အာဆီယံအထူးကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် ထပ်မံတောင်းဆို

2022.07.01
အာဆီယံအထူးကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် ထပ်မံတောင်းဆို အာဆီယံ အထူးကိုယ်စားလှယ် Prak Sokhonn နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်မှာ ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ တွေ့ဆုံစဥ်
Photo: Myanmar Military

ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ် တတိယနေ့ဖြစ်တဲ့ ဇူလိုင် ၁ ရက် ဒီကနေ့မနက်ပိုင်းမှာ အာဆီယံအထူး ကိုယ်စားလှယ် ပရက်ဆော့ခွန်း (Prak Sokhonn) နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခုနစ်ဖွဲ့က ကိုယ်စားလှယ်တွေ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

မနက် ၁၀ နာရီခွဲကနေ ၁၂ နာရီ ၁၅ မိနစ်အထိ နှစ်နာရီနီးပါးကြာတဲ့ ဆွေးနွေးပွဲအတွင်း ပဋိပက္ခဖြေရှင်းရေးမှာ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့၊ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေရပ်စဲဖို့၊ လိုအပ် နေသူတွေဆီ လူသားချင်းစာနာမှုအကူ အညီတွေ ရောက်ရှိနိုင်ဖို့ဆိုတဲ့ လုပ်ငန်းစဉ် သုံးရပ်ကို တစ်ပြိုင်တည်းပြုလုပ်ဖို့ ကြိုးစား နေတဲ့အကြောင်း ရှင်းပြခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူတွေက RFA ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ကြိုးစားနေပေမယ့် တော်တော်လေးခက်ခဲနေတယ် လို့ အထူးကိုယ်စားလှယ်က ရှင်းပြခဲ့တယ်လို့လည်း ဆွေးနွေးပွဲမှာပါဝင်တဲ့ ကိုယ်စားလှယ် တွေက ပြောပါတယ်။ 

မနေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ တွေ့သင့်၊ တွေ့ထိုက်သူတွေနဲ့ တွေ့ဆုံနိုင်ရေးကို တောင်းဆိုထားတဲ့အကြောင်း အထူးကိုယ်စားလှယ်က ပြောခဲ့တယ်လို့ ဒီကနေ့ ဆွေးနွေးပွဲမှာ ပါဝင်တဲ့ မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေး က RFA ကို ပြောပါတယ်။

“အကျဉ်းထောင်ထဲမှာ ရှိတဲ့ ကိစ္စကတော့ သူရသလောက် ကြိုးစားနေပါတယ်။ အဓိက ကတော့ မနေ့ကတော့ SAC ဥက္ကဋ္ဌနဲ့ တွေ့တယ်။ ဒီကိစ္စတွေ သူပြောပါတယ်။ ဒီဒိုင်ယာ လော့ကိစ္စ ဖြစ်ဖို့လည်း ပြောပါတယ်။ ခုနက အကျဉ်းထောင် ကိစ္စကလည်း ဒီနေ့ သူပြောတာက လုပ်ရမှာက တော်တော်လည်း ခက်ခဲတယ်။ အချိန်လည်း အများကြီး ယူရမယ်။ ပထမတစ်ကြိမ် လာတုန်းကလည်း တွေ့သင့် တွေ့ထိုက်တဲ့ ပုဂ္ဂိုလ်ကိုပဲ တွေ့ခွင့်တောင်းတယ်။ အဲဒီပုံစံနဲ့ တွေ့ခွင့်မရခဲ့ဘူး။ ပထမအကြိမ်က အခြေအနေပေါ့။ ဒီတစ်ခေါက်လည်း ကြိုးစားမယ်လို့ ပြောတယ်။ ဒါပေမဲ့ တွေ့ဆုံနိုင်ခြေ ရှိ၊ မရှိကတော့ သူ ဘာမှ ပြောမသွားဘူးခင်ဗျ။ ကြိုးစားနေဆဲဖြစ်တယ်။ သူ့သက်တမ်းကဆိုရင် ခြောက်လလောက် ကျန်သေးတယ်ပေါ့။ သူ့သက်တမ်းကာလအတွင်းမှာတော့ ရနိုင်တဲ့ နည်းလမ်းတွေနဲ့ ရှာကြံပြီးတော့ လုပ်သွားမယ်လို့ ကျနော်တို့ကို သတင်းစကား ပါးခဲ့ပါတယ် ခင်ဗျ”

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မတ်လအတွင်းလာရောက်တဲ့ ခရီးစဉ်မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ခွင့်တောင်းခဲ့ပေမယ့် စစ်ကောင်စီဘက်က ငြင်းဆန်ခဲ့တာပါ။

ဒါ့အပြင် အာဆီယံအထူးကိုယ်စားလှယ်က နိုင်ငံရေးဆွေးနွေးပွဲတွေမှာ နောက်ထပ် ဘယ်သူတွေပါဝင်သင့်သလဲ ဆိုတာ တိုင်းရင်းသားလက်နက်ကိုင်တွေကို မေးခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ ALP ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြ ရာဇာလင်း က RFA ကို ပြောပါတယ်။

