ကလေးမှာ လက်နက်ကြီးကြောင့် အရပ်သား ကိုးဦးသေ၊ ၂၆ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေဟာ မြို့ပေါ်က ရပ်ကွက်တွေနဲ့ ကျေးရွာတွေကို မကြာခဏကျရောက်ပေါက်ကွဲပြီး ဒေသခံတွေ သေဆုံးထိခိုက်တာ၊ နေအိမ်ပျက်စီးရတာတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဇွန်လ ၁ ရက်နေ့ကနေ ဇူလိုင်လ ၂၀ ရက်နေ့အထိ တစ်လကျော်အတွင်း အဲဒီ လက်နက်ကြီးတွေကြောင့် အရပ်သား ကိုးဦး သေဆုံးခဲ့သလို ၂၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့လည်း ပြောပါတယ်။
ဒီလို လက်နက်ကြီးတွေနဲ့ နေ့စဉ်လိုလိုပစ်ခတ်နေသလို စစ်ကောင်စီတပ်သားတွေ လုံခြုံရေးယူထားတဲ့ မြို့ပေါ်က နေရာတွေ၊ လှုပ်ရှားသွားလာမှုများတဲ့ လမ်းတွေမှာ ဗုံးပေါက်ကွဲမှုတွေလည်း များလာတာကြောင့် မြို့ခံတွေ စိုးရိမ်စိတ်တွေနဲ့ နေထိုင်နေကြရတယ်လို့လည်း ပြောကြပါတယ်။
အခု ဇူလိုင်လအတွင်း ရပ်ကွက်တွေထဲကို စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း ကျရောက်ခဲ့ပြီး နေအိမ်တွေပျက်စီးရတဲ့အတွက် ဘယ်အချိန် ကိုယ့်အိမ်ပေါ် လက်နက်ကြီး ကျလာမလဲဆိုတာ စိုးရိမ်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးမြို့ခံတစ်ဦးက RFA ကိုပြောပါ တယ်။
"ဒီရက်ပိုင်းအတွင်းတော့ တောက်လျှောက်ကြားနေရတယ်။ အိမ်နားအထိတောင် ဗုံးပေါက်ကွဲတာ။ လက်နက်ကြီးသံတွေ၊ ဗုံးတွေ ပေါက်ကွဲပြီးတော့ ရပ်ကွက်ထဲက အိမ်လည်းထိတယ်။ လူလည်းထိတယ်။ အိမ်တောင် ရစရာမရှိဘူး။ အကုန်လုံး ပျက်စီးကုန်တာ၊ သေတဲ့သူတွေလည်း ရှိတယ်။ ဘယ်နေရာမှာကျမလဲ၊ ဘယ်နေရာမှာ ပေါက်ကွဲမလဲ၊ အပြင်သွားလမ်းလျှောက်တဲ့အခါမှာလည်း ကြောက်နေရတာ။ ဘယ်နေရာမှ ရှောင်စရာမရှိတော့လောက်အောင် ကြောက်ရတယ်"
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့က ကလေးမြို့အနောက်တောင်ပိုင်း စီးစံရွာက လူနေအိမ်ပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဇနီးမောင်နှံနှစ်ဦး သေဆုံးခဲ့ပြီး သူတို့ရဲ့ ၃ နှစ်အရွယ် ကလေးကတော့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နေအိမ်ပေါ်မှာရှိနေစဉ်မှာပဲ လက်နက်ကြီးကျည်က အိမ်ပေါ်တည့်တည့် ကျရောက်ပေါက်ကွဲခဲ့တာလို့လည်း ဆိုပါတယ်။
"ဘယ်နေရာမှာကျမလဲ၊ ဘယ်နေရာမှာ ပေါက်ကွဲမလဲ၊ အပြင်သွားလမ်းလျှောက်တဲ့အခါမှာလည်း ကြောက်နေရတာ"
