အာဆီယံအထူးကိုယ်စားလှယ် စစ်ကောင်စီနဲ့ ဘာကြောင့် လာတွေ့သလဲ

မြန်မာ့အရေးကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ သုံးနိုင်ငံ ဦးဆောင်ကူညီဖို့ ထိုင်းအစိုးရက အဆိုပြုခဲ့ပြီးနောက် အခုလို တွေ့ဆုံမှုတွေ ဖြစ်လာတာပါ။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အာလွန်ကယ်ကစ်တစ်ခွန်နှင့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၄ ခုနှစ် မေလ ၁၅ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။ Myanmar Military

မေလ ၁၅ ရက် မနေ့တုန်းက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရဲ့ လာအိုနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အာလွန်ကယ်ကစ်တစ်ခွန် (Alounkeo Kittikhoun) အပါအဝင် အာဆီယံဆိုင်ရာ အဆင့်မြင့်အရာရှိတွေ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံမှုမှာ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေး အာဆီယံက ကူညီဆောင်ရွက်ပေးမဲ့ကိစ္စနဲ့ အာဆီယံ-မြန်မာ ပူးပေါင်းဆောင်ရွက်သင့်တဲ့ အချက်တွေကို ဆွေးနွေးတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ မြဝတီမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် မြန်မာ့အရေးကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ သုံးနိုင်ငံ ဦးဆောင်ကူညီဖို့ ထိုင်းအစိုးရက အဆိုပြုခဲ့ပြီးနောက် အခုလို တွေ့ဆုံမှုတွေ ဖြစ်လာတာပါ။

“နိုင်ငံတကာရဲ့ ယူဆချက်မှာက မြန်မာနိုင်ငံက ကိစ္စတွေက တွေ့ဆုံဆွေးနွေးရေးနဲ့ ဖြေရှင်းနိုင်မယ်ပေါ့"

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဆောင်းပါးရှင်တစ်ဦးကတော့ ထိုင်းရဲ့ အဆိုပြုမှုတွေနဲ့ ဆက်စပ်နိုင်တယ်လို့ RFA ကို ပြောပါတယ်။

“ဆက်စပ်မှုရှိတယ်လို့ပြောရမှာပဲ။ မြန်မာ့အရေးက ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို စသဖြင့် အာဆီယံအဖွဲ့တွေက သူတို့နည်း သူတို့ဟန်နဲ့ ကြိုးစားနေကြတယ်။ သူတို့လိုချင်တာကတော့ အာဆီယံမူဝါဒ ငါးချက်ပေါ့၊ ဒါတွေကို အကောင်အထည်ဖော်ဖို့ပဲ။ သူတို့ ဦးတည်ချက်က ဒါပဲ”

ဒါပေမဲ့လည်း တရုတ်လွှမ်းမိုးမှုရှိနေတဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌက မြန်မာ့အရေးကို ထိရောက်တဲ့ဖြေရှင်းပေးမှုမျိုး လုပ်နိုင်မှာ မဟုတ်ဘူးလို့ ထိုင်းအခြေစိုက် နိုင်ငံရေးလှုပ်ရှားသူ ဒေါက်တာစန်းအောင်က RFA ကို ပြောပါတယ်။

“လာအိုက ဥက္ကဋ္ဌ၊ လာအိုဆိုတာက တရုတ်ဆီက အကြွေးတွေယူထားတာ ခေါင်ခိုက်နေပြီ။ တရုတ်ခိုင်းတာ လုပ်ရတဲ့ အနေအထားမျိုး တရုတ်ကိုကျော်ပြီး လုပ်လို့မရဘူး။ ဒီလိုအခြေအနေမှာ အာဆီယံဆီက မျှော်လင့် ချက်တွေ သိပ်ပြီးတော့ မထားဖို့လိုမယ်”

ဒါဟာ အာဆီယံက အခုမှမဟုတ်ဘဲ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု အဆက်ဆက် ထိရောက်တဲ့ ဖြေရှင်းမှုမျိုး မရခဲ့ဘူးလို့ သူက ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကလည်း အာဆီယံနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးကို တွေ့ဆုံဆွေးနွေးရေးနဲ့ပဲ ဖြေရှင်းနိုင်မယ်လို့ ယူဆချက်ရှိနေတဲ့အကြောင်း RFA ကို ပြောပါတယ်။

