ကမ္ဘောဒီးယားနဲ့မြန်မာက အင်တာနက်ကျေးကျွန်ပြုမှု ကမ္ဘာကိုပျံ့နှံ့
2023.05.08
ကမ္ဘာတစ်ဝန်း ကမ္ဘောဒီးယားနဲ့မြန်မာတွေ ဆိုင်ဘာနက်တစ် ခေါ် ဆက်သွယ်ထိန်းချုပ်မှုဆိုင်ရာလုပ်ငန်းခွင်တွေမှာ ကျေးကျွန်တွေသဖွယ် ခိုင်းစေခံနေရတယ်လို့ သုတေသနတစ်ရပ်က တွေ့ရှိခဲ့ကြောင်း ဒီပလိုမက်သတင်းက မေ ၈ ရက်က ဖော်ပြပါတယ်။
အထူးသဖြင့် ကမ္ဘာ့နေရာမျိုးစုံက လူငယ်ပညာတတ်တွေကို အရှေ့တောင်အာရှဒေသဆီ လှည့်ဖျားခေါ်ယူပြီး ပိတ်လှောင်ထားတဲ့ ခြံဝင်းတွေထဲမှာ အင်တာနက်အွန်လိုင်းမသမာမှုတွေ ခိုင်းစေခံနေရတာပါ။
အဲဒီလို စေခိုင်းခံရပြီ ဆိုတာနဲ့စေခိုင်းသူတွေရဲ့ တစ်ခုတည်းသောရည်ရွယ်ချက်က ငွေကြေးရနိုင်သလောက်များများနဲ့ မြန်နိုင်သလောက် မြန်မြန် ရရှိဖို့ပဲဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ငွေကြေးပမာဏမပြည့်မီဘူးဆိုရင် ဒါမှမဟုတ် ထွက်ပြေးဖို့ ကြိုးစားရင် ပြင်းထန်ရက်စက်တဲ့ ပြစ်ဒဏ်ပေးတာ ခံရမှာဖြစ်ပါတယ်။
အွန်လိုင်းမသမာမှုတွေရဲ့ သားကောင်ဖြစ်သွားရသူတွေ၊ မရေရာတဲ့ ကတိစကားတွေနဲ့ အဆွေခင်ပွန်း ဖြစ်သွားရသူတွေကလည်း ကမ္ဘာအနှံ့ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းက အထီးကျန်အဖော်မဲ့ကြသူတွေဟာလည်း အမေရိကန်ဒေါ်လာတစ်သန်းအထိ လှည့်စားခံခဲ့ကြရပြီး တချို့ဆိုရင် သူတို့ အိမ်တွေရောင်းလိုက်ရတဲ့အထိ ဖြစ်ပါတယ်။
ဒီပြဿနာနဲ့ပတ်သက်ပြီး လူထုနဲ့အစိုးရ နားလည်မှုကြီးကြီးမားမားလိုအပ်တယ်လို့ ဗြိတိန်အခြေစိုက် HRC ခေါ် လူသားဆိုင်ရာသုတေသန အတိုင်ပင်ခံအဖွဲ့ထူထောင်သူ Mina Chiang က ဆိုပါတယ်။ Mina Chiang ဟာ ကမ္ဘောဒီးယား နဲ့ မြန်မာမှာ သုတေသနပြုနေသူတွေနဲ့ အတူ ကွင်းဆင်းလေ့လာနေသူ ဖြစ်ပါတယ်။
ဆိုက်ဘာအင်တာနက် မသမာမှုနဲ့ လှည့်စားခံခဲ့ရသူတွေဟာ ကွန်ပျူတာနားလည်သူတွေဖြစ်ပြီး၊ လူမှုမီဒီယာကိုလည်း အလွယ်တကူ သုံးစွဲနိုင်သူတွေ ဖြစ်ကြပါတယ်။ အများအပြားက တက္ကသိုလ်ဘွဲ့ရတွေ ဖြစ်ကြပြီး၊ ဘာသာစကား တစ်မျိုးထက် ပိုပြီးပြောဆိုနိုင်သူတွေ ဖြစ်ပါတယ်။
