ဧရာဝတီတိုင်းအစိုးရသစ်အပေါ် ဒေသခံအဖွဲ့အစည်းတွေရဲ့ မျှော်လင့်ချက်
2020.12.02
အသစ်တက်လာမယ့် ဧရာဝတီတိုင်းအစိုးရသစ်အနေနဲ့ မြေယာနဲ့ သဘာဝပတ်ဝန်းကျင် စိန်ခေါ်မှုတွေကို ဖြေရှင်းကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့အတွက် ဒေသခံအဖွဲ့အစည်းတွေက မျှော်လင့် နေကြပါတယ်။
ဧရာဝတီတိုင်းအတွင်း တောင်သူတွေ မြေယာပိုင်ဆိုင်မှု အာမခံချက် မရှိလို့ ဖြစ်လာတဲ့ မြေယာ ပြဿနာတွေ ကို အစိုးရသစ်က ဖြေရှင်းပေးဖို့ ဧရာဝတီ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုအဖွဲ့ (ATAA) ရဲ့ Program Manager ဦးနိုင်လင်းထွန်းက ပြောပါတယ်။
“အရှေ့မှာ အကောင်အထည်ဖော်ခဲ့တဲ့ လုပ်ငန်းစဉ်တွေရဲ့ အခြေအနေအရ မြေပြင်မှာ ဒေသခံ တောင်သူတွေနဲ့ စီမံကိန်းလုပ်ဆောင်သူတွေနဲ့ ပြဿနာတွေ ဖြစ်နေတာတွေ ရှိတယ်။ တချို့လည်း ပြေလည်သွားတာတွေ ရှိတယ်ပေါ့။ ဒါပေမဲ့ ကျန်နေတာတွေလည်း အများကြီး ကျန်နေသေးတယ်။ ဒီဟာတွေကိုလည်း လက်ရှိပြေလည်အောင် လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းစဉ်တွေကို စနစ်တကျနဲ့ အကောင်အထည်ဖော် ဆောင်ရွက်စေဖို့အတွက် ဒါကြောင့် မြေယာပြဿနာကို ဖြေရှင်းပေးနိုင်မယ်ဆိုရင် အစိုးရရဲ့ အကောင်းဆုံး အကောင်ထည်ဖော်မှုတစ်ခုလို့ ကျနော်တို့က အသိအမှတ်ပြုလို့ရမယ်ပေါ့။”
ဧရာဝတီတိုင်းထဲက မြေယာအငြင်းပွားမှု ပဋ္ဋိပက္ခတွေ အကြောင်းကို လူသေဆုံးတာတွေ ရှိခဲ့တဲ့ မအူပင်နဲ့ လပွတ္တာမြို့နယ်တွေက ဖြစ်စဉ်တွေနဲ့ ဦးနိုင်လင်းထွန်းက ဥပမာပေး ပြောဆိုပါတယ်။
မြေယာကိစ္စတွေအပြင် မြစ်ဝကျွန်းပေါ်ဒေသရဲ့ သဘာဝပတ်ဝန်းကျင်ကိစ္စတွေကိုလည်း အစိုးရသစ်က အဓိကထား ဆောင်ရွက်စေချင်တယ်လို့ ဦးနိုင်လင်းထွန်း က ပြောပါတယ်။
"သဘာဝပတ်ဝန်းကျင်ဆိုင်ရာအရ မြစ်ကြောင်းတွေကို ရှင်းလင်းပြီးတော့ ထိန်းသိမ်းမယ်။ နောက် ဒီရေတောတွေကို ထိန်းသိမ်းကြမယ်ဆိုရင် ကျနော်တို့ရဲ့ ရေသယံဇာတလို့ ခေါ်တဲ့ ငါးသယံဇာတတွေ၊ အပင်တွေရဲ့ တိုးတက်မှုတွေ ဖြစ်လာပြီဆိုရင် ဂေဟစနစ်က ပြန်လည်ပြီးတော့ ကောင်းမွန်သွားမယ့် အခြေအနေကို ပြန်ပြီးတော့ ဖြစ်တည်လာနိုင်တယ်ပေါ့။ ဒါကို အဓိကထားပြီးတော့ လုပ်ဆောင် စေချင်တယ်။"
မြစ်ချောင်းအင်းအိုင် ပေါများပြီး ရှည်လျားတဲ့ ပင်လယ်ကမ်းရိုးတန်းကို ပိုင်ဆိုင်တဲ့ ဧရာဝတီတိုင်းမှာ ဇီဝမျိုးစုံမျိုးကွဲတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ လိုအပ်တယ်လို့လည်း ဦးနိုင်လင်းထွန်းက ပြောပါတယ်။
ဧရာဝတီတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်ကတော့ လက်ရှိတိုင်းအစိုးရက တင်ဒါ လုပ်ငန်းတွေက ဦးစားပေးပြီး စီးပွားရေးဖွံ့ဖြိုးမယ့်လုပ်ငန်းတွေ လုပ်ဆောင်မှု အားနည်းတယ်လို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။
