အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားလက်ထက်မှာ မြန်မာ့အရေး ပိုတိုးတက်လာနိုင်ကြောင်း လေ့လာသူတွေပြော

RFA Burmese
2022.12.16
အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားလက်ထက်မှာ မြန်မာ့အရေး ပိုတိုးတက်လာနိုင်ကြောင်း လေ့လာသူတွေပြော အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့က ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ EU ဌာနချုပ်မှာ ကျင်းပသည့် အီးယူ-အာဆီယံထိပ်သီးအစည်းအဝေးမှာ တွေ့ရစဉ်။
KENZO TRIBOUILLARD / AFP

ကမ္ဘောဒီးယားနိုင်ငံရဲ့ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ သက်တမ်းဟာ မကြာခင် ကုန်ဆုံးတော့မှာဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစလို့ အင်ဒိုနီးရှားနိုင်ငံက လွှဲပြောင်းယူရတော့မှာပါ။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကစလို့ စစ်တပ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီးတောက်လောင်ပြီး ဆိုးရွားပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်နေပါတယ်။

၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်တွေမှာ အာဆီယံဥက္ကဋ္ဌတွေအဖြစ် ဘရူနိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့က တာဝန်ယူခဲ့ပြီး မြန်မာ့အရေးကို တိုးတက်အောင် ကြိုးစားခဲ့ကြပေမယ့် ပြည်တွင်းပဋိပက္ခနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ပိုဆိုးလာတယ်လို့ နိုင်ငံရေး၊ စစ်ရေးနဲ့ အာဆီယံအရေး ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

အင်ဒိုနီးရှားလက်ထက်မှာတော့ မြန်မာ့နိုင်ငံက ပဋိပက္ခတွေဖြေရှင်းရေးအတွက် အများကြီး မျှော်လင့်နိုင်တယ်လို့ စင်ပြိုင်အာဆီယံအဖွဲ့ တည်ထောင်သူနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် (FIDH) အတွင်းရေးမှူးချုပ်ဖြစ်တဲ့ Debbie Stothard က ခန့်မှန်းပါတယ်။

"ယခင် အာဆီယံဥက္ကဋ္ဌ တာဝန်ယူခဲ့ကြတဲ့ ဘရူနိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေထက်ပိုပြီး ၂၀၂၃ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌအနေနဲ့ မြန်မာ့အရေးပဋိပက္ခကို အကောင်းဆုံးဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်စရာတွေ အများကြီး ရှိပါတယ်။ အင်ဒိုနီးရှားက အာဆီယံကို စတင်တည်ထောင်တဲ့ အဖွဲ့ဝင်နိုင်ငံပါ။ အခုဆိုရင် အင်ဒိုနီးရှားဟာ ဒေသတွင်း ဒီမိုကရေစီရဲ့ ချန်ပီယံဖြစ်သလို စီးပွားရေးဖွံဖြိုးတိုးတက်မှု မှာလည်း အာဆီယံထဲမှာ ချန်ပီယံလို့ ပြောလို့ရပါတယ်။ အထူးသဖြင့် Covid ကူးစက် ပျံ့နှံ့မှုတွေ အပြီးမှာပေါ့။ မြန်မာနိုင်ငံက ပဋိပက္ခတွေဟာ ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို ခြိမ်းခြောက်လာမယ်ဆိုတာကို အင်ဒိုနီးရှားက နားလည်ထားပါတယ်"

အင်ဒိုနီးရှားရဲ့ အတိတ်သမိုင်းဟာ မြန်မာနိုင်ငံက အာဏာသိမ်းဖြစ်စဉ်တွေနဲ့လည်း နီးစပ်တူညီပါတယ်။ အင်ဒိုနီးရှားဟာ ဒတ်ချ်ကိုလိုနီတွေရဲ့ အုပ်ချုပ်မှုအောက်မှာ အနှစ် ၃၀၀ ကျော် နေထိုင်ခဲ့ရပါတယ်။ လွတ်လပ်ရေးရပြီးတဲ့နောက်မှာလည်း ကျွန်းစုပေါင်း များစွာက လူမျိုးစုတွေရဲ့ စည်းလုံးညီညွတ်မှုကိုရဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။

