ဗစ်တိုးရီးယားအတွက် အလှူခံတဲ့ ဘဏ်အကောင့် ဆိုင်းငံ့ခံရ


2019.07.11
thetkaymoenyo-aya-622.jpg ဗစ်တိုးရီးယားအတွက် အလှူခံတဲ့ ဧရာဝတီဘဏ်အကောင့် ဆိုင်းငံ့ခံရစဉ်
Photo: Jessica Mozart

Victoria ကိစ္စကို အကြောင်းပြုပြီး အလှူခံနေတာတွေ ရိုးသားမှုမရှိရင် လက်မခံဘဲ စိစစ်အရေးယူမယ်ဆိုပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ ရဲဇာနည်မှာ မနေ့ညက ရေးသားထားပါတယ်။ ဒီနေ့မနက်မှာတော့ Victoria အမှုအတွက် အကူညီရအောင် ဖွင့်ထားပေးတဲ့ ဧရာဝတီဘဏ်အကောင့် ဆိုင်းငံ့ခံထားရတယ်လို့ ရန်ပုံငွေအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကလေးငယ် Victoria အတွက် စေတနာရှင်တွေ လှူဒါန်းထားတဲ့ ရန်ပုံငွေတွေကို ဦးဝင်းကိုကိုသိန်း နာမည်နဲ့ ဖွင့်ထားတဲ့ ဘဏ်အကောင့်ဟာ ဒီနေ့မှာ ဆိုင်းငံ့ခံထားရတယ်လို့ သိရပါတယ်။

မနေ့မနက်ပိုင်းမှာ ဒေါက်တာဦးဝင်းကိုကိုသိန်း ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေနဲ့ အမှုဖွင့်လိုက်ပြီး အာမခံငွေ သိန်း ၁၀၀ နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ညဘက်မှာ ရန်ပုံငွေနဲ့ပတ်သက်ပြီး နောက်ထပ် စစ်ဆေးတာဖြစ်တယ်လို့ ဒေါက်တာဝင်းကိုကိုသိန်းက RFA ကို ပြောပါတယ်။

အဲဒီလို ဘဏ်အကောင့်ပိတ်တာနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်မေးမြန်းပေမဲ့ မရခဲ့ပါဘူး။

Victoria ကိစ္စ အလှူခံနေတာတွေမှာ မရိုးသားတာတွေရှိရင် စိစစ်အရေးယူမယ်ဆိုပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရဲဇာနည် စာမျက်နှာကနေ ဇူလိုင်လ ၁၀ ရက်နေ့ညက ရေးသားပြီးတဲ့နောက်ပိုင်း အခုလို ဆိုင်းငံ့ခံရတာ ဖြစ်ပါတယ်။

ဒီနေ့မနက်မှာ အလှူရှင်တချို့က အလှူငွေထည့်ဖို့ ငွေလွှဲတာမရတော့ဘူးလို့ အကြောင်းကြားတာကနေ သိရတာဖြစ်တယ်လို့ Victoria ရန့်ပုံငွေအဖွဲ့က မအေးအေးမိုးဇက်က RFA ကိုပြောပါတယ်။

ကလေးငယ်အတွက် ဒီရန်ပုံငွေအကောင့် ဆိုင်းငံ့ထားတာနဲ့ ပတ်သက်ပြီး ဧရာဝတီဘဏ် တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းပေမဲ့ မရခဲ့ပါဘူး။

(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။