ဖားကန့်မှာ လူ နှစ်ဆယ်နီးပါး ဖမ်းဆီးခံရပြီး နှစ်သောင်းနီးပါး ထွက်ပြေးနေရ

ဖားကန့်မြို့နယ်မှာ စစ်ကောင်စီရဲ့ တပ်စခန်းတွေ တိုက်ခိုက်ခံရတာကြောင့် ဒေသခံ နှစ်ဆယ်နီးပါးကို လူသားဒိုင်းအဖြစ်ထားပြီး နှစ်သောင်းနီးပါးလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ဝှေခါရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာသဖြင့် ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် တိမ်‌ရှောင်နေကြရသည့် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့က တွေ့ရစဉ်။ Kachin News Group

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ဝှေခါရွာကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာပြီး အရပ်သားနှစ်ဆယ်နီးပါးကို လူသားဒိုင်းကာ အဖြစ် ဖမ်းသွားသလို လူပေါင်း နှစ်သောင်းနီးပါးလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့ ညနေပိုင်းမှာ ဝှေခါရွာနဲ့ နမ့်တိန်ရွာနားမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ကချင်ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ စစ်ကောင်စီကလည်း လေကြောင်းကရော လက်နက်ကြီးတွေနဲ့ပါ ပြင်းပြင်းထန်ထန် တုံ့ပြန်လာတာလို့ ပြောကြပါတယ်။

ဇန်နဝါရီလ ၉ ရက်နေ့က အဖမ်းခံရသူတွေထဲမှာ အားလုံးအမျိုးသားတွေပဲဖြစ်ပြီး ဒီနေ့အထိ ပြန်မလွတ်သေးဘူးလို့ အမည်မဖော်လိုတဲ့ ဝှေခါရွာသားတစ်ယောက်က RFA ကို ပြောပါတယ်။

"သူတို့ရွာထဲမှာ ဝင်ပြီးတော့ ဖမ်းသွားတာ နှစ်ဆယ်လောက်ပါသွားတယ်။ အဆက်အသွယ်ပြတ်နေတယ်။ ဝှေခါကနေ ထွက်လိုက်ရင် သူတို့ဗျုဟာကုန်း ခေါ်တာပေါ့လေနော်။ သူတို့အခု အထိုင်ချထားတဲ့နေရာ အဲဒီနေရာကို ဓားစာခံပုံစံမျိုး ခေါ်သွားတာ။ ဒေသခံတွေ ဟုတ်တယ်။ ရေမဆေးရှာဖွေတဲ့ ဒေသခံတွေပဲ အကုန်လုံး ဘာမှကို အဆက်အသွယ်မရဘူး၊ အဆက်အသွယ် ပြတ်နေတယ်"

စစ်ကောင်စီတပ်ဘက်က ရုရှားနိုင်ငံထုတ် စစ်ရဟတ်ယာဉ် Mi-35 နဲ့လာပြီး ဝှေခါရွာနားမှာ နေ့တိုင်း လာပစ်ခတ်နေသလို၊ ဝှေခါရွာနဲ့ ခုနစ်မိုင်အကျော်မှာရှိနေတဲ့ ဗျုဟာကုန်းက နေလည်း လက်နက်ကြီးတွေ ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် ဘေးကင်းမယ့်နေရာတွေမှာ ပုန်းခိုနေရတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဝှေခါရွာသားတစ်ယောက်က RFA ကို ပြောပါတယ်။

"မြေပြင်က တိုက်ပွဲဖြစ်တာ၊ ဖြစ်တဲ့ဟာကို စစ်ကောင်စီကလာပြီး လေယာဉ်နဲ့ ဗုံးကြဲတာပါ့။ ရက်စက်တာပါ့။ လောလောဆယ် ကိုယ့်အိမ်က သားသမီးတွေရော၊ တိရိစ္ဆာန်တွေရော မချန်ဘူး၊ အကုန်လုံး ပြေးနေရတာ။ ဝှေခါတစ်ရွာလုံး အားလုံးစိုးရိမ်စိတ်နဲ့ အကုန်လုံးပြေးနေကြတာ၊ အိမ်မှာလည်း လူမရှိတော့ဘူး။ ဗုံးအရေအတွက်ကတော့ တစ်ခါချသွားရင် သုံးလုံး၊ နှစ်လုံး အဲဒီလိုချသွားတာပဲ။ သုံးခါလောက် လာသွားတယ်။ ရွာနားပတ်ချာလည် အကုန်လုံးချသွားတာ"