ဒါပေမဲ့ အခုအခါ ကမ္ဘောဒီးယား သို့မဟုတ် မြန်မာမှာ အလုပ်ခေါ်ယူခံရတဲ့အခါ သတိပြုစရာတွေ ရှိနေကြောင်း Mina Chiang က ဆိုပါတယ်။ အလုပ်အကိုင်ရဲ့အမျိုးအစားနဲ့ လုပ်ငန်းတာဝန် သဘောသဘာဝကို ရှင်းရှင်းလင်းလင်း မသိရဘဲ လုပ်ခကောင်းကောင်းပေးမယ်၊ လေယာဉ်ခနဲ့ နေရေးထိုင်ရေး အခမဲ့ပေးမယ်လို့ ပြောဆိုတာတွေဟာ သတိထားစရာ ဖြစ်ပါတယ်။

အခုအခါ အင်တာနက်အွန်လိုင်း မသမာမှုတွေနဲ့ ကျေးကွန်အဖြစ် ခိုင်းစေရောင်းစားခံရတဲ့သူတွေ အရင်ကထက် ပိုမိုကျယ်ပြန့်လာနေကြောင်း HRC အဖွဲ့က ဆိုပါတယ်။ ဒါပေမဲ့ လူကုန်ကြမ်းတွေ ပံ့ပိုးပေးနေတဲ့ မူလလာရာ နိုင်ငံတွေနဲ့ပတ်သက်ပြီး ဘယ်နိုင်ငံတွေလဲဆိုတာ HRC အပါအဝင် ဘယ်သူမှ အတိအကျမသိကြသေးပါဘူး။
လက်ရှိ HRC စာရင်းမှာတော့ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီးလ်၊ တရုတ်၊ အီသီယိုးပီးယား၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကင်ညာ၊ လာအို၊ မလေးရှား၊ မွန်ဂိုလီးယား၊ မြန်မာ၊ ပါကစ္စတန်၊ ရုရှား၊ ထိုင်ဝမ်၊ ထိုင်း၊ ယူဂန်ဒါ၊ အမေရိကန် ပြည်ထောင်စု၊ ဥဇဘက်စတန်၊ ဗီယက်နမ် နဲ့ ဇင်ဘာဘွေနိုင်ငံတွေ ပါဝင်ကြောင်း ဖော်ပြပါတယ်။
ရာဇဝတ်ဂိုဏ်းတွေ အများစုမှာ တရုတ်တွေနဲ့အတူ ထိုင်ဝမ်နဲ့မလေးရှားတချို့လည်း ပါဝင်နေကြတာပါ။ ကမ္ဘောဒီးယားနဲ့ မြန်မာကြားမှာလည်း နှစ်လမ်းသွား ပူးပေါင်းလှုပ်ရှားတာတွေ ရှိနေပါတယ်။ နှစ်နိုင်ငံရဲတပ်ဖွဲ့တွေကြားမှာလည်း လာဘ်ပေးလာဘ်ယူတွေ ရှိနေသလို အဲဒီထဲမှာ ဝန်ကြီးချုပ် ဟွန်ဆင်ရဲ့မိသားစုလည်း ပါဝင်ကြောင်း၊ တရုတ်နဲ့ ဆက်ဆံရေးအဆင်ပြေတဲ့ ဟွန်ဆင်ဟာ တရုတ်ရဲ့ဖိအားကို ရပ်တန့်နိုင်မှာမဟုတ်ကြောင်း Mina Chiang က ဆိုပါတယ်။
ပြည်ပအစိုးရတွေအတွက် အလွယ်ကူဆုံးလမ်းကြောင်းအနေနဲ့ကတော့ ပြဿနာကို ကံမကောင်းအကြောင်းမလှမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်သာ သဘောထားဖို့ ဒီပလိုမက်သတင်း က ဖော်ပြပါတယ်။