မြန်မာ့ပြည်တွင်းရေး ဝင်မစွက်ဖက်ဖို့ အာဆီယံကို စင်္ကာပူပြော

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2023.02.28
မြန်မာ့ပြည်တွင်းရေး ဝင်မစွက်ဖက်ဖို့ အာဆီယံကို စင်္ကာပူပြော ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က ဂျကာတာမြို့တွင် ကျင်းပသည့် အာဆီယံဆွေးနွေးပွဲတစ်ခုအတွင်း တွေ့ရသည့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi နှင့် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan။
AFP

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံအနေနဲ့ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ခွင့် မရှိဘူးလို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ကြောင်း South China Morning Post သတင်းက ဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ အမျိုးသားညီညွတ်ရေးပြဿနာဟာ ဒုတိယကမ္ဘာစစ်ကာလကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုကြောင့် အခြေအနေတွေ ပိုမိုဆိုးရွားခဲ့ရတာ ဖြစ်ကြောင်း၊ စစ်တပ် အာဏာသိမ်းမှုအပေါ် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက ပြစ်တင်ဝေဖန်ခဲ့ကြပေမယ့် မြန်မာ့ပြည်တွင်းရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ခွင့် မရှိကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က တနင်္လာနေ့ က ပြောဆိုပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံအတွင်း အာဏာသိမ်းစစ်ကောင်စီအောက်က လက်ရှိ အခြေအနေတွေဟာ လမ်းဆုံးနေတဲ့ အနေအထားတစ်ရပ်ဆီ ဦးတည်နေပုံရတယ်လို့ ယုံကြည်ရပြီး အာဏာသိမ်းပြီး နှစ်နှစ်ကြာတဲ့အထိ မြန်မာ့ပြည်တွင်း အခြေအနေတွေ တိုးတက်ပြောင်းလဲလာတာ မတွေ့ရ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းဆီ ဦးတည်နေတာကိုလည်း မမြင်ရကြောင်း ပြောလိုက်ပါတယ်။

ဒါပေမဲ့ တခြားအာဆီယံနိုင်ငံတွေလိုပဲ စင်္ကာပူဟာ ပြည်တွင်းရေးကိစ္စတွေမှာ ပြည်ပစွက်ဖက်မှုကို ဆန့်ကျင်ပြီး၊ ကိုယ့်ပြည်သူတွေရဲ့ အနာဂတ်အတွက် ပြဿနာအကျပ်အတည်းတွေကို တစ်ဦးနဲ့တစ်ဦး ရိုးဖြောင့်ဖြူစင်တဲ့ ဆွေးနွေးမှုတွေနဲ့ ဖြေရှင်းကြဖို့ ဒါကြောင့် မိမိတို့အနေနဲ့ အာဏာသိမ်းတာကို မထောက်ခံသလို လက်ရှိ အာဏာသိမ်းစစ်ကောင်စီကိုလည်း အသိအမှတ်မပြုကြောင်း၊ ပြည်တွင်းရေးကိစ္စတွေမှာ အာဆီယံကို ဝင်ရောက်စွက်ဖက်ခွင့်ပြုမှာလည်းမဟုတ်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ပြောဆိုပါတယ်။

အချေအတင်ပြောဆိုကြစဉ်အတွင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲတို့ကြား ဒီဇင်ဘာလမှာ ကျင်းပမယ့် ဆွေးနွေးပွဲတစ်ရပ်နဲ့ ပတ်သက်ပြီး စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး က မေးမြန်းခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲဟာ အာဆီယံဆွေးနွေးပွဲ မဟုတ်ဘဲ မြန်မာစစ်ကောင်စီအုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ပွဲဖြစ်ပြီး စင်္ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဘရူနိုင်းတို့ မတက်ရောက်ခဲ့ကြပါဘူး။ တက်ရောက်သူတွေက မြန်မာ့အိမ်နီးချင်းတွေဖြစ်ပြီး မြန်မာပြည်တွင်းကနေ ဒုက္ခသည်တွေ ဝင်ရောက်မှု ပြဿနာနဲ့ ရင်ဆိုင်ရဖွယ်ရှိပါတယ်။

