ခင်ဦးမှာ ရှစ်လအတွင်း ၅၁ ရွာက နေအိမ် ၂၅၀၀ ကျော် မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ရှစ်လအတွင်း ရွာပေါင်း ၁၄၇ ရွာရှိတဲ့အနက် စုစုပေါင်း ၆၁ ရွာက နေအိမ် ၂၅၀၀ ကျော် မီးရှို့ခံရပြီး နှစ်သောင်းနီးပါး ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကျေးရွာများတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးသောကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသူများကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်။ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

၂၀၂၂ ခုနှစ်၊ မတ်လ ၃ ရက်နေ့ကနေ ဒီဇင်ဘာအထိ ရှစ်လအတွင်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ရွာပေါင်း ၆၁ ရွာက နေအိမ် ၂၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး နှစ်သောင်းကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေသူတွေက ပြောပါတယ်။

မတ်လ ၃ ရက်နေ့ မနက်အစော ၃ နာရီခန့်ကစလို့ ခင်ဦးမြို့ကို အင်တာနက်ဖြတ်လိုက်ပြီး စစ်ကြောင်းတွေဟာ ရွာတွေကို ဆက်တိုက်ဝင်ရောက်ကာ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ မီးဝင်ရှို့တာတွေ လုပ်ခဲ့တာလို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ခင်ဦးမြို့နယ်မှာ ကျေးရွာအုပ်စု ၆၄ စုနဲ့ ရွာပေါင်း ၁၄၇ ရွာရှိပြီး လူဦးရေ တစ်သိန်းခွဲကျော် နေထိုင်ခဲ့တာဖြစ်လို့ လက်ရှိ ရွာပေါင်းတစ်ဝက်နီးပါးအထိ မီးရှို့ခံခဲ့တာပါ။

၂၀၂၂ ခုနှစ်၊ နိုင်ဝင်ဘာ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့က ခင်ဦးမြို့နယ် သနပ်စိန်ရွာနဲ့ ရွှေကာရွာကို အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ် ၁၃၀ ရှိပြီး ဒေသခံ ၄၀၀ နီးပါးနေထိုင်တဲ့ သနပ်စိန်ရွာမှာ နေအိမ် ၁၂ လုံးသာကျန်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းနဲ့ တောတောင်တွေထဲမှာ ဖြစ်သလိုနေနေရတယ်လို့ ဒေသခံ ဒေါ်အေးအေးက ပြောပါတယ်။

"ပြာပုံပဲ ကျန်နေခဲ့တာပဲ။ ဘာတစ်ခုမှကို ရစရာမကျန်တော့ဘူး။ ကြည့်လည်း မကြည့်ရက်တော့ပါဘူး။ ရှေးအိမ်တွေဆိုတော့ လိုဏ်ခေါင်းအထိကို လှိုက်လောင်သွားတာပဲ။ ငါတို့ဘဝတွေကို ဒီလိုမြင်ချင်လို့ လုပ်ကြတာပဲဆိုပြီး ဖြေနိုင်အောင် ဖြေနေကြရတာပဲ။ ဝမ်းနည်းတာတော့ ပြောမနေနဲ့။ အကုန်လုံး အရိပ်မဲ့သွားကြပြီလေ။ ဘာတစ်ခုမှကို မရှိတော့ဘူး။ အခုထိလည်း အိမ်ကိုသွားသာကြည့်တာ ဘာမှကိုမလုပ်ရသေးဘူး။ ဘုန်းကြီးကျောင်းမှာပဲ ချက်ပြုတ်စားသောက်နေတာ"

ရွာတွေထဲကနေ စစ်ကောင်စီတပ်သားတွေ ပြန်ထွက်သွားပေမယ့် မြေမြှုပ်မိုင်းတွေထောင်ခဲ့လို့ မလုံခြုံသေးတာကြောင့် ရွာကိုမပြန်ရဲသေးဘူးလို့ ဆိုပါတယ်။

အများစုဟာ ပိုင်ဆိုင်မှုအကုန် မီးရှို့ဖျက်ဆီးခံလိုက်ရတာကြောင့် စားဝတ်နေရေးခက်ခဲနေပြီး ဘုန်းကြီးကျောင်းမှာပဲ မှီခိုစားသောက်နေရတယ်လို့ ရွှေကာရွာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အခုတော့ သူများပေးစာကမ်းစာကိုပဲ မှီခိုစားသောက်နေရတာပေါ့။ ပြန်စရာလည်း အိမ်မရှိဘူး။ သွားစရာလည်း နေရာမရှိဘူး။ မီးရှို့ခံရတဲ့အထဲ ပါကုန်တာ။ လက်ဝတ်လက်စားတွေလည်း ပြန်မရဘူး။ ငွေလည်း သုံးစရာမရှိဘူး။ နေ့ချင်းညချင်း ဒီလိုဘဝကို ရောက်သွားတော့တာပဲ။ အခုဆို အရမ်းအေးနေတယ်။ ကျမတို့ ညဆိုအေးလွန်းလို့ အိပ်မပျော်ဘူး။ စောင်လည်းမရှိဘူး။ ရှိတဲ့စောင်လေးတွေကျ ကလေးတွေကို ခြုံပေးပြီး ကျမတို့ကတော့ တစ်ညလုံး ငုတ်တုတ်ထိုင်ရတာပေါ့"

ရွှေကာရွာဟာ အိမ်ခြေ ၂၀၀ ရှိသလို ဒေသခံ ၈၀၀ နီးပါး နေထိုင်ခဲ့တဲ့ရွာဖြစ်ပြီး မီးရှို့ခံရပြီးနောက် နေအိမ် သုံးလုံးပဲ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

