မြန်မာကို အာဆီယံချဉ်းကပ်မှု ပြောင်းလဲလာပြီလား
2022.11.10

အခုသီတင်းပတ်အတွင်း အာဆီယံ- အရှေ့တောင်အာရှနိုင်ငံ ခေါင်းဆောင်များ အစည်းအဝေး ကျင်းပတဲ့အခါ ရုရှား-ယူကရိန်း စစ်ပွဲ၊ တောင်တရုတ်ပင်လယ်ပြင် ရေပိုင်နက် အငြင်းပွားမှု၊ တရုတ်နဲ့ အမေရိကန် ပြည်ထောင်စုကြား မဟာဗျူဟာမြောက်ယှဉ်ပြိုင်မှု အရှိန်မြင့်လာနေတာစတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။
ဒီပြဿနာတိုင်းဟာ အရေးကြီးပေမယ့် မြန်မာနိုင်ငံရဲ့ ကြီးထွားလာနေတဲ့ အကျပ်အတည်းကို ဘယ်လိုဘယ်ပုံဖြေရှင်းကြမလဲဆိုတဲ့မေးခွန်းကို ကိုင်တွယ်ဖို့ လိုအပ်လာကြောင်း၊ အာဆီယံညီလာခံမှာ မြန်မာ့ပြဿနာက ထိပ်ဆုံးမှာရှိနေပေမယ့် ထူးခြားသိသာတဲ့ မူဝါဒ အပြောင်းအလဲ တစ်ရပ်တော့ ပေါ်ပေါက် လာဖွယ်မရှိသေးကြောင်း The Diplomat စာစောင်က ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ် အာဏာသိမ်းခဲ့ပြီး ရွေးကောက်ခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရကို ဖြုတ်ချပြီးကတည်းက အခြေအနေတွေ ဆိုးရွားလာခဲ့ပြီး ဆယ်နှစ်လောက် အကန့်အသတ်နဲ့ရှိခဲ့တဲ့ နိုင်ငံရေး ပွင့်လင်းမှုလည်း အဆုံးသတ်သွားခဲ့ရပါတယ်။
အခုအခါ နိုင်ငံ့စီးပွားရေးကမောက်ကမဖြစ်နေရပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီက အတိုက်အခံတွေကို အကြမ်းဖက်နှိမ်နင်းနေတာပါ။
အာဏာသိမ်းအပြီး နှစ်နှစ် နီးပါးအကြာ မြန်မာ့အကျပ်အတည်းနဲ့ ပြဿနာတွေအပေါ် အာဆီယံရဲ့ချဉ်းကပ်ပုံကို ဝိုင်းဝန်းဝေဖန်ခဲ့ကြပါတယ်။
အာဆီယံရဲ့ သံရေးတမန်ရေးကို အဖွဲ့ရဲ့ အချက်ငါးချက်ပါ သဘောတူညီမှုက ထိန်းကျောင်းထားတာပါ။ အဲဒီ သဘောတူညီမှုကို ၂၀၂၁ ခုနှစ် ဧပြီလ ဂျကာတာ အထူးဆွေးနွေးပွဲမှာ ရရှိခဲ့တာဖြစ်ပြီး၊ အကြမ်းဖက်မှုတွေ အမြန်ဆုံးရပ်ဆိုင်းဖို့၊ မြန်မာ့ ပဋိပက္ခတွေကို အားလုံးပါဝင်ဆွေးနွေးကြဖို့ ဖြစ်ပါတယ်။
ဒါ့အပြင် လူသားချင်း စာနာမှုအကူအညီ လိုအပ်နေသူတွေအတွက် စီစဉ်ဆောင်ရွက်ပေးဖို့၊ နိုင်ငံတွင်း ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေ ဖော်ဆောင်ဖို့လည်း သဘောတူညီချက်မှာ ဖော်ပြပါတယ်။
ဒါပေမဲ့ ပြဿနာက သဘောတူလက်မှတ်ရေးထိုးထားတဲ့ စစ်ကောင်စီက အကြမ်းဖက်သမားတွေကို နှိမ်နင်းပြီး၊ နိုင်ငံမှာ တည်ငြိမ်မှု ရှိလာမှ တွေ့ဆုံဆွေးနွေးမှုတွေ ဆောင်ရွက်မယ်လို့ ပြောဆိုနေတာပါ။ ဒီလိုနဲ့ အချိန်တွေကြာမြင့်ခဲ့ရပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ၊ အထူးသဖြင့် မလေးရှား နဲ့ အင်ဒိုနီးရှား တို့ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့ ဇူလိုင်လ က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲ မတိုင်ခင်လေးမှာ ထင်ရှားတဲ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ လေးဦးကို စစ်ကောင်စီက သေဒဏ် ချမှတ်ပြီး ကြိုးပေးကွပ်မျက်ခဲ့တာဟာ စစ်ကောင်စီရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကို အထင်ရှားဆုံး ပြသလိုက်တာဖြစ်ပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲအပြီး ပူးတွဲထုတ်ပြန်ချက်မှာ အာဆီယံအနေနဲ့ အချက် ငါးချက်ပါ အာဆီယံသဘောတူညီချက်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် ဒီလအတွင်း ကျင်းပမယ့် အာဆီယံညီလာခံမှာ သုံးသပ်မှာဖြစ်ပြီး၊ နောက်အဆင့်တွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အာဆီယံ မူဝါဒရေးရာ ပိုမိုခိုင်မာရေး ဦးဆောင်တွန်းအားပေးနေတဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ အခုအချိန်နဲ့ နိုဝင်ဘာ အာဆီယံညီလာခံအတွင်း အာဆီယံအနေနဲ့ အချက် ငါးချက်ပါ သဘောတူညီချက်ဟာ အခြေအနေ အချိန်အခါနဲ့ သင့်လျော်နေသေးရဲ့လား၊ တခြား ပိုမိုကောင်းမွန်တာ တစ်ခုခုနဲ့ အစားထိုးသင့်ပြီလား ဆိုတာ အလေးအနက် သုံးသပ်ဖို့လိုနေပြီဖြစ်ကြောင်း၊ အဲဒီခက်ခဲတဲ့ မေးခွန်းရဲ့ အဖြေကို နိုဝင်ဘာညီလာခံမှာ သိရမှာဖြစ်ကြောင်း ပြောဆိုပါတယ်။
မြန်မာစစ်တပ်ဟာ သူ လိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ ပြင်ပ ဖိအားကို အလေးမထားဘဲ ဆယ်စုနှစ်ပေါင်းများစွာ အထီးကျန်နေလာခဲ့တာပါ။ ဒါကြောင့် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူတာတွေဟာ မြန်မာအတွက် အထူးအဆန်းမဟုတ်ပါဘူးလို့ The Diplomat စာစောင်က ဖော်ပြပါတယ်။