အာဆီယံရဲ့ဘက်စုံအနေအထားက စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို လိုက်နာရမှာဖြစ်ပြီး အချက် ငါးချက်ပါ သဘောတူညီချက်ကို အကောင်အထည်ဖော်၊ အာဆီယံနဲ့စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကြား ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။

indonesia-002.jpg
၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က ဂျကာတာမြို့တွင် ကျင်းပသည့် အာဆီယံဆွေးနွေးပွဲ တက်ရောက်လာကြသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ။ (Photo: AFP)

ဒါ့ပြင်အကြမ်းဖက်မှုတွေ အမြန်ဆုံးရပ်ဆိုင်း၊ သက်ဆိုင်ရာအဖွဲ့တွေကြား တွေ့ဆုံဆွေးနွေး၊ မြန်မာနိုင်ငံကို အကူအညီတွေ ပေးပို့၊ တွေ့ဆုံဆွေးနွေးမှုတွေ အဆင်ချောဖို့၊ အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်၊ အထူးကိုယ်စားလှယ်ကို နိုင်ငံတွင်း ဝင်ထွက်ခွင့်ပြုဖို့ စတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။

စစ်ကောင်စီကတော့ ငြိမ်းချမ်းရေးလမ်းညွှန်မြေပုံ အကောင်အထည်ဖော်ဆောင်ရေးနဲ့ ပတ်သက်ပြီး ဝေ့လည်လည် လုပ်နေပြီး၊ ငြိမ်းချမ်းရေးအစီအစဉ်မှာ သူတို့ရဲ့ သဘောတူညီချက် မပါဝင်ကြောင်း လတ်တလော လပိုင်းတွေအတွင်း ပြောဆိုခဲ့ပါတယ်။ အာဆီယံကလည်း စစ်ကောင်စီထိပ်တန်းကိုယ်စားလှယ်တွေကို အဓိကဆွေးနွေးပွဲတွေကနေ တားဆီးထားတာပါ။ ဒါပေမဲ့ ဗျူရိုကရက်တွေကတော့ သူတို့နေရာမှာ သူတို့ ရှိနေကြဆဲပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလက ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မှာ ကျင်းပခဲ့တဲ့ အာဆီယံညီလာခံအတွင်း အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို က မြန်မာနိုင်ငံရေး ကိုယ်စားလှယ်တွေကို နိုင်ငံတကာဆွေးနွေးပွဲတွေ၊ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲတွေနဲ့ တခြားပွဲတွေကို တက်ရောက်ခွင့် ကျယ်ကျယ်ပြန့်ပြန့် ပိတ်ပင်ဖို့ အဆိုပြုခဲ့ပါတယ်။

indonesia-005.jpg
၂ဝ၂၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သည့် အာဆီယံဆွေးနွေးပွဲတွင် လစ်လပ်နေသော မြန်မာကိုယ်စားပြုနေရာ။ (Photo: AFP)

ဒါပေမဲ့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ကတော့ အာဆီယံဟာ မြန်မာကို အဖွဲ့ဝင်အဖြစ် တတ်နိုင်သမျှ ဆက်ရှိနေစေချင်ကြပြီး၊ ဒီအတွက် နေရာတစ်နေရာလည်း အရန်သင့် ပေါ်ပေါက်လာဖွယ်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် အာဆီယံရဲ့အများသဘော အခြေပြုဆုံးဖြတ်ချက်ဟာ မြန်မာကိစ္စ ကိုင်တွယ်ဖြေရှင်းရေးအားထုတ်မှုကို ဟန့်တားသလိုဖြစ်နေသလားဆိုတာနဲ့ပတ်သက်ပြီး စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ခုခံကာကွယ် ပြောဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။