ထွက်ပြေးတိမ်းရှောင်နေရသူတွေထဲမှာ ဝှေခါရွာနဲ့ နမ့်တိန်ရွာက ဒေသခံတွေပါဝင်တယ်လို့ သူက ပြောပါတယ်။

"လောလောဆယ် ကိုယ့်အိမ်က သားသမီးတွေရော၊ တိရိစ္ဆာန်တွေရော မချန်ဘူး၊ အကုန်လုံး ပြေးနေရတာ။ ဝှေခါတစ်ရွာလုံး အားလုံး စိုးရိမ်စိတ်နဲ့ အကုန်လုံးပြေးနေကြတာ"

ဝှေခါရွာကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တစ်ထောင်ကျော်ကို ဘာသာရေး ကျောင်းတွေမှာ ခေတ္တခိုလှုံဖို့ စီစဉ်ပေးထားတယ်လို့ ဆိုင်းတောင်ရွာမှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့သူတစ်ယောက်က ပြောပါတယ်။

"ဆိုင်းတောင်ထဲတင် တစ်ထောင်ကျော်လောက် ရောက်နေတာ။ ဝှေခါအဖွဲ့တွေ ဆိုင်းတောင်ဘက်ကို ရှောင်ရတယ်။ သူတို့ရဲ့ ခရစ်ယာန်ဘုရားကျောင်းတို့၊ ဘုန်းကြီးကျောင်းတို့မှာ ရှောင်နေပြီးတော့ ထမင်းကျ ဒီဘက်က ပြည်သူတွေပဲ ချက်ကျွေးကြတယ်။ ပြည်သူတွေထဲက တတ်နိုင်တဲ့သူက ချက်ကျွေးကြတယ်"

ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေမှာ ကျန်းမာရေးမကောင်းသူတွေနဲ့ အသက်အရွယ်ကြီးတဲ့သူတွေလည်း ပါနေတာကြောင့် အရေးပေါ်ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

အိမ်ကနေ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာရလို့ စားဝတ်နေရေး အခက်အခဲတွေလည်း ရှိနေတယ်လို့ ဝှေခါရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။

"ရေမဆေးရှာစားနေတဲ့ ဒေသလည်းဖြစ်တယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ရွှေ့ပြောင်း လုပ်သားတွေ၊ အလုပ်သမားတွေလည်း ကျောက်ကိုပဲမှီခိုပြီး စားကြတာဆိုတော့ ရေမဆေးရှာတဲ့နေရာမှာလည်း အခက်အခဲတွေ အများကြီးရှိသလို ကုန်ဈေးနှုန်းတွေက တက်တယ်။ လောလောဆယ်ကတော့ ဖားကန့်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာပြီဆိုတော့ တအား ဒုက္ခရောက်ပါတယ်"

ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့ နေ့လယ်ပိုင်းကလည်း လေကြောင်းကနေပစ်လို့ ဝှေခါရွာနားက ကားဝပ်ရှော့ဆိုင်နဲ့ အိမ်တချို့မှာ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လေကြောင်းနဲ့လက်နက်ကြီးကို ပိုအသုံးပြုပြီး လူထုကို ကြောက်အောင် လုပ်နေတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

"မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုက မြေပြင်စစ်ပွဲတွေမှာ ပွဲတိုင်းအရှုံးတွေနဲ့ပဲ ရင်ဆိုင်နေရတဲ့အခါ သူ့ရဲ့ အားကိုးရာတစ်ခုဖြစ်တဲ့ လေကြောင်းနဲ့လက်နက်ကြီးကိုပဲ တောက်လျှောက်သုံးပြီးတော့ ပြည်သူလူထုကို နေ့စဉ်ရက်ဆက် ပစ်ခတ်သတ်ဖြတ်နေတာတွေ ကျွန်တော်တို့ တွေ့နေရတယ်။ ကျွန်တော်တို့ NUG အနေနဲ့ကတော့ ကျွန်တော်တို့ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေမှာရော၊ တခြားနေရာမှာရော ပြည်သူတွေကို အမြဲ သတိမပြတ်ရှိနေဖို့နဲ့ အချိန်မရွေး အန္တရာယ်ကျရောက်နိုင်တယ်ဆိုတဲ့ အသိတရားကို မပြတ်အောင် အမြဲတမ်း လှုံ့ဆော်မှုတွေ တောက်လျှောက် လုပ်နေတာတွေ ရှိတယ်"

