ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း ဆိုင်းဘုတ်တွေဖြုတ်ချ
2019.08.08

ပြီးခဲ့တဲ့ဇွန်လပိုင်းအတွင်း ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းညီလာခံမှာ လက်ရှိအစိုးရကို ဝေဖန်ပြောကြားခဲ့တာတွေ ကြေညာချက်ထုတ်ပြန်ခဲ့တာတွေရှိခဲ့ပါတယ်။
သာသနာတော်နဲ့စပ်လျဉ်းတဲ့ သံဃာ့အဖွဲ့အစည်းနဲ့ဆိုင်ရာတွေကိုသာ လုပ်ဆောင်နိုင်ခွင့်ရှိပြီး သံဃနာယကအဖွဲ့ ကြီးကြပ်မှုကို မခံယူတဲ့ အဖွ့ဲအစည်းမဖြစ်ရလို့ သံဃာ့ဥပဒေမှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီးကနေ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကြီးရဲ့ ဦးဆောင်ဆရာတော်တွေဖြစ်ကြတဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးတိလောက နဲ့ ဒု-ဥက္ကဌ ဆရာတော် ဦးသီလက္ခန္ဓာတို့ကို ဆုံးမသြဝါဒပေးဖို့ ခေါ်ယူခဲ့ပေမယ့်လည်း ဒု-ဥက္ကဋ္ဌ ဆရာတော်သာ ကြွရောက်ခဲ့ပြီး ဆရာတော်ဦးတိလောကကတော့ စာနဲ့သာ အကြောင်းကြားခဲ့ပါတယ်။
ဥက္ကဋ္ဌ ဆရာတော်ရဲ့စာကို လက်မခံခဲ့ဘဲ ဓမ္မစက်နဲ့ဆောင်ရွက်ချက်တွေ ကုန်ဆုံးပြီဆိုပြီး ဗုဒ္ဓဓမ္မ ပရဟိတ အသင်းကြီးကိုလည်း တရာမဝင်အသင်းအဖြစ် ဆုံးဖြတ်ကာ အသင်းကြီးရဲ့ ဆိုင်းဘုတ်တွေ ကို ၄၅ ရက် အတွင်းဖြုတ်ချဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
အခုလက်ရှိအခြေအနေအရ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအသင်းကြီးရဲ့ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် ဆရာတော် ဦးသောပါက က RFA ကို အခုလိုမိန့်ကြားပါတယ်။
"ဦးဇင်းတို့က တစ်နိုင်ငံလုံးဆိုင်ရာနဲ့ လုပ်ထားတဲ့ကိစ္စဖြစ်လို့ တကယ်ဖြစ်လာရင် တစ်နိုင်ငံလုံးကိုချပြမှာပေါ့၊ ပြောနိုင်တာက ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းဟာ ဆိုင်းဘုတ်ဖြုတ်ပေးထားတာမှန်တယ်၊ ဆရာတော်ကြီးတွေရဲ့ လမ်းညွှန်ချက်တွေနဲ့ အဖက်ဖက်ကကြည့်ပြီးတော့ မဟန ဆရာတော်တွေ စိတ်သောကမဖြစ်စေရေးနဲ့ နိုင်ငံရဲ့ စီးပွားရေးချွတ်ခြုံကျနေတဲ့ တိုင်းပြည်ရဲ့ဘက်စုံကျဆင်းနေတဲ့အချိန်မှာ တစ်ခုခုဖြစ်လာရင် မဘသ ကိုပဲ တရားခံ အဖြစ် လက်ညှိုးထိုးပြီး ပြဿနာတွေ ဖန်တီးနေမှာစိုးလို့ ဒီဘက်က အသာလေးပြဿနာမဖြစ်ရေး ရှေးရှုပြီးတော့ ဆိုင်းဘုတ်ကို ဖြုတ်ပေးထားတာလေ၊ ဆရာတော် နုတ်ထွက်တာတို့ ဟိုဘက်ကဟိုဘက်ကိုပြောင်းရွှေ့တာတို့ ဆိုတာ ဦးဇင်းတို့ဘက်က တရားဝင်ထုတ်ပြန်ထားတာ ဘာမှမရှိသေးဘူး၊ ရှိတဲ့အခါကျရင် တစ်နိုင်ငံလုံးကို ချပြသွားမယ်’’
ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းကြီးရဲ့ ဦးဆောင်ဆရာတော်ကြီးတွေရဲ့ တာဝန်ယူမှုအပြောင်းအလဲ ကိစ္စကိုတော့ တစ်ပြည်လုံးအတိုင်းအတာနဲ့ ဖွဲ့စည်းထားတဲ့အသင်းကြီးဖြစ်တာမို့ ရှေ့လုပ်ငန်းစဉ်တွေကိုတော့ စောင့်ကြည့်ကြပါလို့ ဦးသောပါက ဆရာတော်က မိန့်ကြားပါတယ်။
