ကလေးသူငယ် ၁၉၀ ကျော် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အချိန် ၁၁ လအတွင်း အသက်မပြည့်သေးတဲ့ ကလေးသူငယ် အယောက် ၉၀ နီးပါး အသတ်ခံခဲ့ရသလို မိဘတွေကိုယ်စား ဓားစာခံအဖြစ်နဲ့ ဖမ်းဆီးခံရသူ ၁၉၀ ကျော်ရှိနေပါတယ်။

စစ်တပ်က ဓားစားခံအဖြစ် ဖမ်းဆီးထားတဲ့ CDM စည်ပင်သန့်ရှင်းရေးဝန်ထမ်း ကိုမင်းဇော်ဦးရဲ့ သမီး မဆုမြတ်ဇော်ကို တွေ့ရစဉ် Photo: CJ

ဟတ်ပီးဘတ်ဒေး (Happy Birthday) စာသားလေးနဲ့အတူ ရွှေရောင်ဦးထုပ်နဲ့ အဖြူရောင်ဝတ်ထားတဲ့ မဆုမြတ်ဇော်ရဲ့ ပုံဟာ အသက်နှစ်နှစ်ပြည့်တဲ့ ၂၀၂၀ ခုနှစ်က ရိုက်ထားတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်မှာကျရောက်တဲ့ သုံးနှစ်ပြည့်မွေးနေ့မှာတော့ နိုင်ငံရေးအကျဉ်းသားတွေက ငရဲခန်းလို့ တင်စားခေါ်ဝေါ် လေ့ရှိတဲ့ အင်းစိန်အကျဉ်းထောင်မှာ ဖြတ်သန်းနေရပါတယ်။ မဆုမြတ်ဇော်ဟာ အင်းစိန်အကျဉ်းထောင်မှာ အဖမ်းခံနေရတာ အခုဆို ၁၀ လနီးပါးရှိနေပါပြီ။

စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ပြီး ဆန္ဒပြပွဲမှာ ဦးဆောင်ခဲ့တဲ့ စည်ပင်ဌာန သန့်ရှင်းရေးဝန်ထမ်း ကိုမင်းဇော်ဦးကို ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က ဖမ်းဆီးဖို့ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ ကိုမင်းဇော်ဦးကို ရှာမတွေ့တာကြောင့် အသက် နှစ်နှစ်ကျော် အရွယ်သာ ရှိသေးတဲ့ သမီးအငယ်ဆုံး မဆုမြတ်ဇော်၊ အသက် ၃၀ ကျော်အရွယ် ဇနီးနဲ့ အသက် ၅၀ ကျော် အရွယ် မိခင်တို့ကို ဖမ်းဆီးခဲ့ကြတာပါ။

အပြစ်မရှိတဲ့ မိသားစု ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့အတွက် စိတ်သောက ဖြစ်နေရကြောင်း ထွက်ပြေး တိမ်းရှောင်နေရတဲ့ ကိုမင်းဇော်ဦးက RFA ကို ပြောပါတယ်။

"အမေ့မှာလည်း ဘာအပြစ်မှမရှိဘူး။ ကျနော့် မိန်းမမှာလည်း ဘာအပြစ်မှ မရှိဘူး။ ကျနော့် သမီးလေးမှာ လည်း ဘာအပြစ်မှမရှိဘဲနဲ့ ဒီလိုဓားစာခံကြီး ဖမ်းခေါ်သွားတာ ကျနော် ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး။ ကျနော်ကလည်း လာလို့မရ၊ ရှင်းလို့မရဘူး။ နောက်ဆုံး ကျနော်အဖမ်းခံပြီး လူစားလဲဖို့တောင် ဆုံးဖြတ်ချက် ချထားတာ။ ကျနော်အဖမ်းခံလိုက်လည်း သူတို့က အကုန်လုံးဖမ်းထားမှာ ဖြစ်တဲ့အတွက် ကြောင့် ကျနော် အဖမ်းမခံဘဲ ရှောင်တိမ်းနေတာ။ ကျနော်ထင်ထားတာက ကျနော့်ကိုပဲ ဖမ်းမယ်လို့ ထင်ထားတာပါ။ ကျနော့်မိန်းမတွေ ၊ မိသားစုတွေကို မထိလောက်ဘူးလို့ နေလိုက်တာ။ မဆိုင်တဲ့လူတွေကို အဲလောက်ထိ ဖမ်းစရာလည်းမလိုဘူး။ သက်ဆိုင်တဲ့လူကိုပဲ ဖမ်းပေါ့။ ဘယ်လိုမှ မခံစားနိုင်ဘူးပေါ့။ ဘာလို့ဆို ကျနော့် သမီးလေးက အငယ်ဆုံးလေး၊ တစ်ဦးတည်းသော သမီးလေးဖြစ်တဲ့အတွက် ကျနော် မခံစားနိုင်ဘူး။ ပြောမပြတတ်အောင်ကို ခံစားရတယ်"

