ကြက်ဥတစ်လုံး ငါးကျပ် ပရဟိတ
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲအခြေအနေကြား ကိုရိုနာ ဗိုင်းရပ်စ် တတိယလှိုင်းရဲ့ဒဏ်တွေကြောင့် လူရာနဲ့ချီ နေ့စဉ်သေဆုံးနေရသလို စားဝတ်နေရေးအတွက်လည်း အခြေခံစားသောက်ကုန်တွေကအစ ဈေးအဆမတန် ကြီးမြင့်နေပါတယ်။ ကြက်ဥဈေးဆိုရင် ဈေးနှစ်ဆကျော် တက်သွားပြီး ဈေးတက်သွားတဲ့ ကြက်ဥတွေကို လိုက်ဝယ် ပြီး ငွေငါးကျပ်နဲ့ အလှူအတန်း သဘောမျိုး ပြန်ရောင်းပေးတဲ့ လှုပ်ရှားမှုတွေလည်း ရှိလာနေပါတယ်။
-
စောဖိုးခွား(ဝါရှင်တန်ဒီစီ)
2021-07-28 -
-
-
မြန်မာနိုင်ငံမှာ လတ်တလော ကြုံနေရတဲ့ စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲအခြေအနေရယ်၊ ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်းရဲ့ ဒဏ်တွေကြောင့် လူရာနဲ့ချီ နေ့စဉ်သေဆုံးနေရသလို စားဝတ်နေရေးအတွက်လည်း အခြေခံ စားသောက်ကုန်တွေကအစ ဈေးအဆမတန် ကြီးမြင့်နေပါတယ်။ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငြုပ်၊ ကြက်သွန်တွေဆိုရင် နှစ်ဆလောက်ထိဖြစ်နေတယ်လို့ အိမ်ရှင်မတွေက ပြောကြပါတယ်။
ဒီအထဲမှာ ကြက်ဥဈေး အဆမတန် ထိုးတက်နေတာက အခုတလော လူပြောအများဆုံးဖြစ်ပါတယ်။
"ကုန်ဈေးနှုန်းအားလုံးက နှစ်ဆနီးပါးတက်နေတာ။ ဆေးဝါးတွေ ပိုဆိုးတယ်။ ပစ္စည်းပြတ်တဲ့ ကုန်တွေဆို ပိုတက်တယ်"
အရင်က ကြက်ဥတစ်လုံးကို ၁ဝဝ-၁၂၀ လောက်နဲ့ လွယ်လွယ်ကူကူလိုသလောက် ဝယ်လို့ရခဲ့ပေမယ့် အခုအချိန်မှာတော့ ၂ဝဝ ကျော် ၃ဝဝ နီးပါး ဈေးနှစ်ဆကျော် တက်သွားတဲ့အပြင် လိုချင်သလောက်လည်း ဝယ်လို့မရဖြစ်နေပါတယ်။
ဒီလို ပိုက်ဆံ ၂ဝဝ ကနေ ၃ဝဝ လောက်အထိ ဈေးတက်သွားတဲ့ ကြက်ဥတွေကို လိုက်ဝယ်ပြီး ငွေငါးကျပ်နဲ့ အလှူအတန်း သဘောမျိုး ပြန်ရောင်းပေးတဲ့ လှုပ်ရှားမှုတွေလည်း ရှိလာနေပါတယ်။
ရန်ကုန်မြို့က Flannel box အထည်ဆိုင်ပိုင်ရှင် လူငယ်တစ်ယောက်ဖြစ်တဲ့ ကိုရဲဇော်ဟာ ဒီလှုပ်ရှားမှုကို စတင်ခဲ့တဲ့သူ ဖြစ်ပါတယ်။
"ကြက်ဥဆိုတာကလည်း အခြေခံ စားသောက်ကုန်ဖြစ်တယ်။ တစ်ခုခုဆို ကြက်ဥလေးချက်စား ကြော်စား ပြုတ်စား စားသောက်နေရတာ။ ကျနော်ဈေးမှာ ဈေးသွားရင်း ကြက်ဥတစ်လုံး ၂၅၀ ဆိုတော့ နှစ်လုံးလောက်ပဲပေးပါ ဆိုပြီး ဝယ်တဲ့သူတွေ မြင်ရတော့ စိတ်မကောင်းဘူး။ အခုအချိန်ကတော့ ကျနော်တို့မှာ တစ်ရာရှိရင်တောင် ငါးဆယ်ခွဲပေးရမယ့် အချိန်ရောက်သွားပြီဆိုတော့ ပြည်သူတွေ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ဖေးမကူညီဖို့တော့ လိုအပ်ပါတယ်"
