စစ်မှုထမ်းဖို့ မကွေးတိုင်းမှာ လူငယ် ၃၅၀ ကျော် ဖမ်းဆီးခံထားရ

RFA Burmese
2024.05.14
စစ်မှုထမ်းဖို့ မကွေးတိုင်းမှာ လူငယ် ၃၅၀ ကျော် ဖမ်းဆီးခံထားရ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် အမှတ်(၇)၊ စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းတွင် တက်ရောက်နေသူများအား ၂၀၂၄ ခုနှစ်၊ မေလ ၁၃ ရက်နေ့က တွေ့ရစဉ်။
MOI

စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ် (၂) အတွက် ဧပြီလကနေ အခုမေလအလယ်အထိ တစ်လခွဲအတွင်း မကွေးတိုင်း နတ်မောက်မှာ ၁၅၄ ဦး၊ အောင်လံမှာ ၁၅၀ နီးပါးနဲ့ ရေနံချောင်းမှာ ငါးဆယ်နီးပါး ဖမ်းဆီးခံခဲ့ရပြီး မြို့နယ်အလိုက် နီးစပ်ရာသင်တန်းကျောင်းတွေကို ပို့ဆောင်ခံထားရတာလို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဧပြီလ ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့က နတ်မောက်မြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့အနီး ရွာတွေမှာ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားတာလို့ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုအဆိပ်သီးက ပြောပါတယ်။

"ဒုတိယအခေါက်မှာကျတော့ ဆင့်ခေါ်စာ လုံးဝမထုတ်တော့ဘူး။ သူတို့ဟာသူတို့ ထွေအုပ်စာရေးတွေ၊ ရပ်ကွက်စာရေးတွေနဲ့ ပေါင်းပြီးတော့ စာရင်းသူတို့ဘာသာသူတို့ လုပ်တယ်။ အဲဒီစာရင်းကို သူတို့ရုံးကိုပို့ပြီးတော့ အဲဒီလူတွေ အိမ်တွေပေါ် တက်ဆွဲတာ။ နောက်ရက်မှာ မြို့ပေါ်ကို ဈေးဝယ်လာတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ အကုန်လုံးကို မြို့ဝင်ဂိတ်တွေကနေတားပြီးတော့ ယောက်ျားသားမှန်သမျှ သူတို့ဆွဲတယ် အဲလိုဗျ"

ဒီစာရင်းအချက်အလက်တွေဟာ ဒေသခံတွေကတစ်ဆင့် ပြောဆိုချက်တွေအပေါ် အခြေခံကာ ခန့်မှန်းပြုစုထားတာဖြစ်ပြီး လက်တွေ့မှာ ဒီအရေအတွက်ထက် ပိုများနိုင်တယ်လို့လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

"သူတို့ဟာသူတို့ ထွေအုပ်စာရေးတွေ၊ ရပ်ကွက်စာရေးတွေနဲ့ ပေါင်းပြီးတော့ စာရင်း သူတို့ဘာသာသူတို့ လုပ်တယ်။ အဲဒီစာရင်းကို သူတို့ရုံးကိုပို့ပြီးတော့ အဲဒီလူတွေ အိမ်တွေပေါ် တက်ဆွဲတာ"

ဖမ်းဆီးခံခဲ့ရသူတွေထဲက နတ်မောက်မြို့ခံ အမျိုးသား ဆယ်ဦးကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

သူတို့ကို ကင်းစောင့်ခိုင်းချိန် ထွက်ပြေးလာတာလို့ ပြန်လွတ်လာတဲ့ နတ်မောက်မြို့ခံတစ်ဦးက ပြောပါတယ်။

"ရွာမှာလာဖမ်းတာ မိပြီးဖမ်းခေါ်သွားတာ။ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်က နတ်မောက်ရောက်တော့ ညီအကိုနှစ်ယောက် တစ်ယောက်တော့ပြန်တဲ့။ တစ်ယောက်တော့ သူတို့ခေါ်မယ်ဆိုပြီး ခေါ်လာတာ။ နတ်မောက်မှာ တစ်ညအိပ်ပြီးတော့ နောက်တစ်နေ့ မကွေးကို ဆေးစစ်ပြီးတော့ ရွာမွန်စစ်တပ်ကို တစ်ခါတည်း ခေါ်သွားတာ။ ကင်းစောင့်တာ ကိုယ့်ထဲကလူတွေ စောင့်ခိုင်းတယ်။ ကင်းစောင့်တဲ့သူတွေရော တစ်ခါတည်း ပြေးလာတာ"

ဧပြီလ ၂၂ ရက်နေ့က စစ်ကောင်စီတပ်သား အယောက်ခုနစ်ဆယ်နီးပါးဟာ သူ အပါအဝင် ရွာသားခုနစ်ဦးကို နတ်မောက်မြို့ဆီ ဖမ်းခေါ်လာတာလို့ ဆိုပါတယ်။

ဧပြီလ ၂၅ ရက်နေ့မနက်ပိုင်းက စပြီး ရေနံချောင်းမြို့နယ်မှာလည်း လမ်းသွားလမ်းလာတွေကို ဖမ်းဆီးခဲ့သလို အောင်လံမြို့နယ်က ဗွက်ကြီးဂိတ်၊ ရေပေါ်စမ်းကလေးဂိတ်နဲ့ ရွှေညောင်ပင်ဂိတ်တွေမှာလည်း ဧပြီ ၂၆ ရက်နေ့နဲ့ ၂၇ ရက်နေ့တွေမှာ လမ်းသွားလမ်းလာတွေကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဖမ်းခံရသူတွေထဲမှာ ငွေပေးပြီးပြန်လွတ်လာသူအချို့ရှိပေမဲ့ အများစုကို ရွှေတောင်မြို့က လေ့ကျင့်ရေးစခန်းဆီ ခေါ်သွားတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်နဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်ကောင်စီတပ်ဟာ တပ်တွင်းအင်အား လိုအပ်ချက်ကြောင့် နည်းလမ်းမျိုးစုံနဲ့ လူစုဆောင်းနေတာလို့ ပြောပါတယ်။

