ပြည်သူတွေကိုလှည့်ဖြားဖို့ စစ်ဗိုလ်ချုပ်တွေ ဘုရားတည်တာလို့ လေ့လာသူတွေပြော
2023.07.28

(၂၀၂၃ ဇူလိုင် ၂၈ ရက် ည ၁၁:၂၅ တွင် ဖြည့်စွက်ရေးသားထားသည်)
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နေပြည်တော်မှာတည်နေတဲ့ မာရဝိဇယ ကျောက်ဆစ်ရုပ်ပွားတော်ကြီးကို အာဏာသိမ်း နှစ်နှစ်ခွဲပြည့်ချိန် လာမယ့် ဩဂုတ် ၁ ရက်၊ ဒုတိယဝါဆိုလပြည့်နေ့မှာ အနေကဇာတင်ဖွင့်လှစ်ပြီး လူထုကို ဖူးမျှော်ခွင့်ပေးဖို့ စစ်ကောင်စီက ပြင်ဆင်နေပါတယ်။
ပလ္လင်တော်အမြင့် ၁၈ ပေ၊ ဉာဏ်တော်အမြင့် ၆၃ ပေ စုစုပေါင်း ၈၁ ပေရှိလို့ ကမ္ကာပေါ်က စကျင်ကျောက်ဆင်းတုတော်တွေအနက် အကြီးဆုံးနဲ့ ဉာဏ်တော်အမြင့်ဆုံး ဖြစ်တယ်လို့ စစ်ကောင်စီ သတင်းမီဒီယာတွေက ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ ထေရဝါဒဗုဒ္ဓသာသနာ ထွန်းလင်းနေတာ ကမ္ဘာကို ပြသဖို့၊ မြန်မာနိုင်ငံဟာ ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှုရဲ့ ဗဟိုချက်ဖြစ်စေဖို့၊ နိုင်ငံနဲ့ ကမ္ဘာကြီးငြိမ်းချမ်းသာယာဖို့ ရည်ရွယ်ချက်တွေနဲ့ တည်ထားကိုးကွယ်တာလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
သွေးစွန်းလက်နဲ့ တည်တဲ့ဘုရားကို သွားရောက်ဖူးမျှော်မှာ မဟုတ်ဘူးလို့ နေပြည်တော်မြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။
"ရှေ့ကတည်သွားတဲ့ ဘုရားတွေထက် ပိုပြီးတော့မှ ထင်ရှားအောင်လို့ အင်တိုက်အားတိုက်နဲ့ ငွေအလုံးအရင်း သုံးပြီးတော့ တည်နေတာပဲလို့ ကျွန်တော် မြင်တယ်။ သွေးစွန်းလက်နဲ့ တည်ထားတဲ့ဘုရားဆိုတော့ ဖူးလည်း မဖူးချင်ဘူး၊ ဖူးလည်းဖူးဖြစ်မှာ မဟုတ်ဘူး။ သေချာတယ်၊ ကျွန်တော်အသက်ရှင်နေသရွေ့ကတော့ ဖူးဖြစ်မှာ မဟုတ်ဘူး၊ အဲဒီဘုရားကိုပေါ့နော်"
လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအင်စတီကျု (ISP-Myanmar) ကတော့ မာရဝိဇယ ဆင်းတုတော်ကြီး တည်ထားကိုးကွယ်မှုမှာ အယူသည်းတဲ့ မြန်မာ စစ်ခေါင်းဆောင်တွေအကြိုက် ကိုးဂဏန်းတွေ လွှမ်းမိုးထားတယ်လို့ ဖော်ပြပါတယ်။
ဆင်းတုတော်အလေးချိန် ၁,၇၈၂ တန်၊ ပလ္လင်တော်အလေးချိန် ၃,၅၁၀ တန်၊ စုစုပေါင်းအလေးချိန် ၅,၂၉၂ တန် ရှိပါတယ်။ ဒီဂဏန်းတွေကို တစ်လုံးတည်း ကျန်တဲ့အထိ ပေါင်းကြည့်ရင် ကိုးဂဏန်းတွေချည်း ရပါတယ်။ ရုပ်ပွားတော်ကြီးနဲ့အတူ တစ်ဆက် တစ်စပ်တည်း တည်ဆောက်ခဲ့တဲ့ ကျောက်စာရုံ စေတီအရေအတွက်ကလည်း အဆူ ၇၂၀ ဖြစ်ပြီး ကိုးဂဏန်းပဲ ရပါတယ်။