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်း ပြီးနောက် မိခင်နို့မပြတ်သေးတဲ့ မဆုမြတ်ဇော် အပါအဝင် အသက် ကိုးလအရွယ်ကနေ အသက် ၁၈ နှစ်အထိ အဖမ်းခံခဲ့ရတဲ့ ကလေးသူငယ် အရေအတွက် ၂၅၅ ယောက်ရှိပါတယ်။ အဲဒီအထဲ ပြန်လွတ်မြောက်သူ ၆၂ ယောက်ရှိပေမယ့် ကျန်တဲ့ ကလေးသူငယ် ၁၉၁ ယောက်က အကျဉ်းကျခံနေရဆဲဖြစ်သလို ကျန် နှစ်ယောက် ကတော့ သေဒဏ်ချမှတ်ခံထားရပါတယ်။

လွတ်မြောက်လာတဲ့ ကလေးတွေမှာလည်း အဖမ်းဆီးခံရစဉ်က ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာတွေ ဆက်လက် ခံစားနေကြရတဲ့အတွက် ပုံမှန်ကလေးငယ် တစ်ယောက်လို လွတ်လပ်ပျော်ရွှင်မှုကို မခံစားနိုင်ဘဲ စိုးရိမ် ထိတ်လန့်မှုတွေနဲ့ နေထိုင်နေကြရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

(ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာတဲ့ အသက် ငါးနှစ်အရွယ် မစုထက်ဝိုင်းကို တွေ့ရစဉ်) Photo: Soe Htay - facebook

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဖခင်ကို မဖမ်းမိလို့ မိခင်၊ အစ်မ၊ အစ်ကိုတို့နဲ့အတူ အဖမ်းခံလိုက်ရတဲ့ အသက် ၅ နှစ်အရွယ်ကလေးငယ် မစုထက်ဝိုင်းဟာ ပြီးခဲ့တဲ့ ဇူလိုင်မှာ ပြန်လွတ်ခဲ့ပေမယ့် အခုချိန်ထိ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရဆဲပဲလို့ မိုးကုတ်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူဖြစ်တဲ့ ဖခင်ဖြစ်သူ ဦးစိုးဌေးက ပြောပါတယ်။

"ကျနော့်သမီး စုထက်ဝိုင်းဆို အခုထိ စိတ်ဒဏ်ရာရနေတုန်း ဖေဖေသတိထားနော်။ တစ်ခုခုဖြစ်ရင် မလွယ်ဘူး။ ဖေဖေတို့ကိုလုပ်မှာ သမီးကိုတော့ မလုပ်ဘူး။ သမီးကိုလည်း ဖမ်းမှာပဲ။ အခုချိန်အထိပေါ့နော်၊ အိပ်ပျော်နေတဲ့အခါမျိုးမှာ လန့်လန့်ပြီး အော်တာ၊ သမီးကို မလုပ်ပါနဲ့၊ သမီးကိုမလုပ်ပါနဲ့ဆိုပြီးတော့၊ ကိုယ်ကတော့ ညဆိုတော့ အသာလေးပဲ ချော့သိပ်လိုက်တယ်။ မနက်မှ အိပ်မက်မက်လားမေးတော့ မက်တယ်လေတဲ့။ ရဲသေးသေးလေးတွေ လာဖမ်းတာတဲ့။ စစ်သားသေးသေးလေးတွေလည်း ပါတယ်တဲ့။ ကလေးတစ်ယောက်ရသွားတဲ့ စိတ်ဒဏ်ရာက ကုစားဖို့ တော်တော်ခက်တယ်"

စစ်အာဏာရှင်လက်အောက်မှာ အသက်မပြည့်သေးတဲ့ ကလေးငယ် ၈၈ ယောက်ဟာ အိမ်မှာနေတဲ့အချိန်၊ ဆေးခန်းသွားနေချိန်၊ လမ်းမှာသွားလာနေရင်း၊ ကစားနေရင်း၊ ထွက်ပြေးနေရင်း စစ်ကောင်စီတပ်တွေရဲ့ ပစ်သတ်မှုကို ခံခဲ့ရတယ်လို့ နိုင်ငံ‌ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန် ထားပါတယ်။

