ထီးချိုင့်မှာ တိုက်ပွဲ ဆက်ပြင်းထန်နေပြီး ထွက်ပြေးရတဲ့ ဒေသခံ သုံးသောင်းနီးပါးရှိလာ

ထီးချိုင့်မြို့နဲ့ အနီးနားရွာတွေကို စစ်ကောင်စီတပ်က နေ့စဉ် လေကြောင်းကနေ ငါးကြိမ်ထက်မနည်း ပစ်ခတ်နေပြီး ရွာတွေမှာလည်း စားနပ်ရိက္ခာ ပြတ်လပ်နေပါပြီ။

ထီးချိုင့် စစ်ဘေးဒုက္ခသည်များကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က တွေ့ရစဉ်။ Royal Tiger Support Battalion

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့မှာ နှစ်ဖက်တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး မြို့ပေါ်အပြင် အနီးအနားက တည်တော၊ သခွတ်ချောင်၊ ပေါက်ကုန်း အပါအဝင် ရွာဆယ်ရွာကနေ နေရပ်စွန့်ခွာ ထွက်ပြေးရသူ သုံးသောင်းနီးပါး ရှိလာပြီလို့ ထီးချိုင့်ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၈ ရက်ကစလို့ နှစ်ဖက်တိုက်ပွဲ စဖြစ်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၁၂ ရက်ထိလည်း ထီးချိုင့်မြို့အနီး ဗန်းမော်ဘက်သွားတဲ့ ဗန်းမော်လမ်းဆုံ၊ မြတောင်ရွာအနီးနဲ့ ထီးချိုင့်မြို့ပေါ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့ ဆိုပါတယ်။

“ရွာတွေမှာလည်း စားနပ်ရိက္ခာ ပြတ်လပ်နေပြီ”

ထီးချိုင့်မြို့နဲ့ အနီးနားရွာတွေကို စစ်ကောင်စီတပ်က နေ့စဉ် လေကြောင်းကနေ ငါးကြိမ်ထက်မနည်း ပစ်ခတ်နေပြီး ရွာတွေမှာလည်း စားနပ်ရိက္ခာ ပြတ်လပ်နေပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထီးချိုင့် ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ဒီမှာက စားရေး သောက်ရေးကလည်း တအား ဈေးတွေကတက် ဆီ၊ ဆန်၊ ဆားတွေကလည်း ဝယ်လို့ မရတော့ဘူး။ ဖုန်းဘေးလ်ဆို တစ်ချက်မှ ဝယ်မရဘူး။ ပိုက်ဆံရှိလျက်နဲ့ ဝယ်လို့မရတာ။ ဓာတ်ဆီလည်း ဝယ်လို့မရ၊ ရေနံလည်း ဝယ်လို့မရ။ စပါးဝယ်သူကလည်း မရှိတော့ ရောင်းလို့လည်း မရတော့ဘူး။ ဒီဘက်မှာတော့ တော်တော်လေး ခက်ခဲသွားပြီ။ ဘယ်နှစ်ရက်လောက် ကြာမယ် မသိတော့ဘူး”

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် ထီးချိုင့်ဒေသခံ တစ်ဦးကလည်း ထီးချိုင့်မြို့ပေါ်နဲ့ အနီးအနားဝန်းကျင် ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းက ဆက်တိုက် တိုက်ခိုက်နေတာကြောင့် ထိခိုက်သေဆုံးကြတယ်လို့ RFA ကိုပြောပါတယ်။

“ဂျက်ဖိုက်တာနဲ့ ချသွားတာ အခု၊ လေးငါးပတ်လောက်ပတ်ပြီး သုံးခါလောက်ကို ချသွားတယ်ဗျ။ လက်နက်ကြီးတွေ ချ၊ ဗုံးတွေ ချ၊ ပြည်သူတွေ သေ၊ အဲဒီလိုတွေဖြစ်နေတယ်။ တော်တော်ကို ခံနေရတယ်ဗျာ။ လေးငါးရက်ရှိပြီဗျ။ လေယာဉ်ပျံနဲ့ တိုက်နေတာ မအိပ်မနေပေါ့ဗျာ”

လုံခြုံရေးကြောင့် ထိခိုက်သေဆုံးတဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ထီးချိုင့်မြို့က လက်ရှိ တိုက်ပွဲအခြေအနေကို သိသူတစ်ဦးကတော့ စစ်ကောင်စီတပ်တွေက မြတောင်ရွာနဲ့ လမ်းဆုံမှာ ခံတပ်အနေနဲ့ စုနေကြပြီး ပြည်သူ့ကာကွယ်ရေး တပ်တွေကတော့ အဲဒီအပြင်ဘက်တစ်ကြော ဝိုင်းထားတာလို့ RFA ကို ပြောပါတယ်။