ကိုရဲဇော် စတင်လိုက်တဲ့ ဒီလို ငါးကျပ်နဲ့ ကြက်ဥရောင်းပေးတဲ့ လှုပ်ရှားမှုကို ရန်ကုန်၊ မန္တလေး မြို့ကြီးတွေအပါအဝင် နယ်မြို့လေးတွေမှာလည်း ခပ်စိတ်စိတ် တွေ့လာနေရပါတယ်။
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့က ကိုလင်းသူရကလည်း ကြက်ဥတစ်လုံးကို ငါးကျပ်နဲ့ ရောင်းပေးနေသူပါ။
"ကုန်ဈေးနှုန်းတွေကြီးတော့ ကြက်ဥတွေက ဝယ်လို့မရဘူး။ ပိုဆိုးတာက ဆိုင်တွေလည်း ပိတ်ထားတယ်၊ ကြက်ဥတွေကလည်း ရောင်းဖို့လည်းမရှိဘူး။ ငါးကျပ်နဲ့ ရောင်းတာကိုတော့ ရန်ကုန်ကနေစလုပ်လိုက်တာနဲ့ ကျနော်လည်း လာရှိုးမှာ ဒါမျိုးလေး လုပ်ချင်တယ်ဆိုပြီး လုပ်ဖြစ်သွားတာ"
ငါးကျပ်တန် ကြက်ဥကို လိုချင်သလို ဝယ်မရဘဲ တစ်အိမ်ကို ဆယ်လုံးနှုန်းနဲ့ပဲ ခွဲတမ်းကျရောင်းပေးနေတာလို့ဆိုပါတယ်။
ဈေးပေါပေါနဲ့ ကြက်ဥတွေရောင်းပေနေတာမို့ လိုချင်တဲ့သူများပြီး လူစုလူဝေးဖြစ်တာတွေရှိပေမယ့် ဒီလူတွေကို ကိုဗစ်ကာကွယ်ရေး နည်းလမ်းတွေနဲ့ အညီ စနစ်တကျ ဝယ်ခိုင်းတယ်လို့ ကြက်ဥဈေးလျှော့ရောင်းသူတွေက ပြောကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဒဏ်ခံရရင် အားရှိအောင်စားသောက်ဖို့ လိုတယ်ဆိုပြီး အဟာရဖြစ်တဲ့ ကြက်ဥတွေကို လူတော်တော်များများက ဝယ်ယူနေတာဖြစ်ပါတယ်။
ရန်ကုန်မြို့က အိမ်ရှင်မတစ်ဦးကတော့ ကြက်ဥတင်မက အခြေခံစားသောက်ကုန် အကုန်လုံး ဈေးနှစ်ဆတက်နေတာကို မြင်တွေ့ခဲ့ရကြောင်း သူဈေးသွားခဲ့တဲ့ အတွေ့အကြုံကို ပြောပြပါတယ်။
"ကြက်သွန်ဖြူကို အရင်က တစ်ဆယ်သား ၃ဝဝ လောက်ပေးရတာ အခုဆို ၇ဝဝ ပေးဝယ်ရတယ်။ ၇ဝဝ ပေးရလည်း မတတ်နိုင်ဘူး။ ပစ္စည်းရရင် ပြီးရောဆိုပြီး ဝယ်နေရတယ်။ ကြက်ဥဆိုရင် အရင်က ရောင်းတဲ့သူတောင် မရှိဘူး။ ခုတစ်လုံး နှစ်ရာဆိုတာကို ခွဲတမ်းနဲ့ ဝယ်ရတယ်။ အရင်က ကြက်ဥတစ်လုံး ၈ဝ လောက် တစ်ရာလောက်ရှိတာ။ နောက်တစ်ခုက ကိုဗစ်ပြန်ဖြစ်တော့ mask တွေပေါ့။ အရင်က တစ်ထောင်ပဲရှိတာ အခု ၂၅၀၀ ဖြစ်နေပြီ။ ဒါတောင်လိုသလောက် ဝယ်လို့မရဘူး။ ကုန်ဈေးနှုန်းအားလုံးက နှစ်ဆနီးပါးတက်နေတာ။ ဆေးဝါးတွေ ပိုဆိုးတယ်။ ပစ္စည်းပြတ်တဲ့ ကုန်တွေဆို ပိုတက်တယ်။ ပုံမှန် စားသောက်ကုန်တွေတောင် အရင်က ချဉ်ပေါင်တစ်စည်းကို တစ်ရာလောက်ကနေ ၁၅၀။ ၂၀၀ နီးပါးပေးနေရတယ်။ လုံးဝဈေးစစ်လို့ မရဘူး။ လူတွေက မငတ်ရင်ပြီးရော ဆိုပြီးတော့ပဲ တိုးဝယ်နေကြတယ်"