"ကျမတို့ ညဆိုအေးလွန်းလို့ အိပ်မပျော်ဘူး။ စောင်လည်းမရှိဘူး။ ရှိတဲ့စောင်လေးတွေကျ ကလေးတွေကို ခြုံပေးပြီး ကျမတို့ကတော့ တစ်ညလုံး ငုတ်တုတ်ထိုင်ရတာပေါ့"

ခင်ဦးနဲ့ ရေဦးမြို့နယ်တွေကို တပ်မ (၃၃) လက်အောက်ခံ၊ ခမရ (၃၆၁) နဲ့ ခမရ (၃၆၉) က စစ်ကောင်စီတပ်သား အင်အား ၂၅၀ ကျော်နဲ့ တစ်ရွာဝင်တစ်ရွာထွက် နယ်မြေရှင်းလင်းရေးလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ထွက်ပြေးရတဲ့အထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေပါ ပါတာကြောင့် ရာသီအကူးအပြောင်းအတွင်း ဖျားနာမှုတွေရှိသလို ကျန်းမာရေးအတွက် ဆေးဝါးအကူအညီတွေပါ လိုနေတယ်လို့ အသက် ၈၃ နှစ်အရွယ် သနပ်စိန်ရွာခံ ဒေါ်မိက RFA ကို ပြောပါတယ်။

"လိုအပ်တာကတော့ ပြောမနေနဲ့။ စားဝတ်နေရေးကတော့ ဆန်လေးက ရိတ်ရနေလို့ တော်သေးတာ။ အဆောက်အအုံပဲ အဓိကလိုနေတာ။ အခုတော့ နေရေးထိုင်ရေးက တော်တော်ကို ခက်နေတာ။ ဘာဆိုဘာမှ မကျန်ခဲ့တာ။ ထင်းတစ်ချောင်း၊ ဝါးတစ်လုံးတောင် မကျန်ခဲ့တာ။ ပြာကျုံးနေရတာပေါ့။ တောထဲ တဲထိုးနေကြရတာ။ ကျန်းမာရေးကတော့ ဆေးထိုးနေရတာပေါ့။ ဒီက ဆန်လေးတွေ၊ ဆီလေးတွေ ထောက်ပံ့တာပဲ ချက်ပြုတ်စားနေရတာ"

စစ်ကောင်စီတပ်ဟာ အခုနောက်ပိုင်း လေကြောင်းကနေပါ ဝင်ရောက်တာကြောင့် ဒေသခံအများစု ရွာကို မပြန်ရဲတော့ဘဲ ဘေးလွတ်ရာဘုန်းကြီးကျောင်းနဲ့ တောင်ယာတွေမှာပဲ ဆက်နေတာများတယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့က မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ဗျိုင်းကြိုင်ရွာမှ နေအိမ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကတော့ စစ်ဘေးဒုက္ခသည်တွေအတွက် အစားအသောက်အပြင် နေအိမ်တည်ဆောက်ရေးအတွက် လိုအပ်တဲ့ပစ္စည်းတွေပါ ထောက်ပံ့ပေးနေတယ်လို့ RFA ကို ပြောပါတယ်။

"ကျနော့်ဆီမှာရှိတဲ့ တိုက်ပွဲရှောင်တွေကို ကျနော်တို့ သတ်မှတ်ထားတဲ့ ဘုန်းကြီးကျောင်းတွေမှာ ထားထားတယ်။ တချို့လည်း သူတို့နဲ့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ နေတယ်ပေါ့။ လိုအပ်တဲ့ စားသောက်ကုန်စည်တွေကိုလည်း ဝယ်ပေးဖို့ ငွေလည်းရှိတယ်။ အရင်ကဆိုရင် ပစ္စည်းလေးမျိုးပဲ ပေးတာ။ အခုဆို ပစ္စည်းငါးမျိုးတောင် ပေးတယ်။ ဆန်၊ ဆီ၊ ဆား၊ ပဲနဲ့ ကြာဆံတွေပေါ့၊ ပြီးတော့ ပြန်လည်ထူထောင်ရေးအတွက် အိမ်ဆောက်ဖို့ သွပ်တို့၊ သံတို့ ဒါတွေလည်း ထောက်ပံ့ပါတယ်"

ဒါပေမဲ့ ဒီထောက်ပံ့မှုတွေဟာ တကယ်ဒုက္ခရောက်နေသူတွေဆီကို ရောက်မလာဘူးလို့ စစ်ကိုင်းတိုင်းထဲမှာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ စစ်ကောင်စီတပ်သားတွေဟာ ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ ဘယ်တော့မှမလုပ်ဘူးလို့ အခုနှစ် ဇွန်လ RFA ကမေးမြန်းချိန် ပြန်လည်ငြင်းဆိုထားပါတယ်။

ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်း ၂၂ လအတွင်း ခင်ဦးမြို့မှာ အာဏာရှင်ကိုဆန့်ကျင်တဲ့ ဒေသခံ ၁၄၀ သေဆုံးခဲ့ပြီး ၂၄၀ ဦး ဖမ်းဆီးခံထားရတယ်လို့ ဖော်ပြထားပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ စာရင်းအရ အာဏာသိမ်း ၂၂ လအတွင်း စစ်ကိုင်းတိုင်းမှာ နေအိမ်နှစ်သောင်းကျော် (၂၇,၄၉၆ လုံး) မီးရှို့ခံခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org