လက်ရှိအနေအထားအရဆိုရင် ဖောင်ဒေးရှင်း ဦးဆောင်ဆရာတော်တွေက ရှေ့ဆက်မတိုးလိုဘဲ ခြေလှမ်းနောက် ဆုတ်လိုက်တဲ့သဘောလို့ ယူဆကြောင်း ၂၀၁၆ ခုနှစ်က မဘသ အဖွဲ့ကြီးကနေ နုတ်ထွက်ခဲ့တဲ့ မကွေးကျောင်း တိုက် ဆရာတော် ဦးပါမောက္ခ က မိန့်ကြားပါတယ်။
"သက်ဆိုင်ရာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံတော်အစိုးရနဲ့ မဘသ အဖွဲ့ကြီးရယ် မဟနအဖွဲ့ရယ် အားလုံး ညီညီညွတ်ညွတ်နဲ့ တိုင်တိုင်ပင်ပင်လုပ်ပြီးတော့ အမျိုးဘာသာသာသနာအတွက်ကို သီးသန့်အဖွဲ့ကြီးက စောင့်ရှောက်ဖို့ အဖွဲ့ကြီးကလိုအပ်တယ်၊ ယခုအခါမှာ ဆိုင်းဘုတ်ဖြုတ်ချလိုက်သော်လည်းပဲ ရင်ထဲက မဘသ ဆိုတဲ့ကိစ္စကတော့ ဘယ်သူမှဖြုတ်ချလို့မရဘူးလေ၊ ယခုအခါမှာ နိုင်ငံတော်အစိုးရကနေပြီးတော့ မဘသ ဥက္ကဋ္ဌ ဒု-ဥက္ကဋ္ဌဆရာတော်တို့ကို ဖိအားနဲ့ ကြုံတွေ့နေရမို့လို့ ဒါဟာ ခြေတစ်လှမ်းနောက်ဆုတ်ပေးလိုက်တဲ့သဘော လို့ပဲ ဆရာတော်ကတော့မြင်တယ်"
ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းဟာ သံဃာဂိုဏ်းခွဲပြီး ထူထောင်ထားတာမဟုတ်ဘဲ သာသနာတည်တံ့စေဖို့ အသင်းတစ်ခုအနေနဲ့သာ ရပ်တည်တာမို့ အရေးယူမှုအပိုင်းတွေကို ဝေဖန်တာတွေလည်းရှိနေပါတယ်။
သံဃာတော်တွေဦးဆောင်တဲ့ ဘယ်အဖွဲ့အစည်းမဆို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ သြဝါဒအောက်မှာပဲ ရှိသင့်တယ်လို့ ပြင်ဦးလွင်မြို့က အာရှအလင်းရောင်ဆရာတော် ဦးစိန္တိက မိန့်ကြားပါတယ်။
"ဒီမဘသအဖွဲ့ကြီးဟာ သံဃဂိုဏ်းကွဲမဟုတ်ဘူးဆိုလို့ရှိရင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က သံဃာထု တစ်ရပ်လုံးကနေ ရွေးချယ်တင်ထားတယ်၊ သံဃာထုတစ်ရပ်လုံးက ရေးဆွဲထားတဲ့ သဘောတူညီချက် အခြေခံ ဥပဒေနဲ့ ရပ်တည်ထားတဲ့အဖွဲ့ကြီးပါဗျာ၊ အဲဒီအဖွဲ့ကြီးက ဆင့်ခေါ်တာ မလာနိုင်ဘူး စသဖြင့် ငြင်းဆိုတာတွေဟာ ဒါကြီးက မလျော်ကန်ပါဘူး၊ ပရဟိတလုပ်တဲ့အဖွဲ့လေးတစ်ဖွဲ့ဆိုလို့ရှိရင် သံဃမဟာနာယကရဲ့စကားကို မနာခံ စရာ အကြောင်းမရှိဘူးဗျ၊ အခုတော့ အာခံတဲ့သဘောကြီး သက်ရောက်သွားတဲ့သဘောသွားတွေ့ရတော့ သံဃနာယက အဖွဲ့ကြီးရှိပါလျက်နဲ့ နောက်ထပ်အဖွဲ့လေး ခွဲထွက်တဲ့သဘောတရားဆိုတာ မပြောလည်းပြော သလို သက်ရောက်သွားတယ်လို့ ဘုန်းဘုန်းက သုံးသပ်မိတယ်’’
ခုလိုအခြေအနေမျိုးမှာ နိုင်ငံတော်အစိုးရအကြီးအကဲတွေ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နဲ့ ဖောင်ဒေးရှင်း ဦးဆောင်ဆရာတော်တို့ သုံးပွင့်ဆိုင် ဆွေးနွေးဖြေရှင်းကြဖို့ကိုလည်း ဆရာတော် သံဃာတော်တွေက အကြံပြုတိုက်တွန်းကြပါတယ်။
သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန ပြောခွင့်ရသူ ဦးအောင်ဆန်းဝင်းထံ RFA က ဆက်သွယ်ခဲ့ရာမှာ မှတ်ချက်မပေးလိုကြောင်း ပြောကြားခဲ့ပါတယ်။
(RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြသည်)