“အဲဒီလို ဝိုင်းထားတဲ့အတွက် သိမ်းလို့ အကုန်လုံးပြီးပြီလား ဆိုတော့လည်း အဲဒီလိုလည်း မပြီးသေးဘူး။ ပြတ်တော့ မပြတ်သေးဘူး။ လက်ရှိကတော့ တိုက်နေဆဲပဲ ရှိသေးတယ်။ အခုလည်း လက်ရှိ ဒါခုမိနစ်ပိုင်းလေးမှာပဲ Mi-35 တစ်စင်း ပစ်သွားပြီ။ မနေ့ကဆိုရင် တစ်နေကုန်လိုလို ခုနစ်ကြိမ်၊ ရှစ်ကြိမ်လောက် လာပစ်တယ်။ ပစ်လည်း ပစ်တယ်၊ ချလည်းချသွားလိုက်တာ မည်းမည်းလုံးလုံးကြီးတွေ ချသွားတာ။ အောက်မှာကွဲတာ ခါတိုင်း ပစ်တဲ့ဟာတွေက သိသာတယ်။ အပေါ်ကနေပြီးတော့မှ မီးတွေ ဝင်းဝင်းပြီးတော့မှ အောက်မှာကျမှ အခုဟာက အဲဒီလို မဟုတ်ဘူး။ အပေါ်ကနေပြီးတော့မှ မည်းမည်းလုံးလုံးကြီးနဲ့ ချလိုက်တာ။ ချလိုက်တော့မှ အောက်မှာမှ ကွဲသွားတာ။ အကုန်လုံး လှိုင်းသံတွေ အိမ်တွေကို တုန်သွားတာပေါ့။ အခုလည်း ပါးပါးပစ်လိုက်၊ ထူထူပစ်လိုက် ပစ်နေတာပေါ့။ အခုလည်း ပြောနေတဲ့အချိန်မှာပဲ လက်နက်ကြီးနဲ့ ပစ်နေတာပေါ့”

နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း ကတ္တုရွာက အသက် ၃၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပြီး တစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ထီးချိုုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကလည်း တိုက်ပွဲ ဆက်ပြင်းထန်နေပြီး လေကြောင်းက တိုက်ခိုက်တဲ့အတွက် ဒေသခံတချို့ ထိခိုက်မှုရှိကြောင်း နိုဝင်ဘာလ ၁၁ ရက်က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နိုဝင်ဘာလ ၁၀ ရက်နေ့ ထီးချိုင့်မြို့ပေါ်တိုက်ပွဲကို လေကြောင်းပစ်ကူနဲ့ တိုက်ခဲ့ကြောင်း MRTV အပါအဝင် ပြည်တွင်း မီဒီယာတွေကို နိုဝင်ဘာ ၁၁ ရက်ညပိုင်းမှာ ဖြေဆိုထားပါတယ်။

“စစ်ကိုင်းတိုင်းဒေသဘက်တော့ ထီးချိုင့်မှာ မနေ့ကတည်းက ဖြစ်နေတဲ့တိုက်ပွဲက ဖြစ်နေဆဲဖြစ်တယ်။ အဲဒီမှာတော့ သတင်းရတာကတော့ KIA အဖွဲ့၊ PDF နဲ့ AA က အဖွဲ့တချို့ ပါတယ်လို့ သတင်းရပါတယ်။ အဲဒီမှာလည်း လေကြောင်းပစ်ကူနဲ့ တိုက်ခိုက်ခဲ့တယ်။ ရန်သူမှာ အကျအဆုံး များစွာ ရှိတယ်ဆိုတာ သိရပါတယ်။ တိုက်ပွဲ ဆက်ဖြစ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်”

တိုက်ပွဲကြောင့် နှစ်ဖက် ဒဏ်ရာရ သေဆုံးမှုနဲ့ ဒေသခံတွေ ထိခိုက်သေဆုံးမှုကိုတော့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ရှမ်းပြည်မြောက်ပိုင်းမှာ ညီနောင် မဟာမိတ် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစပြီးနောက် စစ်ကိုင်းတိုင်းက နေရာအချို့မှာလည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက တောက်လျှောက် တိုက်ခိုက်သိမ်းပိုက်နေတာပါ။

KIA၊ CDF (တွန်းဇံ)နှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်များက ခါမ်းပါတ်မြို့ကို သိမ်းပိုက်ပြီးနောက် နိုင်ငံတော်အလံအား လွှင့်တင်ရန် ပြင်ဆင်နေသည်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့ကတွေ့ရစဉ်။ (Photo: NUG)

ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေဟာ နိုဝင်ဘာလ ၇ ရက်ကစပြီး စစ်ကိုင်းတိုင်းက ကောလင်းမြို့၊ ကလေးမြို့နယ်က မြောက်စည်း ရဲစခန်းနဲ့ ခါမ်းပါတ်မြို့တွေကို ထိန်းချုပ်ထားပါတယ်။

အဲဒီနေရာတွေကို ပြန်ရဖို့ စစ်ကောင်စီတပ်က အပြင်းအထန် ကြိုးစားနေပြီး လေကြောင်းကသာမက မြေပြင်ကပါ တိုက်ခိုက်နေတာလို့ ဒေသခံတွေနဲ့ စစ်ကိုင်းတိုင်းမှာရှိတဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org