"ပွဲတိုင်းရှုံးနေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သားလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ အပြင်းအထန် ကြိုးစားနေတာပါ။ လူငယ်တွေက ပြည်ပကိုထွက်တာ နောက်တစ်ခုက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ PDF တွေထဲ ဝင်ရောက်တာ များနေတဲ့အတွက် ဒုတိယပတ်သင်တန်းအတွက် လုံလောက်တဲ့အင်အား မပြည့်မီသေးတဲ့ အနေအထားအောက်မှာ ပေါ်တာဆွဲသလိုဆွဲနေတာ တစ်ပြည်လုံးအနှံ့မှာ ဖြစ်နေတာပါ"

စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းဟောင်းတွေကို ပြန်ခေါ်ယူနေသလို အသက် ၁၈ နှစ်ကနေ ၃၅ အကြား လူငယ်တွေကို ဆင့်ခေါ်စာတွေမပို့တော့ဘဲ အိမ်ပေါ်တက် ဖမ်းဆီးနေသလို လမ်းပေါ်သွားလာနေသူတွေကိုပါမချန် လူသစ်စုဆောင်းနေတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က အဓမ္မ လူစုဆောင်းနေတာဟာ မအောင်မြင်တဲ့ ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးနေတာလို့ သရက်ခရိုင်အခြေစိုက် ဘာမြူဒါတပ်ပေါင်းစုအဖွဲ့ ပြောခွင့်ရှိသူ ကိုအာခိလီက ပြောပါတယ်။

"မအောင်မြင်တဲ့ ပြည်သူ့စစ်မဟာဗျူဟာ သုံးချင်နေတာပေါ့။ ဘာလို့လဲဆိုတော့ အင်အားလိုတာကိုး။ ပြည်သူ့စစ်ကို သူတို့ အသက်သွင်းချင်တယ်ဆို ပြည်သူရဲ့နှလုံးကို သိမ်းကြုံးယူနိုင်မှသာလျှင် ပြည်သူ့စစ်က အရာမြောက်မှာကို။ အခုဟာ သူတို့က ဓားပြတိုက်နည်းတိုက်ပြီး ပြည်သူ့စစ်ခေါင်းစဉ် တပ်ချင်နေတာကတော့ သူတို့လုပ်ရပ်နဲ့ အနှစ်သာရနဲ့ မတူညီတဲ့အတွက်ကြောင့်မို့လို့ ဒါ ရေပေါ်အရုပ်ရေးတာနဲ့ အတူတူပါပဲပေါ့"

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ပြည်သူ့ စစ်မှုထမ်းသင်တန်း အမှတ်စဥ်  (၂) ရှိ သင်တန်းသားများအား ၂၀၂၄ ခုနှစ်၊ မေလ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Telegram/ ပြည်သူ့စစ်မှုထမ်းများ စုစည်းရာ)
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ပြည်သူ့ စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၂) ရှိ သင်တန်းသားများအား ၂၀၂၄ ခုနှစ်၊ မေလ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Telegram/ ပြည်သူ့စစ်မှုထမ်းများ စုစည်းရာ)

စစ်ကောင်စီရဲ့ မေလ ၁၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ အမှတ်စဉ် (၂) သင်တန်းတက်ရောက်ဖို့ တိုင်းနဲ့ပြည်နယ်အသီးသီးက သင်တန်းသားတွေ သက်ဆိုင်ရာသင်တန်းကျောင်းတွေကို ရောက်နေပြီလို့ ရေးသားထားသလို နယ်မြေခံသင်တန်းကျောင်းတွေမှာ ကျန်းမာရေးစစ်ဆေးပေးတာ၊ စစ်အသုံးအဆောင်ပစ္စည်းတွေ ထုတ်ပေးတာ၊ ဂုဏ်ပြုငွေပေးတာ အပြင် စားသောက်ဖွယ်ရာတွေပါ ပေးခဲ့တယ်လို့လည်း ဓာတ်ပုံတွေနဲ့အတူ ဖော်ပြထားပါတယ်။

၂ဝ၁ဝ ပြည့်နှစ်၊ နိုဝင်ဘာလမှာပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့မှာ အသက်သွင်းပြီးနောက် စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီလ သင်္ကြန်ပြီးမှသာ စစ်မှုထမ်းဖို့စခေါ်မယ်လို့ ပြောခဲ့ပေမဲ့ မတ်လအလယ်ကတည်းက တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ လူငယ်တွေကို စစ်မှုထမ်းဖို့ စုဆောင်းခဲ့တာပါ။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (Burma Affairs and Conflict Study - BACS) ရဲ့စာရင်းအရ နိုင်ငံအနှံ့ မြို့နယ်ပေါင်း ၁၇၄ မြို့နယ်၊ ရပ်ကွက်ကျေးရွာပေါင်း ၄၉၈ ခုမှာ နှစ်လအတွင်း လူပေါင်းငါးထောင်နီးပါး စစ်မှုထမ်း ပထမအသုတ်အဖြစ် စတင်ခေါ်ယူခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။