CDM ပညာရေးဝန်ထမ်းတွေအတွက် ဘဝတူချင်း ကူညီမယ့်အစီအစဉ်

“အခြေခံပညာရေး CDM အဖွဲ့ ခေတ္တဘန်ကောက်” အဖွဲ့ဟာ ဆရာ၊ ဆရာမ ၁၂၅ ဦးနဲ့ ဖွဲ့စည်းလိုက်တဲ့ CDM သမဂ္ဂတစ်ခုဖြစ်ပြီး ဘန်ကောက်၊ ချင်းမိုင်နဲ့ “ အနီးအနားမြို့တွေမှာ လာရောက်အခြေချတဲ့ ဆရာ၊ ဆရာမတွေအချင်းချင်း အဆက်အသွယ်လုပ်ပြီး ဖွဲ့စည်းလိုက်ကြတာပါ။ဒီအဖွဲ့က ဘ၀တူချင်းကူညီဖို့ အစီအစဥ်တစ်ခုကို ဆုံးဖြတ်လိုက်ပါတယ်။
သူတို့ဘ၀တူချင်းဘယ်လိုကူညီကြမှာလဲ… အဖွဲ့က ဦးဆောင်ဆရာတစ်ဦးဖြစ်တဲ့ ဆရာနွေဦးနိုင်ပြောတာက…
“လစဥ်ပုံမှန်အနေနဲ့ ဘယ်လောက်ထည့်နိုင်ကြမလဲပေါ့၊ အဆင်ပြေသူ အဆင်မပြေသူစသဖြင့် ထည့်၀င်ကြဖို့ ပြီးခဲ့တဲ့ အစည်းအ၀ေးမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။ အခုလမှာ ရန်ပုံငွေတစ်ရပ်ထူထောင်ဖို့နဲ့ အရေးပေါ် CDM တွေကို ကူညီဖို့ ပြင်ဆင်ထားပါတယ်”
ဒီနေရာမှာ အကူအညီပေးမယ့်သူတွေဟာ ကိုယ့်တိုင်းပြည်ကနေ သူများနိုင်ငံကို တရားမ၀င်ရောက်ရှိလာသူတွေ ဖြစ်လေတော့ ထင်သလောက်လွယ်ကူနိုင်မှာလား၊ သူတို့မှာ ဘာအခက်အခဲတွေ ရှိနေပါသလဲ…
“အခက်အခဲတွေက ဘာတွေလဲဆိုတော့ အထောက်အထားမရှိခင်မှာ အလုပ်ရှာရခက်တာတွေရှိတယ် အထောက်အထားမရှိတဲ့အခါ ကျန်းမာရေးအတွက် ဆေးရုံဆေးခန်းပြဖို့တောင် အဆင်မပြေဘူးဗျ၊ တချို့ဆို အထောက်အထားမရှိတော့ ကော့ဆန်းလို့ခေါ်တဲ့ အလုပ်ကြမ်းလုပ်ရတယ် နောက်ပိုင်းကျတော့ အလုပ်ကြမ်းလုပ်တဲ့ဆီမှာ အထောက်အထားလုပ်ပေးတာလည်းရှိတယ်။ ဒါပေမဲ့ ဆရာတွေအနေနဲ့ တစ်ခါမှ မလုပ်ဖူးတဲ့ အလုပ်ကြမ်းတွေကိုလုပ်ရတဲ့အခါ စဥ်းစားကြည့်ပေါ့ဗျ မြေဖြူကိုင်တဲ့လက်တွေ တူတွေရဲဒင်းတွေကိုင်နေရတယ်ဆိုတော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးပေါ့”
အထောက်အထားစာရွက်စာတန်းမရခင်ကတော့ ရပ်တည်နိုင်အောင် ကြိုးစားရုန်းကန်ရသလို နောက်အခက်အခဲတစ်ခုကတော့ ထိုင်းနိုင်ငံတွင်းကိုရောက်ရှိဖို့ အခက်အခဲတွေပဲ ဖြစ်ပါတယ်။ ဆရာမ ဒေါ်စုမြတ်ကတော့ ဘ၀တူတွေရဲ့အကူအညီနဲ့ ဘေးရန်ကင်းစွာထိုင်းနိုင်ငံတွင်း ရောက်ခဲ့ရပါတယ်လို့ ဆိုပါတယ်။