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ မေဓိကာရာမကျောင်းဝန်းတွင် နေကြရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့က တွေ့ရစဥ်။ (Photo: Kachin News Group)

စစ်ကောင်စီဘက်က ဖားကန့်-ဝှေခါလမ်းမကို ဇန်နဝါရီလ ၆ ရက်နေ့ ညပိုင်းကတည်းက ပိတ်ထားပါတယ်။ ဒါကြောင့် တိုက်ပွဲငြိမ်သွားရင်တောင် အိမ်ကိုပြန်လို့မရမှာ စိုးရိမ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမ့်တိမ်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ဟာ ဖားကန့်တစ်မြို့လုံးကို လက်နက်ခဲယမ်း ထောက်ပို့ပေးနေတဲ့၊ ဗျုဟာအရအရေးပါတဲ့ တပ်စခန်းဖြစ်တယ်လို့ ကချင်ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ယောက်က RFA ကို ပြောပါတယ်။

"စစ်ရေးအရဆိုရင်တော့ အခုတိုက်တဲ့နှစ်ခုလုံး အရေးပါတယ်လို့ ပြောလို့ရတယ်။ သူတို့က ဟိုဘက် ဒီဘက်ပေါ့။ ကျွန်တော်တို့ ဒီဘက်လမ်းကနေဆိုရင်လည်း သူတို့က အဝင်အထွက် အဓိက အချက်အချာကျတဲ့နေရာပေါ့။ ဟိုဘက်ဆိုရင်လည်း အဝင်အထွက် အဓိကကျတယ်။ ဖားကန့်ဘက် လမ်းကြောနှစ်ခုလုံးကိုဝင်တဲ့ လမ်းကြောနှစ်နေရာပေါ့။ အဓိကပြောရမယ်ဆိုရင် ကုန်သွယ်ရေးလမ်းကြောင်းရော၊ စစ်ရေးအရ လမ်းကြောင်းရောမှာ အဓိကကျတယ်လို့ ပြောလို့ရတယ်"

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ စောင့်ကြည့် လေ့လာ မှတ်တမ်းတင်နေတဲ့ ကချင်လူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကတော့ စစ်ကောင်စီဟာ အရပ်သားတွေအပေါ် ဥပဒေမဲ့လုပ်ရပ်တွေကို အဆိုးဆုံး ကျုးလွန်နေတာလို့ ထောက်ပြပါတယ်။

"စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာမှာ အရပ်သားပြည်သူတွေနေတဲ့ နေရာတွေ၊ ကျေးရွာတွေ၊ Camp ဒုက္ခသည်စခန်းနေရာတွေမှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေမှာရော ရှိပါတယ်။ အခုရော ဒီလိုမျိုးပြန်ပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပေါ့၊ စစ်ပွဲမဖြစ်တဲ့ နေရာ။ ဆိုတော့ ဒီဟာက လုံးဝမပြုလုပ်သင့်တဲ့ အရာလို့မြင်ပါတယ်။ နောက်ထပ်တစ်ခုက ဒီလိုမျိုးလုပ်တာ ကတော့ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေကိုရော ချိုးဖောက်လိုက်တယ်လို့ မြင်ပါတယ်"

ဖားကန့်က အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

၂၀၁၄ သန်းခေါင်စာရင်းအရ ဖားကန့်မြို့နယ်မှာ လူဦးရေ သုံသိန်းကျော် နေထိုင်ပြီး အများစုက နိုင်ငံတစ်ဝန်းက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဒေသခံတိုင်းရင်းသားတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

လက်ရှိကာလမှာတော့ မြန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ နှစ်သန်းခွဲကျော် ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org