ကလေးမြို့အခြေစိုက် တပ်ရင်း - ၃၆၅၊ ခလရ ၂၂၈၊ ဒကစ စစ်ဆေးရေးဂိတ် စတဲ့ နေရာတွေကနေ နေ့စဉ်လိုလို အဲဒီလက်နက်ကြီးတွေ ပစ်ခတ်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် ကလေးမြို့ခံတွေဟာ သေနတ်နဲ့ လက်နက်ကြီးဒဏ်ကိုကာကွယ်ဖို့ အိမ်တွေမှာ ဗုံးခိုကျင်းတွေ တူးထားကြရသလို ငွေကြေးတတ်နိုင်သူတွေကတော့ ပစ်ခတ်သံတွေ ကြားရချိန်တွေမှာ ပုန်းခိုနိုင်ဖို့ မြေအောက်ခန်းတွေ ပြုလုပ်နေကြရတယ်လို့ ပြောကြပါတယ်။
မြို့ပေါ်မှာလည်း စစ်ကောင်စီတပ်က ရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့နဲ့ ဆက်စပ်ပြီး သံသယရှိသူတွေကို ဖမ်းဆီးနေပါတယ်။ ဗိုလ်ချုပ် လမ်းမပေါ်မှာလည်း ဆိုင်ကယ်တွေကို ရပ်တန့်စစ်ဆေးတာ၊ လက်ကိုင်ဖုန်းတွေကို စစ်ဆေးနေပါတယ်။
စစ်ကောင်စီတပ် နေ့စဉ် စစ်ဆေး ဖမ်းဆီးနေတာလို့ ကလေးမြို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့က ကိုဂျပန်ကြီးက ပြောပါတယ်။
"လက်နက်ကြီးကတော့ ညတိုင်း လက်နက်ကြီးတွေရမ်းသန်းပစ်ခတ်တာမျိုးတွေ ကျေးရွာဘက်ကို ပစ်ခတ်တာမျိုးတွေ တောက်လျောက်ဆိုသလို ပြုလုပ်နေတယ်ပေါ့နော်။ ပြုလုပ်တဲ့နေရာမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲနဲ့ လက်နက်ကြီးကို ထုနေတာပေါ့နော်။ စစ်ကောင်စီဘက်က စစ်ဆေးမှုတွေပြုလုပ်တယ်၊ သူတို့ လုပ်ဆောင်နေကျတဲ့ ထုံးစံပဲပြောရမှာပေါ့နော်။ ဖမ်းချင်ရင်ဖမ်းတယ်၊ သူတို့ စစ်ချင်ရင်စစ်တယ်။ သူတို့ လုပ်ချင်တာလုပ်သွားတဲ့ပုံစံမျိုးပေါ့။ ဒါကလည်း အမြဲလိုလုပ်နေတဲ့ ပုံစံမျိုးပေါ့နော်။ စစ်ကောင်စီဘက်က"
စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် အရပ်သားတွေ ထိခိုက် သေဆုံးရတယ်ဆိုတဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ကလေးမြို့နဲ့ အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး အချို့ဒေသခံတွေဟာ လုံခြုံရေးအတွက် မြို့ပေါ်ကို ထွက်ပြေးခိုလှုံနေပါတယ်။ ဒါပေမဲ့ မြို့ပေါ်မှာလည်း မလုံခြုံတော့ဘူးလို့ မြို့ပေါ်မှာ ထွက်ပြေးခိုလှုံနေတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"ကြောက်လို့ စစ်ဘေးရှောင်ပါတယ်ဆိုမှ ရှောင်တဲ့နေရာမှာလည်း ခဏခဏ ဗုံးသံတွေ ကြားရ၊ သေနတ်သံတွေကြားရ၊ ဘယ်ချိန်မှာ အိမ်နားက ဗုံးပေါက်ကွဲမလဲ စိုးရိမ်ရတယ်။ လုံခြုံတဲ့နေရာမရှိဘူး။ ရှေ့ဆက်ပြီး ဒီထက် ခက်ခဲလာမှာဆိုတော့ စားဖို့သောက်ဖို့လည်း ခက်ခဲ၊ စိတ်ထဲမှာတောင် ဘယ်လို စဉ်စားရမှန်းမသိတော့ဘူး"
စစ်တပ်ကအာဏာသိမ်ပြီးနောက်ပိုင်း ဒီနေ့အထိ ကလေးမြို့နယ်မှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ငါးသောင်းကျော်ရှိတယ်လို့ ကလေးမြို့ စစ်ဘေးရှောင် ကူညီရေးအဖွဲ့က ပြောပါတယ်။