ပန္နက်တင်တာကနေ အနေကဇာတင်တဲ့အထိ ရက်ပေါင်း ၁,၁၄၃ ရက် ကြာမြင့်ပါတယ်။ သံဃာတော် အပါး ၉၀၀ ပင့်ဖိတ်ပြီး အနေကဇာတင် အခမ်းအနားကျင်းပမယ့် ဩဂုတ် ၁ ရက်နေ့တွေကလည်း ကိုးဂဏန်းတွေကို ကိုယ်စားပြုနေပါတယ်။
မာရဝိဇယ ဆိုတဲ့အမည်ဟာ “မာရ်နတ်မင်းရဲ့ အနှောင့်အယှက် ရန်စွယ်အန္တရာယ် အပေါင်းကို အထူး အောင်မြင်တော်မူသော မြတ်စွာဘုရား” လို့ အဓိပ္ပာယ်ရပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမိုင်းမှာ နာမည်ကောင်းကျန်ဖို့၊ အန္တရာယ်ကင်းပြီး မင်းသက်တမ်းရှည်ဖို့ လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။
"သမိုင်းအရဆိုရင်တော့ နာမည်ကောင်းနဲ့ ရာဇဝင်တွင်ဖို့ပေါ့နော်၊ အဲဒါ လုပ်ကြတဲ့ဟာ ရှိတယ်။ နောက်တစ်ခုက ဘာသာရေးနဲ့ ဆက်နွယ်ပြီးတော့ရှိနေတဲ့ အန္တရာယ်ကင်း ဘေးရှင်းပေါ့နော်၊ အခုပေးထားတဲ့ နာမည်ကလည်း အဲဒီအဓိပ္ပာယ်သဘောမျိုး သက်ရောက်နေတာကိုး။ အန္တရာယ်ကင်းမယ်၊ မင်းသက်တမ်းရှည်မယ်၊ ဘာဖြစ်မယ် ညာဖြစ်မယ်စတဲ့ အဲဒီလိုမျိုး ယုံကြည်မှု ရှိကောင်းရှိနိုင်ပါတယ်။ အဲဒီလို ရှိခဲ့ဖူးတဲ့၊ လုပ်ခဲ့ဖူးတဲ့ သာဓကတွေလည်း ရှိတယ်"
အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်မှာလည်း နိုင်ငံရဲ့မြို့တော်ကို ရန်ကုန်ကနေ နေပြည်တော်အဖြစ် ပြောင်းလဲခဲ့ပြီး၊ နေပြည်တော်မှာ ဥပ္ပါတသန္တိ စေတီတော်ကြီးကို တည်ခဲ့ပါတယ်။ ဒီစေတီတော်ကြီးကို ၂၀၀၆ နိုဝင်ဘာ ၁၂ ရက်မှာ စတင်ခဲ့ပြီး ၂၀၀၉ မတ်လမှာ ပြီးစီးခဲ့ပါတယ်။
ဥပ္ပါတသန္တိ ဆိုတဲ့အမည်ဟာ ၁၆ ရာစု အစောပိုင်းလောက်မှာ ပေါ်ပေါက်ခဲ့တဲ့ ဂါထာတစ်ခု ဖြစ်ပြီး ဘေးဒုက္ခများ ကြုံရချိန် အထူးသဖြင့် တိုင်းတစ်ပါးက ဝင်ရောက်တိုက်ခိုက် လာချိန်မှာ ရွတ်ဆိုလေ့ရှိတယ်လို့ သမိုင်းပညာရှင်တွေနဲ့ စာပေရေးရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။
အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေဝင်း လက်ထက်မှာလည်း ရန်ကုန်မြို့က ရွှေတိဂုံ စေတီတော်ကြီးရဲ့ တောင်ဘက်မှာ မဟာဝိဇယစေတီကို တည်ခဲ့ပါတယ်။
