ပဋိပက္ခ နှစ်ပတ်လည် ရိုဟင်ဂျာတွေ ကာကွယ်မယ်လို့ အာဆာကြေညာ


2018.08.25

ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခ နှစ်ပတ်လည် ဆန္ဒပြပွဲနဲ့ ARSA အဖွဲ့က ရိုဟင်ဂျာတွေကို ကာကွယ်မယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့တဲ့အကြောင်း ဦးခင်မောင်စိုး က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လွန်ခဲ့တဲ့နှစ် သြဂုတ်လ ၂၅ ကစတင်ပြီး ဖြစ်ပွါးခဲ့တဲ့ ဆူပူအကြမ်းဖက်မှုတွေကြောင့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေက အကြမ်းဖက်မှု နှစ်ပတ်လည်အဖြစ် ကော့ဇ်ဘဇားဒေသက ဒုက္ခသည်စခန်းတွေမှာ ဆန္ဒပြပွဲတွေ မနေ့က ကျင်းပခဲ့ပါတယ်။ ကူတူပလောင် ဒုက္ခသည်စခန်းက ဆန္ဒပြပွဲမှာ ပါဝင်တဲ့ လူဦးရေကို AFP သတင်းဌာနက ၄ သောင်းခန့် ရှိတယ်လို့ဖေါ်ပြပြီး AP သတင်းမှာတော့ လူ တသောင်းခွဲကျော်ပါဝင်တယ်လို့ ရေးပါတယ်။  ဆန္ဒပြသူတွေက သြဂုတ်လ ၂၅ ရက် ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်ပွဲ အောက်မေ့ဖွယ်နေ့ လို့ ရေးသားထားတဲ့ ပိုစတာကြီးတခုကို သယ်ဆောင်ရင်း မိမိတို့ဟာ ရိုဟင်ဂျာတွေဖြစ်တယ်၊ အမှန်တရားကို လိုချင်တယ်၊ ဘုရားသခင်သည် ကြီးကြယ်သည် စသဖြင့် ကြွေးကြော်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အလားတူ ရိုဟင်ဂျာသတ်ဖြတ်မှု နှစ်ပတ်လည် အဖြစ် တောင်ကိုရီးယား လူ့အခွင့်အရေး လှုပ်ရှားသူတချို့က ဆိုးလ်မြို့မှာ ရှိတဲ့ မြန်မာသံရုံးရှေ့ကို သွားရောက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ Korea Civil Society ဆိုတဲ့ အဲဒီ လူ့အခွင့်အရေးအဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်မှာ မြန်မာတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်ခံခဲ့ရသူတွေကို ဂုဏ်ပြုပါတယ်။ ရိုဟင်ဂျာလူမျိုးတွေလို့ သူတို့ကိုယ်သူတို့ ခေါ်ဝေါ်ခွင့်မရှိတဲ့ အဲဒီလူတွေဟာ ကမ္ဘာပေါ်မှာ ဖိနှိပ်ချုပ်ချယ်မှု အများဆုံး ခံစားနေကြရသူတွေဖြစ်တယ်။ သူတို့နဲ့ မိမိတို့ အတူတကွ ရပ်တည်တယ် စသဖြင့် ဖေါ်ပြထားပြီး အဲဒီ ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်ရေးနဲ့ လူ့အခွင့်ရေးချိုးဖေါက်သူတွေကို အရေးယူရေးအတွက် တောင်းဆိုထားပါတယ်။

အလားတူ အမှတ်တရ အခမ်းအနားတခုကို ထိုင်းနိုင်ငံ ပထွမ်သန်နီခရိုင်မှာ ကျင်းပဖို့ စီစဉ်ခဲ့တာကိုတော့ ထိုင်းအာဏာပိုင်တွေက တားဆီးခဲ့တယ်လို့ ဘန်ကောက်ကလာတဲ့ သတင်းတပုဒ်မှာ ဖေါ်ပြပါတယ်။ Rohingya Pace Network of Thailand လု့ိအမည်ပေးထားတဲ့ အဲဒီအဖွဲ့ရဲ့ ဥက္ကဌ ဟာဂျီ အစ်မေးလ်ဆိုသူက သေဆုံးခဲ့ရသူတွေအတွက် သူတို့ ငြိမ်းချမ်းစွာ ဆုတောင်းပွဲကျင်းပမှာကို ဖျက်သိမ်းဖို့ ထိုင်း စစ်တပ်က အမိန့်ပေးခဲ့တယ်လို့ ပြောပါတယ်။

UNFPA ကုလသမဂ္ဂ လူဦးရေအဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ကြေညာချက်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ဒုက္ခသည် ၉ သိန်းခန့်မှာ တဝက်ကျော်က အမျိုးသမီးနဲ့ ကလေးတွေဖြစ်ပြီး သူတို့ကို အကူအညီတွေ ပေးနေကြောင်း ဖေါ်ပြထားပါတယ်။

ဒီအတောအတွင်းမှာပဲ ARSA ခေါ် ရခိုင်ရိုဟင်ဂျာ အကြမ်းဖက်မွတ်ဆလင်အဖွဲ့က ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိစွာနဲ့ လုံခြုံစွာ သူတို့နေရပ်ပြန်လည်သွားရောက်နိုင်ရေးနဲ့ ကာကွယ်ပေးရေးအတွက် သူတို့အဖွဲ့မှာ တာဝန်ရှိကြောင်း တွစ်တာကနေ မနေ့က ထုတ်ဖေါ်ပြောကြားပါတယ်။  အာဆာအဖွဲ့ရဲ့ ကြေညာချက်မှာ ရိုဟင်ဂျာတွေကို မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း မပြုလုပ်ဖို့နဲ့ လူကုန်ကူးမှုတွေ အကြမ်းဖက်မှုတွေကို ရှောင်ကျဉ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။