အာဆီယံအထူးသံ ဒုတိယမြောက် မြန်မာနိုင်ငံ ခရီးစဉ်စတင်

မြန်မာနိုင်ငံက အကျပ်အတည်းတွေကို ကြားဝင်ဖြေရှင်းမယ့် အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းဟာ သူ့ရဲ့ ဒုတိယမြောက် မြန်မာနိုင်ငံခရီးစဉ်ကို ဒီနေ့ ဇွန်လ ၂၉ ရက်နေ့မှာ စတင်လိုက်ပါပြီ။
အာဆီယံအထူးကိုယ်စားလှယ်ဟာ ဒီခရီးစဉ်အတွင်း စစ်ကောင်စီဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီအချို့က ပုဂ္ဂိုလ်တွေနဲ့ တွေ့ခွင့်ရမယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဇွန် ၂၈ ရက် မနေ့က သတင်းမီဒီယာတွေကို ပြောပါတယ်။
"မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာ သက်ဆိုင်သူ ပါဝင်ပတ်သက်တဲ့သူတွေ အားလုံးနဲ့ တွေ့ဆုံနိုင်ဖို့ကိုလည်း ကျနော်တို့ တိုက်တွန်းမယ်"
ဇူလိုင် ၁ ရက်နေ့မှာ အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံမယ့် ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNLA-PC) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က သူတို့အနေနဲ့ အထူးကိုယ်စားလှယ်ကို မြန်မာ့အရေးဖြေရှင်းရာမှာ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့ တိုက် တွန်းသွားမယ်လို့ RFA ကို ပြောပါတယ်။
“အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာ သက်ဆိုင်သူ ပါဝင် ပတ်သက်တဲ့သူတွေ အားလုံးနဲ့ တွေ့ဆုံနိုင်ဖို့ကိုလည်း ကျနော်တို့ တိုက်တွန်းမယ်။ တွေ့ဆုံနိုင်ဖို့ ကြိုးပမ်းရေးကိုလည်း တိုက်တွန်းမယ်။ ပြီးတော့ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ဖို့ အာဆီယံအနေနဲ့ ဘယ်လိုကြိုး ပမ်းလုပ်ဆောင်ပေးနိုင်မလဲ ဆိုတာကိုလည်း တိုက်တွန်းမယ်။ နောက်တစ်ခါ ကျနော်တို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်မြောက်ဖို့ အာ ဆီယံအနေနဲ့ ဘယ်လို ကြိုးပမ်းဆောင်ရွက်ပေးနိုင်မလဲ ဆိုတာကိုလည်း တိုက်တွန်း ဆောင်ရွက်ဖို့ စဉ်းစားထားတာ၊ ကြိုတင်ညှိနှိုင်းထားတာတွေကတော့ ရှိပါတယ်”
စစ်ကောင်စီဥက္ကဋ္ဌရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို လက်ခံထားတဲ့ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းတွေနဲ့ အထူးသံကို တွေ့ဆုံပေးဖို့ စစ်ကောင်စီက စီစဉ်ထားတာပါ။ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို NCA လက်မှတ်ထိုးထားတဲ့ ခုနစ်ဖွဲ့နဲ့ NCA လက်မှတ် မထိုးရ သေးတဲ့ သုံးဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့က လက်ခံထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့နဲ့ တွေ့ခွင့်ပြုဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘော ဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ အာဆီယံ အထူးကိုယ်စားလှယ်တို့က ဒီခရီးစဉ်မတိုင်ခင် ကတည်းက တောင်းဆိုထားပေမယ့် စစ်ကောင်စီကတော့ တွေ့ခွင့်မပြုနိုင်ဘူးဆိုပြီး ပယ် ချထားပါတယ်။
လက်ရှိပြဿနာတွေကို အမှန်တကယ်ဖြေရှင်းချင်တယ်ဆိုရင် ဒီအကျပ်အတည်းမှာ ပါဝင် ပတ်သက်နေသူတွေကို ဖယ်ထုတ်ထားလို့ မရဘူးလို့ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြော ပါတယ်။
ဒီကနေ့ ခရီးစဉ်အကြောင်း အသေးစိတ်သိရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်း ထွန်းကို RFA က ဒီနေ့ အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
ဇွန် ၂၇ ရက်နေ့တုန်းကတော့ အာဆီယံအထူးသံကို အမှုရင်ဆိုင်နေသူတွေနဲ့ တွေ့ခွင့်ပေးမှာ မဟုတ်ဘဲ ပဋိပက္ခတွေလျော့ပါးရေးအတွက် လက်တွေ့ကျတဲ့ အဖွဲ့အစည်းတွေနဲ့တော့ တွေ့ဆုံနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
“သဘောတူညီချက်တွေထဲမှာ အဓိကကျတာကတော့ လက်နက်ကိုင်ပဋိပက္ခတွေ လျော့ ပါးရေးနဲ့ ပတ်သက်ပြီး လက်တွေ့ကျတဲ့အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးဆောင်ရွက်လျက်ရှိ တယ်။ ဆွေးနွေးဆောင်ရွက်တဲ့နေရာမှာ အခြေခံသဘောတူညီချက်တွေ ရရှိပြီးဖြစ်တယ်။ ဆက်လက်ပြီးတော့ ဆွေးနွေးဆောင်ရွက်သွားမှာဖြစ်တယ်။ ဥပဒေအရ တရားရင်ဆိုင် နေဆဲ၊ အရေးယူခံရဆဲ ပုဂ္ဂိုလ်တွေမှအပ တွေ့သင့်တွေ့ထိုက်တဲ့သူတွေနဲ့ တွေ့ဆုံပေးနိုင် ရေး ကျနော်တို့ လမ်းဖွင့်ပေးထားပြီးဖြစ်ပါတယ်”