မဟာ ကြီးမားသော၊ ဝိဇယ ထူးကဲစွာအောင်မြင်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ မဟာဝိဇယစေတီကို ၁၉၈၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၇ ရက်မှာ စတင်တည်ထားခဲ့ပြီး ၁၉၈၆ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှာ ပြီးစီးခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၈၈ ခုနှစ်မှာ အာဏာသိမ်းပြီး ကျောင်းသား၊ ပြည်သူနဲ့ သံဃာတော်တွေကိုပါ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ဦးနေဝင်းကို ဆန့်ကျင်တဲ့အနေနဲ့ ဖူးမျှော်သူ နည်းပါတယ်။
အာဏာရှင်တိုင်း သာသနာပြုမင်း ဖြစ်ချင်ကြပေမယ့် လူထုကို ဖိနှိပ်သတ်ဖြတ်တာကပဲ သမိုင်းမှာ ကျန်ရစ်လိမ့်မယ်လို့ တရားလွှတ်တော်ရှေ့နေ တစ်ဦးဖြစ်တဲ့ ဦးကြီးမြင့် က ပြောပါတယ်။
"သာသနာပြုမင်း လုပ်ချင်တာပေါ့၊ အဓိက ရည်ရွယ်ချက်ကတောာ့ သာသနာပြုမင်း ဖြစ်မလားပေါ့လေ။ ဘာလို့လဲဆိုရင် နေဝင်း မဟာဝိဇယ တည်တယ်။ သန်းရွှေ တည်တယ်။ နောက်တစ်ခါ သူကလည်း သာသနာပြုမင်းပေါ့၊ ဒါလုပ်တာပေါ့၊ ဒါပေမဲ့လို့ ဘုရားဒကာ မဖြစ်ဘဲနဲ့ လူသတ်သမား ဖြစ်သွားတယ်။ အဲဒါကတော့ သေသေချာချာ သမိုင်းမှာ အတိအကျ ပြောနိုင်တယ်ပေါ့နော်။ သမိုင်းလည်း ကျန်ရစ်ခဲ့မှာပါ ဒါကတော့"
"တစ်ခုက ပြည်သူလူထုကို လိမ်လည်လှည့်ဖြားဖို့၊ နောက်တစ်ခုက သူတို့ရဲ့ စိတ်မလုံမှုအပေါ် နားခိုရာ ရှာတဲ့သဘောပါ"
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့ သမီးဖြစ်တဲ့ မြန်မာ့နိုင်ငံရေးလေ့လာသူ ဒေါ်လှကျော်ဇောကတော့… အရင်စစ်အစိုးရ အဆက်ဆက်ကတည်းက ပြည်သူတွေကိုလှည့်ဖြားဖို့ ဘာသာရေးကို အသုံးချလေ့ရှိတယ်လို့ RFA ကို ပြောပါတယ်။
"သူတို့ ဘာသာတရား ယုံတယ်လို့ ကျွန်မမထင်ပါဘူး။ တစ်ခုက ပြည်သူလူထုကို လိမ်လည်လှည့်ဖြားဖို့လည်း ပါတယ်၊ နောက်တစ်ခုက သူတို့ကိုယ်သူတို့လည်း သူတို့ရဲ့ စိတ်မလုံမှုအပေါ်မှာ နားခိုရာ ရှာတဲ့သဘောပေါ့။ အဲလိုနည်းနဲ့ ယတြာတွေ၊ ဗေဒင်တွေ ယုံပြီးတော့ အဲဒီလိုဖြစ်ကုန်ကြတယ်ထင်တယ်။ သေသေချာချာကြည့်၊ ဗမာပြည်ရဲ့ ဗုဒ္ဓဘာသာတရားဟာ ဒီ (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင် ခေတ်မှာ နှစ်ပြားမတန်အောင် ပျက်သွားတာပဲ။ ရုပ်အပျက်ဆုံးကာလက ဒီကာလပဲ၊ ဘုန်းကြီးတွေရော ဘာသာတရားရော အကုန်ပျက်ကုန်တာ"
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် အာဏာသိမ်း နှစ်နှစ်ကျော် အတွင်း တစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေ တိုးလာပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဇူလိုင် ၂၆ ရက် ထုတ်ပြန်ချက်အရ ဒီနှစ်နှစ်ကျော်အတွင်း အရပ်သားပြည်သူ လေးထောင်နီးပါး သေဆုံးခဲ့ပါတယ်။ အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပါတယ်။