အင်ဒိုနီးရှားဟာ မြန်မာလိုပဲ အာဏာရှင်စနစ်ဆိုးရဲ့ ခါးသီးတဲ့အတွေ့အကြုံတွေကို ခံစားခဲ့ရပါတယ်။ ၁၉၆၅ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ် ဆူဟာတိုရဲ့ စစ်အစိုးရ လက်အောက်မှာ ၃၁ နှစ်ကြာ ရုန်းကန်ခဲ့ရပြီးမှ ၁၉၉၈ ခုနှစ်မှာ ဒီမိုကရေစီနိုင်ငံသစ်အဖြစ် ပြုပြင်ပြောင်းလဲလာခဲ့တာပါ။

"အင်ဒိုနီးရှားနိုင်ငံက ဒီမိုကရေစီအတွက် အများအကြီး အထောက်အပံ့ပြုတဲ့၊ ကူညီပေးတဲ့ တိုင်းပြည်တစ်ခုပါ"

ဒီလိုအတွေ့အကြုံတွေကြောင့် အင်ဒိုနီးရှား အာဆီယံဥက္ကဋ္ဌ ဖြစ်လာတဲ့အခါ မြန်မာနိုင်ငံရဲ့ အခြေအနေကို ပိုနားလည်ပြီး အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ အများကြီး ဖြစ်လာဖို့ မျှော်လင့်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ပြောပါတယ်။

"အင်ဒိုနီးရှားနိုင်ငံက ဒီမိုကရေစီအတွက် အများအကြီး အထောက်အပံ့ပြုတဲ့၊ ကူညီ ပေးတဲ့ တိုင်းပြည်တစ်ခုပါ။ နောက်ပြီးတော့ အင်ဒိုနီးရှားနိုင်ငံကိုယ်တိုင်ကလည်း စစ်အာဏာရှင်စနစ်ကနေပြီးတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းလာခဲ့တာဆိုတော့ ကျနော်တို့နိုင်ငံရဲ့ အခြေအနေကို အများကြီး နားလည်ပါတယ်။ ဆိုတော့ သူ့ရဲ့အနေနဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့လက်ထက်မှာ အပြုသဘောဆောင်တဲ့ အပြောင်း အလဲတွေ အများကြီးဖြစ်ပြီးတော့ စစ်ကောင်စီကို ဖိအားတွေ ပိုမိုပေးပြီးတော့ ကျနော်တို့ NUG အစိုးရနဲ့ တိုင်းရင်းသားအင်အားစုတွေနဲ့ ပိုမိုထိတွေ့ဆက်ဆံလက်တွဲပြီးတော့ အဖြေ မူဘောင်သစ်ရဖို့အတွက် ဒီဘုံသဘောတူညီချက် ငါးရပ်ထက် ကျယ်ပြန့်တဲ့ မူဘောင် တစ်ခုရဖို့အတွက် လုပ်ကိုင်နိုင်မယ်။ နောက်ပြီးတော့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို ထိထိရောက်ရောက်ပေးနိုင်မယ်လို့ ကျနော်တို့ ယုံကြည်မိပါတယ်"

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်ကလည်း အင်ဒိုနီးရှား ဥက္ကဋ္ဌဖြစ်လာတဲ့အခါ မြန်မာ့အရေးကို ပိုပြီးဆောင်ရွက်နိုင်မယ်လို့ သူယုံကြည်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ အာဆီယံ ထိပ်သီးညီလာခံအပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

နှစ်နှစ်နီးပါးကြာတဲ့အထိ အာဆီယံ ဘုံသဘောတူညီချက်တွေ တိုးတက်မှုမရှိတာဟာ စစ်ကောင်စီဘက်က လက်တွေ့အကောင်မဖော်တာကြောင့်ဆိုတဲ့ အဓိကအချက်ကို အင်ဒိုနီးရှားက လက်ခံထားပါတယ်။

အာဆီယံအနေနဲ့ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ လုပ်နိုင်တာမှန်သမျှကို လုပ်ခဲ့ပြီး ဖြစ်တာကြောင့် အာဆီယံဘုံသဘောတူညီချက်တွေ တိုးတက်မှုမရှိတာဟာ အာဏာသိမ်း စစ်ကောင်စီမှာသာ တာဝန်ရှိတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက နိုဝင်ဘာ ၂ ရက်နေ့က ရိုက်တာသတင်းဌာနဲ့ မေးမြန်းခန်းမှာ အတိအလင်း ထုတ်ပြော ထားပါတယ်။

စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကလည်း ၂၀၂၃ မှာ အင်ဒိုနီးရှားဥက္ကဋ္ဌဖြစ်လာရင် စစ်ကောင်စီကို ဖိအားပေးမယ်ဆိုတာ ကြိုတွေးထားပြီးသားလို့ RFA ကို ပြောပါတယ်။

"လက်ရှိအနေအထားအရ ပြောမယ်ဆိုရင်တော့ ဒီအတိုင်းပဲ နိုင်ငံရေးအရ ဖိအားပေးဖို့ ဆက်ကြိုးစားမယ်။ သဘောတူညီချက်ငါးချက်နဲ့ ပတ်သက်ပြီးတော့ နည်းနည်း တွန်းတာမျိုး ရှိမယ်။ တစ်ခုတော့ ရှိပါတယ်။ ဒီသဘောတူညီချက် ငါးချက်နဲ့ ပတ်သက် ပြီးတော့ ဘောင်ထဲကနေ မှန်မှန်ကန်ကန် လုပ်မယ်ဆိုရင်တော့ သူတို့တွန်းတဲ့ဟာက အရွေ့တစ်ခု ရောက်ကောင်းရောက်နိုင်ပါတယ်။ ခုနပြောသလိုပေါ့လေ။ ဒီငါးချက်နဲ့ မဆက်စပ်ဘဲနဲ့ သွယ်ဝိုက်တဲ့ဟာမျိုးကို အတင်းဆွဲသွင်းနေရင်တော့ စေ့စပ်ညှိနှိုင်းဖို့ ကိစ္စဟာ နည်းနည်းတော့ ခက်လိမ့်မယ်ထင်တာဗျ။ ဒါကတော့ ကျနော့်အမြင်ပါ"

မကြာခင် အာဆီယံဥက္ကဋ္ဌ သက်တမ်းကုန်ဆုံးတော့မယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကတော့ မြန်မာနိုင်ငံက ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ နောက်ထပ် ငါးနှစ်မက ကြာကောင်းကြာနိုင်တယ်လို့ ပြောဆိုကြောင်း The Phnom Penh Post သတင်းက ဒီဇင်ဘာ ၁၃ ရက်နေ့က ဖော်ပြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အင်ဒိုနီးရှားလက်ထက် အာဆီယံမှာ ကမ္ဘောဒီးယားထက်ပိုပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ ဖိအားပေးဆွေးနွေးတာတွေ ပိုများလာလိမ့်မယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုး က သုံးသပ်ပါတယ်။

"ဘာတိုးတက်လာနိုင်လဲဆိုတော့ မြန်မာအကြောင်းတော့ အရှေ့က ကမ္ဘောဒီးယားထက် ပိုပြီးတော့ ဆွေးနွေးဖြစ်လောက်တယ်လို့ ယူဆလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ အင်ဒိုနီးရှားအနေနဲ့က သူဒေသတွင်းမှာ ဦးဆောင်မှုယူလိုတဲ့သဘောရှိနေတာကိုး။ ရှိနေတဲ့အတွက်ကြောင့် နောက်မြန်မာ့အရေးကိုလည်း သူစိတ်ဝင်စားတယ်။ အဲလို ပုံစံမျိုးနဲ့ နောက် မြန်မာ့အရေးမှာမှ မြန်မာ့ဒီမိုကရေစီအရေးကို ပိုစိတ်ဝင်စားတဲ့ သဘောရှိတဲ့အတွက်မို့လို့ အဲလိုမျိုး မြန်မာ့အရေးဆိုင်ရာ အစည်းအဝေးတွေ ပိုပြီးတော့ တွေ့လာနိုင်စရာရှိတယ်"

asean-foreign-minister-meeting.jpg
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး (SAFMM) ကျင်းပစဉ်။ (Photo: HANDOUT / INDONESIAN FOREIGN MINISTRY / AFP)


လာမယ့် ၂၀၂၃ ဟာ မကြာခင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းယူမယ့် အင်ဒိုနိးရှားသမ္မတ ဂျိုကို ဝီဒိုဒိုရဲ့ သမ္မတသက်တမ်း နောက်ဆုံးနှစ် ဖြစ်နေတာကြောင့် သူ့ရဲ့ သမ္မတသက်တမ်းအတွင်း အောင်မြင်မှုတစ်ခုအနေနဲ့ မြန်မာ့အရေးကို ပိုပြီးအားစိုက် ကြိုးပမ်းလာနိုင်တယ်လို့ စင်ကာပူအမျိုးသားတက္ကသိုလ်မှာ ပြည်သူ့ရေးရာမဟာတန်း တက်ရောက်နေတဲ့ ကိုကြည်စင်က ခန့်မှန်းပါတယ်။