နိုင်ငံရဲ့ အနာဂတ်ဖြစ်တဲ့ ကလေးတွေကို မတရားဖမ်းဆီး၊ သတ်ဖြတ်တာတွေက နိုင်ငံရဲ့ အနာဂတ်ကို ဖျက်ဆီးလိုက်တာဖြစ်ပြီး ဒီလိုကျူးလွန်သူတွေ၊ အားပေးအားမြှောက် ပြုလုပ်သူတွေအနေနဲ့ ဒီပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရမှာမဟုတ်ဘဲ တစ်ချိန်မှာ ပြန်ပေးဆပ်ရမှာဖြစ်ကြောင်း၊ ဒီကျုုးလွန်မှုတွေကို အရေးယူနိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ကူညီပေးဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က တောင်းဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက မဖြစ်မနေ ထိန်းသိမ်း ထားရမှာ ဖြစ်တာကြောင့် တချို့ကလေးသူငယ်တွေကို ထိန်းသိမ်းထားတာ ဝန်ခံကြောင်း RFA ကို ပြောပါတယ်။

"ကလေးသူငယ်နဲ့ပတ်သက်ပြီးတော့မှ တချို့မှာတော့ ကျနော် ဝန်ခံတယ်။ မဖြစ်မနေကိုပဲ ထိန်းသိမ်း ထားရမယ့်သူတွေ ရှိတယ်။ ထိန်းသိမ်းထားရမယ့်သူတွေကလည်း စည်းကမ်းတကျ လုပ်ချင်တယ်။ ဥပဒေအရ လုပ်ဆောင်သွားပါမယ်"

Child rights Convention CRC လို့ ခေါ်တဲ့ နိုင်ငံတကာ ကလေးသူငယ်အခွင့်အရေးအရ ကလေးတွေဟာ အသက်ရှင်ပိုင်ခွင့်၊ ဖွံ့ဖြိုးခွင့်၊ ပညာသင်ကြားခွင့်၊ ကစားခွင့်၊ အဟာရပြည့်ဝစွာ စားသောက်နိုင်ခွင့်၊ နိုင်ငံဖွံ့ဖြိုးမှုမှာ ပါဝင်ခွင့်ရှိရမှာဖြစ်ပါတယ်။

"အသက်မပြည့်သေးတဲ့ကလေးတွေကို ဖမ်းဆီးချုပ်နှောင်သတ်ဖြတ်တာဆိုရင် နိုင်ငံတကာဥပဒေ Child Rights Convention ကို ချိုးဖောက်တာဖြစ်ပါတယ်"

အခုချိန်မှာတော့ ကလေးသူငယ်တွေ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေဟာ မြန်မာနိုင်ငံရဲ့ ကလေးသူငယ်ဥပဒေ အပြင် CRC ကိုပါ စစ်ကောင်စီက ချိုးဖောက်နေတာပဲလို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီး နော်စူဆန်နာလှလှစိုးက ပြောပါတယ်။

"ဒီလို အသက်မပြည့်သေးတဲ့ကလေးတွေကို ဖမ်းဆီးတာ၊ ချုပ်နှောင်တာ၊ သတ်ဖြတ်တာဆိုရင် ကျမတို့ နိုင်ငံရဲ့ ကလေးသူငယ်ဥပဒေကို ချိုးဖောက်တာဖြစ်တဲ့အပြင်ကို နိုင်ငံတကာ ဥပဒေဖြစ်တဲ့ CRC Child Rights Convention ကိုလည်း ချိုးဖောက်နေတာ ဖြစ်ပါတယ်။ စစ်ကောင်စီက ကလေးသူငယ်တွေအပေါ် ကျူးလွန်နေတဲ့ အမှုတွေဟာ အကုန်လုံး အရင်ဆုံးရပ်တန့်ဖို့ စစ်ကောင်စီမှာ တာဝန်ရှိပါတယ်။ ပြီးရင် ကုစားဖို့က ပြည်သူလူထုက တင်မြှောက်ထားတဲ့ NUG အစိုးရ၊ က‌လေးသူငယ်တွေအရေး လုပ်ဆောင် နေတဲ့ NGO တွေ၊ နိုင်ငံတကာအဖွဲ့ အစည်းတွေ၊ ကမ္ဘာ့ကုလသမဂ္ဂဆိုတဲ့ အဖွဲ့စည်းတွေမှာ တာဝန် ရှိပါတယ်"

ထွက်ပြေးတိမ်းရှောင်နေရတဲ့ နေ့စား စည်ပင်သန့်ရှင်းရေးဝန်ထမ်း ကိုမင်းဇော်ဦး ကတော့ သူတို့မိသားစုတွေ စစ်အာဏာရှင်စနစ်အောက်မှာ ပြန်မဆုံနိုင်ကြသေးရင်တောင် ဓားစာခံအဖြစ်နဲ့ ဖမ်းဆီးခံထားရတဲ့ သမီးငယ် မဆုမြတ်ဇော် တို့ကိုတော့ အကျဉ်းထောင်ကနေ အမြန်ဆုံးလွတ်မြောက်ဖို့ နေ့တိုင်း ဆုတောင်းနေတယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org