"နိုင်ငံတော်က ချပေးတဲ့ Plan တွေ ရှိတာပေါ့နော်။ ပြောရမယ်ဆိုရင် တင်ဒါတွေ ခေါ်မှာပေါ့နော်၊ တံတားတွေ၊ လမ်းတွေ၊ ဒါတွေက အန်ကယ့်အမြင် ပြောရမယ်ဆိုရင် ဒါတွေက ကော်မတီတွေဖွဲ့ပြီး တာဝန်ပေးထားလိုက်ရင် လူတိုင်းလုပ်တတ်ပါတယ်။ ဒီ ချပေးလိုက်တဲ့လုပ်ငန်းတွေ အောင်မြင်ဖို့ ဆိုတာကြီးက ဒါ အဓိက မကျပါဘူး။ ဒါ အန်ကယ့် အမြင်ပြောပြတာ။ အခုဖြစ်နေတာက ဒီတင်ဒါတွေက အဓိက ဖြစ်နေပြီးတော့ တကယ်လုပ်ရမယ့် စီးပွားရေးဖွံ့ဖြိုးမှု ကဏ္ဍမှာကျတော့ လုံးဝ မရှိသလို ဖြစ်နေတယ်။"
ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက ဧရာဝတီတိုင်းထဲက ညီနောင်အသင်း ၄၀ နဲ့ စုပေါင်းဖွဲ့စည်းထားတာဖြစ်တယ်လို့လည်း ဦးဝင်းမြင့်လှိုင် က ပြောပါတယ်။
လက်ရှိ ငါးနှစ် သက်တမ်းမှာ အစိုးရနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်မှု အားနည်းခဲ့လို့ တိုင်းကုန်သည်စက်မှု အသင်းဟာ ရပ်တော့မလိုကို ဖြစ်ခဲ့တယ်လို့ တိုင်းဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင် ကပြောပါတယ်။
"အန်ကယ်တို့ရဲ့ ရည်ရွယ်ချက်ကိုက အစိုးရအဖွဲ့ နဲ့ ချိတ်ဆက်ဆောင်ရွက်ပြီးတော့ စီးပွားရေးကဏ္ဍတွေ၊ ကိုယ့်ရဲ့ လုပ်ငန်းရှင်တွေမှာ ရှိတဲ့ အခက်အခဲတွေကို ဖော်ဆောင်ပေးနိုင်ဖို့ကို အဓိက ထားတာပေါ့။ ဒါကိုတော့ ငါးနှစ်သက်တမ်းမှာ အန်ကယ်တို့ ဆောင်ရွက်နိုင်ပေးတာ လုံးဝမရှိခဲ့ဘူး။ ပြီးရင်တော့ အသင်းအဖွဲ့ကို အားပေးမှုပေါ့နော်။ အသင်းအဖွဲ့ကို အားပေးတာက အရမ်းအားနည်းပါတယ်။ အားနည်းတယ်ဆိုတော့ အန်ကယ်တို့ အသင်းဆိုရင် သေသလောက်ဖြစ်သွားတယ်။"
တခြား တိုင်းနဲ့ ပြည်နယ်တွေမှာ ကုန်သည်၊ စက်မှု အသင်းရုံးတွေ ရှိနေပြီဖြစ်ပေမယ့် ဧရာဝတီတိုင်း ကုန်သည်၊ စက်မှု၊ လက်မှုလုပ်ငန်းရှင်များအသင်းကတော့ ရုံးခန်းအဆောက်အဦးတောင် မရရှိသေးဘူး လို့လည်း ဦးဝင်းမြင့်လှိုင် က ပြောပါတယ်။
ပုသိမ်မြို့မှာ ရေငုပ်ပြီး သံတိုသံစတွေ ရှာဖွေတဲ့ လုပ်သားတစ်ဦးဖြစ်တဲ့ ဦးစန်းမြင့်ကတော့ အစိုးရသစ်က မရှိဆင်းရဲသားတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးစေချင်တယ်လို့ ပြောပါတယ်။
"လုပ်ပေးစေချင်တာက စက်ရုံတွေ၊ အလုပ်ရုံတွေကို မရှိဆင်းရဲသားတွေ အလုပ်ရအောင် လုပ်ပေး သင့်တာပေါ့။ အခုက စက်ရုံတွေကလည်း ပိတ်၊ အလုပ်သမားတွေကလည်း နေရေး၊ စားရေး ကလည်း မပြေလည်ဘူး။ အဲဒီကြားထဲမှာ နိုင်ငံတော်က ပေးတဲ့ ပိုက်ဆံတွေကိုလည်း ဆင်းရဲသူ၊ ဆင်းရဲသားတွေ အပြည့်မရဘူး။"
၂၀၂၀ ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်းအတွင်း လွှတ်တော်ကိုယ်စားလှယ်နေရာ ၉၂ နေရာကို NLD က အားလုံးအနိုင်ရတဲ့အတွက် တိုင်းဒေသကြီးထဲက မြေယာ၊ သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေး ဖွံ့ဖြိုးရေး ကိစ္စတွေကို ဆောင်ရွက်ပေးဖို့ ဒေသခံအဖွဲ့အစည်းတွေက မျှော်လင့်နေတာဖြစ်ပါတယ်။