သူရည်ညွန်းတဲ့ ပဋိပက္ခတွေ လျော့ပါးရေးအတွက် လက်တွေ့ကျတဲ့ အဖွဲ့အစည်းတွေဆို တာ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို လက်ခံထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကို ဆိုလိုခြင်းဖြစ်ပါတယ်။
ဒီခရီးစဉ်အတွင်း NLD ပါတီဝင်တချို့နဲ့ တွေ့ဆုံနိုင်ဖို့ စီစဉ်ထားတယ်လို့ စစ်ကောင်စီဘက် က ပြောပေမယ့် ဘယ်သူတွေလဲဆိုတာ အတိအကျ ထုတ်မပြောပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး RFA က NLD ပါတီ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးကို မေး မြန်းရာမှာ ဒီကိစ္စကို အတိအကျ ထုတ်မပြောနိုင်သေးဘူးလို့ ဖြေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကတော့ အထူးသံရဲ့ ခရီးစဉ်မှာ ပြဿနာဖြေရှင်းရေးအတွက် အရေးပါတဲ့သူတွေနဲ့ တွေ့ခွင့်မရရင် တော့ ဒီခရီးစဉ်အပေါ် အကောင်းမမြင်နိုင်ဘူးလို့ ပြောပါတယ်။
“ကျနော့်အနေနဲ့တော့ အကောင်းမမြင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ခရီးစဉ်မှာ တကယ်အရေးကြီးတဲ့ Stakeholder တွေနဲ့ တွေ့ခွင့်ရဖို့ မဖြစ်နိုင်တဲ့အတွက်ကြောင့် ဒီအာဆီယံရဲ့ ကြိုးစားမှုတွေ စစ်ကောင်စီ တစ်ခုတည်းနဲ့ ဆွေးနွေးနေသရွေ့ ဒီအာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ကြိုးစားမှုဟာ အောင်မြင်စရာ၊ မြန်မာပြည်သူတွေအတွက် အကျိုးရှိစရာ အကြောင်းမရှိဘူးလို့ ထင်မြင်မိပါတယ်"
အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ ဒီခရီးစဉ်အတွင်းမှာ စစ်တပ်က လိုလားတဲ့သူတွေ ချည်းသာ မဟုတ်ဘဲ ပဋိပက္ခနဲ့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံနိုင်ဖို့ ကြိုးစားသင့်တယ်လို့ ဦးကျော်ဇော်က တိုက်တွန်းပါတယ်။

စစ်တပ်ကိုဆန့်ကျင်သူတွေရဲ့ သဘောထား လျစ်လျူရှု ခံထားရဦးမယ်ဆိုရင် မြန်မာ့နိုင်ငံ ရေးရဲ့ အဖြေကိုရှာဖွေနိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်း ကြည်ဇင်စိုးက ထောက်ပြပါတယ်။
“ပြည်သူလူထုတွေလိုလားတဲ့ ရလဒ်အဖြေမျိုးကိုတော့ ဒီပုံစံနဲ့တွေ့ရမှာ မဟုတ်ဘူး။ သူတို့ စစ်တပ်နဲ့နီးစပ်တဲ့၊ စစ်တပ်နဲ့ သဘောထားကိုက်ညီတဲ့ အစုအဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီးတော့ မြန်မာ့နိုင်ငံရေးအဖြေကိုရှာမယ်ဆိုတာက ဒါဟာ တစ်ဖက်သတ်ပဲရှိ သေးတယ်။ တခြားဘက်မှာရှိနေတဲ့ လူအများစု သဘောဆန္ဒတွေ၊ သူတို့ရဲ့ အမြင်ရှု ထောင့်တွေ အများကြီးလျစ်လျူရှုခံရတာ ဖြစ်နေတာကိုး။ အဲဒီအတွက်ကြောင့်မို့ ဒီကနေ လူတွေမျှော်မှန်းတဲ့အဖြေမျိုး ရစရာရှိမယ်လို့ သိပ်မထင်ဘူး”
ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ အာဆီယံအထူး ကိုယ်စားလှယ်ဟာ ဒီခရီးစဉ်အတွင်း အာဆီယံဘုံသဘောတူညီချက် ငါးချက် တိုးတက်မှု ရှိအောင် အကောင်အထည်ဖော်ရေး၊ မေလ ၆ ရက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပေးရေး၊ အစည်းအဝေး သဘောတူညီချက်တွေကို ရရှိအောင် ဆောင်ရွက်ရေး၊ သက်ဆိုင်သူ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာအောင် ကူညီရေးကိစ္စ တွေကို လုပ်ဆောင်မယ်လို့ ထုတ်ပြန်ထားပါတယ်။
အထူးသံဟာ ဇူလိုင် ၂ ရက်ကနေ ၅ ရက်နေ့အထိ ပုဂံမှာ ကျင်းပမယ့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကိုလည်း တက်ရောက်ဖို့ရှိနေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရက သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။ အဲဒီအစည်းအဝေးမှာ ထိုင်း၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေလည်း ပါဝင်မှာပါ။
အာဆီယံအထူးကိုယ်စားလှယ်ဟာ သူ့ရဲ့ ပထမကြိမ် ခရီးစဉ်အဖြစ် အခုနှစ် မတ်လထဲမှာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပေမယ့် အမှုပေါင်းများစွာနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို တွေ့ခွင့်မရခဲ့သလို မြန်မာ့အရေး သိသာတဲ့ တိုးတက်မှုတွေ မရခဲ့တဲ့အတွက် ဝေဖန်မှုတွေ မြင့်မားခဲ့ပါတယ်။