဖြစ်သလို အသက် ၁၅ နှစ်အောက် ကလေးတိုင်း စစ်ပွဲမှာ ပါဝင်ခွင့်မပြုရတာ ဖြစ်ပါတယ်။
နံပါတ် (၃၉) ကတော့ စစ်ပွဲတွေကြောင့် နာကြင်ထိခိုက်ရတာ၊ လျစ်လျူရှုခံရတာ၊ ဆိုးဆိုးဝါးဝါး ပြုမူခံရတာတွေအတွက် ကျန်းမာအောင်ပြန်ကုဖို့၊ ဂုဏ်သိက္ခာပြန်ရဖို့အတွက် အကူအညီပေးတာတွေ ရပိုင်ခွင့်ရှိရမှာဖြစ်ပါတယ်။
နံပါတ် (၄၀) ကတော့ ဥပဒေချိုးဖောက်တယ်လို့ စွပ်စွဲခံရတဲ့ကလေးတွေအတွက် မျှတတဲ့ ဆောင်ရွက်ချက်နဲ့ တရားဥပဒေ အကာအကွယ်ခွင့်ရှိရမှာဖြစ်ပြီး၊ လူ့အသိုင်းအဝိုင်းမှာ လူကောင်းတစ်ယောက်အဖြစ် ပြန်တည်ဆောက်ခွင့်တွေ ရရမှာဖြစ်ပါတယ်။ ထောင်ချတဲ့နည်းကို နောက်ဆုံးမှသုံးရမှာဖြစ်ပါတယ်။
နံပါတ် (၄၁) ကတော့ တိုင်းပြည်တစ်ပြည်မှာ ကလေးတွေအတွက် ပြဌာန်းထားတဲ့ ဥပဒေတွေဟာ အခုသဘောတူညီချက်ထက် ပိုကောင်းနေရင်၊ အဲဒီဥပဒေအတိုင်း ကျင့်သုံးဖို့ဖြစ်ပါတယ်။
နံပတ် (၄၂) ကတော့ ဒီစာချုပ်နဲ့ ကလေးအခွင့်အရေးတွေကို လူတိုင်းသိအောင် အစိုးရက လုပ်ပေးရမယ့် တာဝန်ဖြစ်ပါတယ်။
နံပါတ် (၄၃) ကနေ (၅၄) ကတော့ ဒီသဘောတူစာချုပ်က ဘယ်လိုအသုံးဝင်လည်းဆိုတာဖြစ်ပါတယ်။