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ အဖွဲ့ဟာ အာဏာသိမ်းယူခဲ့ပေမယ့် နိုင်ငံရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ကဏ္ဏ အသီးသီးကို ကောင်းကောင်း ကိုင်တွယ်နိုင်တာ မရှိဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ဝေဖန်နေကြပါတယ်။
အခုလို ကုန်ဈေးနှုန်းတွေ ကြီးမြင့်တာဟာလည်း လက်ရှိနိုင်ငံအာဏာကို သိမ်းယူထားတဲ့ စစ်တပ်မှာ တာဝန်ရှိတယ်လို့ လေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက ပြောပါတယ်။
"ပစ္စည်းတွေကို တစ်နေရာကနေ တစ်နေရာကို သယ်ယူတယ်၊ ဖြန့်ဖြူးတယ်၊ ဒါတွေက အကုန်လုံး အခက်အခဲတွေဖြစ်ကုန်တယ်၊ အဲ့ဒါကြောင့် ဈေးတက်တာ၊ နောက်တစ်ခုက အခုလို ကိုဗစ်ဖြစ်တော့ လူတွေ ထိတ်လန့်ပြီး လျှောက်ဝယ်ကြတယ်၊ အခုက လိုတဲ့သူရော မလိုတဲ့သူရောဝယ်နေကြတယ်၊ လက်ရှိမှာ ရေတွေ ကြီးနေတော့ နယ်စပ်ကုန်သွယ်ရေး အဓိကဖြစ်တဲ့ မြဝတီလမ်းတွေပိတ်တယ်၊ ရေကြီးတာက ဆက်လာမယ်ဆိုတော့ ကုန်ဈေးနှုန်းကြီးတာတွေ ဆက်ဖြစ်ဦးမယ်၊ စီမံခန့်ခွဲမှု သဘောမျိုး ဝင်ထိန်းတာမျိုး လုပ်ပေးရမယ်"
ကမ္ဘာ့ဘဏ်ရဲ့ ဒီတစ်ပတ်အတွင်း ထုတ်ပြန်ထားတဲ့ အစီရင်ခံထဲမှာ စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ကပ်ရောဂါရဲ့ ဒဏ်တွေကြောင့် မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှုနှုန်း နှစ်ဆ မြင့်တက်သွားနိုင်တယ်လို့ ပြောဆိုထားပါတယ်။
မြန်မာပြည်သူတွေအတွက် အလုပ်အကိုင် တစ်သန်းလောက် ဆုံးရှုံးနိုင်ပြီး စီးပွားရေးအခြေအနေဟာလည်း လာမယ့်နှစ်မှာ ၁၈ ရာခိုင်နှုန်းလောက်ထိ ကျုံ့သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက် ၂၀၂၀ ခုနှစ်အတွင်း ကိုဗစ်ဒဏ်ကြောင့် ထိခိုက်ခဲ့ရတဲ့ မြန်မာ့စီးပွားရေးဟာ လာမယ့် ၂၀၂၁ ခုနှစ်မှာ ပြန်နလန်ထူလာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က အရင်က ခန့်မှန်းပြောဆိုခဲ့ပေမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းမှုဖြစ်ခဲ့ပြီးနောက် ကိုဗစ်ရောဂါတွေလည်း မထိန်းချုပ်နိုင်တော့ဘဲ ပြန်လည်ဆိုးလာတာကြောင့် မြန်မာ့စီးပွားရေးဟာ ပိုပိုဆိုးလာတဲ့ အခြေအနေကို ဦးတည်လာနေကြောင်း ကမ္ဘာ့ဘဏ်က သတိပေးနေပါတယ်။ ။