"သူလုပ်ခဲ့တဲ့ ပါဏာတိပါတကံဟာ ဘယ်လိုမှကို သူဖြေဖျောက်လို့မရပါဘူး။ သူ့ဝဋ်ကြွေးလည်း ဘာကုသိုလ်တွေလုပ်လုပ်၊ ဘာကြီးတည်နေနေ အပယ်ကျရင် သူခံရမှာ"
လူ့အသက်တွေ ဆုံးရှုံးပြီးမှ ဘုရားတည်လည်း အကုသိုလ်ကံက ပျက်ပြယ်မသွားဘူးလို့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က မြောက်ယမား ဆရာတော်က မိန့်ပါတယ်။
"သူဒီလောက် လူသတ်လာတဲ့ လူဦးရေပေါင်း၊ ဒါတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင်တော့ သူလုပ်ခဲ့သမျှ ကုသိုလ်ဟာ ရမယ်လို့တော့မထင်ဘူး။ ဒါလေးနဲ့ ဖြေဖျောက်လို့ မကျေနိုင်ဘူးပေါ့။ သူလုပ်ခဲ့တဲ့ ပါဏာတိပါတကံဟာ ဘယ်လိုမှကို သူဖြေဖျောက်လို့ မရပါဘူး။ သူ့ဝဋ်ကြွေးလည်း ဘာကုသိုလ်တွေလုပ်လုပ်၊ ဘာကြီးတည်နေနေ အပယ်ကျရင် သူခံရမှာ"
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မာရဝိဇယ ရုပ်ပွားတော်ကြီးကို တည်ထားရုံမက သူလက်ထက်မှာ မွေးဖွားခဲ့တဲ့ ရတနာဆင်ဖြူတော် “ရဋ္ဌ နန္ဒက” ရဲ့ အသက် တစ်နှစ်ပြည့် မွေးနေ့အခမ်းအနားကိုလည်း ဇူလိုင် ၂၃ ရက်က ကျင်းပပြီး ကိုယ်တိုင်တက်ရောက်ခဲ့ ပါတယ်။ ရဋ္ဌ နန္ဒက ဆိုတာ တိုင်းပြည်က ချစ်ခင်မြတ်နိုး၍ နိုင်ငံတော်၏ သာယာဝပြော ပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းပေးမည့် ဆင်ဖြူရတနာလို့ အဓိပ္ပာယ်ရပါတယ်။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်၊ ဆင်ဖြူတော် တစ်နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ်ထုတ်မယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။ ဒီကြေညာချက်ထွက်ပြီး ရက်ပိုင်းအတွင်းမှာပဲ ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းမှာ ရွှေဈေးနဲ့ ဒေါ်လာဈေး ရုတ်တရက် ခုန်တက်သွားပြီး ရွှေဆိုင်တချို့ အရောင်းပိတ်ထားပါတယ်။
နိုင်ငံတစ်ဝန်းက ပြည်သူတွေကတော့ စစ်ကောင်စီဥက္ကဋ္ဌရဲ့ ရုပ်ပွားတော်ကြီး အနေကဇာ တင်မယ့်နေ့ဟာ အာဏာသိမ်း စစ်တပ်ရဲ့ အရေးပေါ်ကာလသက်တမ်း ခြောက်လ ပြည့်မယ့်နေ့ ဖြစ်တာကြောင့် သက်တမ်းထပ်တိုးပြီး ဖိနှိပ်သတ်ဖြတ်မှုတွေ ပိုဆိုးလာမှာကို စိုးရိမ်နေကြပါတယ်။
(မှတ်ချက်။ ။ မြန်မာ့နိုင်ငံရေးလေ့လာသူ ဒေါ်လှကျော်ဇော၏ သုံးသပ်ချက်ကို ဖြည့်စွက်ထားပါသည်။)