“နိုင်ငံတကာရဲ့ ယူဆချက်မှာက မြန်မာနိုင်ငံက ကိစ္စတွေက တွေ့ဆုံဆွေးနွေးရေးနဲ့ ဖြေရှင်းနိုင်မယ်ပေါ့။ ဒါကြောင့်လည်း စစ်ကောင်စီကို တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းနေတာ။ ဒါပေမဲ့ အဲဒါက လက်တွေ့ ဘယ်လောက်အထိ ဖြစ်မလဲဆိုတော့ စောင့်ကြည့်ရမှာပဲ”

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်ကလည်း စစ်ကောင်စီနဲ့ တွေ့ဆုံနေရုံနဲ့ မြန်မာ့အရေးက ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

“စစ်ကောင်စီနဲ့ပဲ တစ်ဖက်သတ်တွေ တွေ့ဆုံ၊ တစ်ဖက်သတ်ပြောစကားတွေပဲ နားထောင်နေရင်တော့ ဘာမှ အကြောင်းထူးလာမှာမဟုတ်ဘူး။ တကယ်တမ်း မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ အရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေတဲ့ NUG အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံမှသာလျှင်၊ နားထောင်မှသာလျှင် မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ အပြောင်းအလဲတွေကို လုပ်နိုင်မှာ ဖြစ်ပါတယ်”

လက်တွေ့လုပ်ဆောင်ချက်မပါတဲ့ အာဆီယံဘုံသဘောထား မူငါးချက်ကို စစ်ကောင်စီက လိုက်နာမှာမဟုတ်တာကြောင့် ထိရောက်တဲ့အရေးယူမှုတွေနဲ့ လုပ်သင့်တယ်လို့ ပြောပါတယ်။

လာအိုနိုင်ငံတွင် ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး။ (Photo: AFP)

NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ ပူးတွဲထုတ်ပြန်ခဲ့တဲ့ ဘုံသဘောထားကြေညာချက်အရ စစ်တပ် နိုင်ငံရေးမှာ ပါဝင်နေတာကို အဆုံးသတ်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖော်ဆောင်ရေး စတဲ့မူတွေပေါ်မှာ ရှိနေတဲ့အကြောင်း သူက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ အခု တစ်ကြိမ်တွေ့ဆုံမှုမှာလည်း လူသားချင်းအကူအညီပေးရေးနဲ့ ရွေးကောက်ပွဲကိစ္စတွေပဲ ဖြစ်နိုင်တယ်လို့ RFA ကို ပြောပါတယ်။

“ဖြစ်နိုင်တာကတော့ လူသားချင်းစာနာမှုအကူအညီပေးရေးဖြစ်နိုင်တယ်။ နောက်တစ်ခုက ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီး အာဆီယံဘက်က တိုက်တွန်းနိုင်တယ်။ အဲဒီနည်းလမ်းက တွေ့ဆုံဆွေးနွေးတာထက်စာရင် (ပိုဖြစ်နိုင်တယ်)၊ တွေ့ဆုံဆွေးနွေးရင်တောင်မှ တပ်မတော်အစိုးရ အနေနဲ့ အရမ်းခက်ခဲတယ်”

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ အခုခရီးစဉ်ဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်တာဖြစ်ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့ ပထမကြိမ်ခရီးစဉ်တုန်းကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတချို့နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

မြန်မာ့အရေးကို အာဆီယံ အလှည့်ကျဥက္ကဋ္ဌနိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှားတို့ သုံးနှစ် နီးပါး ဦးဆောင်ကြိုးပမ်းခဲ့ပေမဲ့ ဘယ်နိုင်ငံကမှ ထိထိရောက်ရောက် မဖြေရှင်းနိုင်ခဲ့သလို ဖမ်းဆီး ထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ခွင့်မရခဲ့ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org