"အင်ဒိုနီးရှားသမ္မတ ဝီဒိုဒို အတွက်ကျတော့လည်း ဒါက နောက်ဆုံးကျန်တဲ့ သက်တမ်း ကာလ ဖြစ်တယ်ပေါ့နော်။ သူ့အနေနဲ့ သူ့ရဲ့သက်တမ်း မပြည့်ခင်ကာလမှာ အောင်မြင်မှု တစ်စုံတစ်ရာကို ရသွားချင်တယ်ဆိုပြီးတော့ မြန်မာနိုင်ငံအရေးကို အာရုံစိုက်လာဖို့ လည်း ဒါလည်း အကြောင်းတစ်ခုတော့ ရှိတယ်ပေါ့။ အဓိကတော့ နိုင်ငံတွေအကုန်လုံးက သံတမန်ရေးအရှေ့မှာ ဦးစားပေးတာက သူတို့ရဲ့ ပြည်တွင်းရေးကို ပိုပြီး ဦးစားပေး ကြတာဆိုတော့ အင်ဒိုနီးရှားပြည်တွင်းရေးရဲ့ အခြေအနေပေါ် မူတည်ပြီးတော့ သံတမန်ရေးအပေါ် သမ္မတ ဝီဒိုဒိုက ဘယ်လောက်အာရုံစိုက်နိုင်မလဲ မစိုက်နိုင်ဘူးလဲ ပေါ့"

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အာဆီယံ ဘုံသဘောတူညီချက်တွေကို အကောင်အထည် မဖော်တဲ့အတွက် စိတ်ပျက်ရတယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အခုနှစ် အစောပိုင်းက ပြောကြားခဲ့ဖူးပါတယ်။

စစ်ကောင်စီရဲ့ အဆင့်မြင့်ကိုယ်စားလှယ်တွေကို အာဆီယံအစည်းအဝေးတွေ တက်ရောက်ခွင့် မပြုဖို့ အခြား အာဆီယံခေါင်းဆောင်တွေကို ဂျိုကိုဝီဒိုဒိုက တိုက်တွန်းခဲ့တာပါ။

စစ်တပ်အာဏာသိမ်းချိန်ကစလို့ မြန်မာ့အရေးကို ကြားဝင်ဆောင်ရွက်ခဲ့ကြတဲ့ ဘရူနိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ လက်ထက်မှာ အထူးကိုယ်စားလှယ်တွေအဖြစ် Erywan Yusof နဲ့ Prak Sokhonn တို့ကို ခန့်အပ်ပြီး Prak Sokhonn က မြန်မာနိုင်ငံကို နှစ်ကြိမ် လာရောက်ခဲ့ပေမယ့် သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ဖြစ်မလာဘူးလို့ နိုင်ငံရေးအကဲခတ်တွေက ထောက်ပြဝေဖန်ပါတယ်။

ဒါပေမဲ့ အာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီဘက်က အဆင့်မြင့်ကိုယ်စားလှယ်တွေ တက်ရောက်ခွင့်ကို ပိတ်ပင်ခဲ့တာ၊ မကြာသေးခင်က ကျင်းပတဲ့ အာဆီယံထိပ်သီး ညီလာခံမှာ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို အချိန်ကာလ တိတိကျကျသတ်မှတ်ပြီး အကောင်အထည်ဖော်ဖို့နဲ့ ဒါကို မလိုက်နာရင် နောက်ထပ် အပြီးသတ်ဆုံးဖြတ်ချက်ချဖို့ ဆုံးဖြတ်ခဲ့တာတွေကတော့ အာဆီယံဘက်က လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာလို့ နိုင်ငံရေးနဲ့ နိုင်ငံတကာအရေး ကျွမ်းကျင်သူတွေက ချီးကျူးပြောဆိုပါတယ်။

ဒါကြောင့် မကြာခင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာမယ့် အင်ဒိုနီးရှားလက်ထက်မှာ မြန်မာနိုင်ငံက အခြေအနေတွေ တိုးတက်လာဖို့အတွက် ထူးထူးခြားခြား ဘာတွေ ဆောင်ရွက်မလဲ ဆိုတာကို ပြည်တွင်းရော ပြည်ပမှာပါ စိတ်ဝင်တစား စောင့်ကြည့်နေကြ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။