“သူ့ဘက်ကနေ မေးတာ ရှိတယ်ပေါ့လေ။ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့သူတွေ ဘယ်သူလဲ ဆိုပြီးတော့မှ မေးတာ ရှိတယ်။ ဒီဘက်ကလည်း ဖြေကြားတာတွေ ရှိတယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော် ဆိုတာမျိုး ရှိခဲ့တယ်ပေါ့နော်။ အခုဆိုလို့ ရှိရင် ဘယ်သူတွေ ပါဝင်လဲဆိုတော့ ပါဝင်နိုင်သမျှတော့ ပါဝင်တယ်။ နိုင်ငံရေးပါတီတွေပါရမယ်။ EAO တွေ အားလုံးပါရမယ်။ CSO တွေကလည်း State holder တွေ ပါရမယ်ဆို တာကို ဒီဘက်က ပြောပြီးတော့မှ ဒီလိုအခင်းအကျင်းမျိုး ဖြစ်ပေါ်လာဖို့အတွက်ကို ဒီဘက်က အဓိကထားပြီး ဆွေးနွေးကြတာရှိပါတယ်”

ဒီတွေ့ဆုံပွဲမှာ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသားငြိမ်းချမ်းရေး ကောင်စီ (KNLA/PC)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ ပါဝင်ပါတယ်။ 

"ဆွေးနွေးမှုမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေအားလုံး ပါဝင်ဖို့ အထူးပဲအရေးကြီးပါတယ်"

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင် ကတော့ ဒီကနေ့ ဆွေးနွေးပွဲက မြန်မာ့နိုင်ငံရေးပဋိပက္ခကို လက်တွေ့ ကျကျဖြေရှင်းနိုင်မယ့် ဆွေးနွေးပွဲမဟုတ်ဘဲ ဟန်ပြဆွေးနွေးပွဲ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

 “ဒီလိုဆွေးနွေးမှုမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေအားလုံး ပါဝင်ဖို့ အထူးပဲအရေးကြီး ပါတယ် ခင်ဗျာ။ ဟန်ပြ နိုင်ငံရေး ဆွေးနွေးမှုတွေကတော့ မြန်မာ့နိုင်ငံရေးနဲ့ လက်နက် ကိုင် ပဋိပက္ခတွေအတွက် အဖြေတစ်ခုမဟုတ်သလို ဒီလိုမျိုး ဟန်ပြနိုင်ငံရေးဆွေးနွေးမှု တွေ ပြုလုပ်နေခြင်းအားဖြင့် ပိုမိုပြီး ဆိုးဝါးတဲ့ အကျိုးသက်ရောက်မှုတွေပဲရှိနိုင်မှာ ဖြစ်ပါတယ်”

တိုက်ပွဲတွေဖြစ်နေတဲ့ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေ ဒီကနေ့ဆွေးနွေးပွဲ မှာ မပါဝင်ခဲ့ပါဘူး။

အာဆီယံ အထူးကိုယ်စားလှယ် Prak Sokhonn နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ နေပြည်တော်မှာ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ တွေ့ဆုံစဥ်
အာဆီယံ အထူးကိုယ်စားလှယ် Prak Sokhonn နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ နေပြည်တော်မှာ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ တွေ့ဆုံစဥ်

ဒါ့ကြောင့် ဒီတွေ့ဆုံမှုဟာ စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ စစ်ရေး ပဋိပက္ခတွေကို လျှော့ချနိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း က သုံးသပ်ပါတယ်။

“ဒီဟာတွေက အဓိကအားဖြင့်တော့ အခု ၂၀၂၁ အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းမှာ ဖြစ်လာတဲ့ ပဋိပက္ခတွေ ဆိုတော့ အခု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ သူတို့ ဆွေးနွေးတာက အဲဒီဟာကို ဖြေရှင်းတာ မဟုတ်ဘူး။ ဆိုတော့ ပြောချင်တာက အဲဒီဟာတွေကတော့ နဂိုအတိုင်းဆက်ပြီးတော့ သူက ဆက်လက်ဖြစ်နေမယ်။ အဲဒါ တွေက ပိုတောင်မှ အားကောင်းလာနိုင်တာပေါ့နော်။ အဲဒီ PDF တွေကို ထောက်ပံ့နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ သဘောမတူထားတဲ့၊ မတူဘူးလို့ ဗြောင်ငြင်းထားတဲ့အဖွဲ့တွေ ဖြစ်တာပေါ့။ အဲဒီ ပဋိပက္ခတွေကတော့ ပြေငြိမ်းသွားမယ်ဆိုတဲ့ အလားအလာ မတွေ့ရဘူးဗျ”

အာဆီယံ အထူးကိုယ်စားလှယ်ဟာ မနေ့က နေ့လယ်ပိုင်းကတော့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံမှုမှာ အာဆီယံဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်မှုအခြေအနေ၊ နိုင်ငံအတွင်းအကြမ်း ဖက်တိုက်ခိုက်မှု အခြေအနေ၊ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုအခြေအနေ၊ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိစေရေးအခြေအနေတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဒီ့အပြင် အထူးကိုယ်စားလှယ်ဟာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်တို့နဲ့လည်း သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ 

ဒီတွေ့ဆုံမှုတွေနဲ့ ပတ်သက်လို့တော့ အာဆီယံက အသေးစိတ်သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။ အထူးကိုယ်စားလှယ် မြန်မာခရီးစဉ်ဟာ ဇူလိုင် ၃ ရက်နေ့မှာ ပြီးဆုံးမှာဖြစ် ပါတယ်။ ဒီခရီးစဉ်အတွင်း အထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေး၊ မပေးဆိုတာ သိရဖို့ စစ်ကောင်စီပြောရေးဆိုခွင့် ရှိသူကို ဒီကနေ့ RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။