“ကျွန်မက အာဏာသိမ်းပြီးတော့ ဆန္ဒပြပွဲတွေမှာပါ၀င်နေရာကနေ မြို့နယ်ကျော်စောမှာ ကျွန်မတို့နာမည်တွေပေါက်တာနဲ့ ကျွန်မတို့မြို့မှာနေလို့မရတော့တာနဲ့ ရန်ကုန်မှာ အလုပ်လုပ်ရင်း တစ်နှစ်လောက်ရှောင်နေတာပေါ့ အဲဒီမှာ သူငယ်ချင်းတွေက ကျွန်မနာမည်နဲ့ လိုက်နေတယ်ဆိုတာပြောတာနဲ့ ထိုင်းနိုင်ငံကိုတိမ်းရှောင်ဖို့ဖြစ်လာတာ၊ ဒီတော်လှန်ရေးမှာမှသိတဲ့ ဘန်ကောက်မှာရှိတဲ့ အစ်ကိုတွေ အစ်မတွေ သူငယ်ချင်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ဘန်ကောက်ကိုတက်လာခဲ့တာ၊ တစ်ယောက်တည်းလာတာ မိသားစုကိုလည်း အသိမပေးဘူး၊ မိသားစုကတော့ အေးအေးဆေးဆေးပဲ နေစေချင်တာပေါ့ ကျွန်မတို့က လက်ခံလို့မရဘူး”
တကယ်က ကိုယ်တိုင်လည်း တိုင်းတစ်ပါးမှာ သက်ဆိုင်ရာ အာဏာပိုင်တွေမျက်နှာကြည့်ပြီး နေရတာဆိုတော့ ဘ၀တူချင်းကူညီကြမယ် ဆိုတဲ့အစီအစဥ်ဟာ လက်တွေ့ကျပါရဲ့လား ဒီမေးခွန်းကိုတော့ ဆရာ ဦးရဲက…
“ကျွန်တော့်အနေနဲ့ ပြောမယ်ဆိုရင် ၇၅ရာခိုင်နှုန်းလောက် ဖြစ်နိုင်မယ်ပေါ့ အလုပ်ရှိတဲ့ သူတွေက ဖြစ်နိုင်မယ်ပေါ့ အလုပ်မရှိတဲ့ သူတွေကတော့ အခက်အခဲတွေရှိတာပေါ့”
ဒါဆိုနောက်ဆုံးအနေနဲ့ မြန်မာပြည်တွင်းမှာ ဟိုပုံးဒီရှောင်နဲ့ ပြေးလွှားနေကြရတဲ့ ခင်ဗျားတို့ရဲ့ ဘ၀တူရောင်းရင်းတွေကို ဘာများအမှာစကားပါးချင်ပါသလဲ။
“ပြောချင်တာတော့ လက်ရှိအခက်အခဲတွေကို အားတင်းထားဖို့နဲ့ ကိုယ့်ရဲ့အသက်အန္တရာယ် လုံခြုံဖို့အတွက် အထူးဂရုစိုက်ဖို့ပေါ့ ကျွန်တော်တို့ကိုယ်တိုင်လည်း တစ်ချိန်က စကစရဲ့အန္တရာယ်ပေးမှုတွေ နောက်တစ်ခါ အရပ်အခေါ် ဒလန်ပေါ့ ဒီလိုလူတွေရဲ့မျက်စိအောက်မှာ နေခဲ့ရတာကိုး ဒါကြောင့် ကိုယ့်အန္တရာယ်လည်း ကိုယ်အထူးဂရုစိုက်ပြီးနေဖို့ရယ် အဲ့ဒါပဲအကြံပေးချင်ပါတယ်”
ဆရာဦးရဲပြောပြသွားတာပါ။ အခြေခံပညာရေး CDM အဖွဲ့ ခေတ္တဘန်ကောက်ရဲ့ အစီအစဥ်အရ ပြီးခဲ့တဲ့ အပတ်ကမှ ရန်ပုံငွေထူထောင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပေမယ့် အကူအညီတွေကတော့ အဖွဲ့စတည်ထောင်ကတည်းက အဖွဲ့၀င်အချင်းချင်းအပြင် ပြည်တွင်းမှာရှိနေတဲ့ ပညာရေး CDM တွေအတွက် ကျန်းမာရေး၊ လူမူရေးအကူအညီတွေ နိုင်သလောက် ပေးနေခဲ့တာဖြစ်ပါတယ်။