မြန်မာစစ်သားနှစ်ဦး ICC တရားရုံးရောက်နေရင် ပြန်လွှဲအပ်ဖို့ တပ်မတော်တိုက်တွန်း


2020.09.27

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအမြောက်အမြားကို သတ်ဖြတ်တဲ့အထဲ ကိုယ်တိုင်ပါဝင်ခဲ့တယ်လို့ ဝန်ခံထားတဲ့ တပ်မတော်သား နှစ်ယောက်ဟာ နိုင်ငံတကာတရားရုံး အိုင်စီစီကို ရောက်၊ မရောက် အငြင်းပွားမှုတွေရှိနေပါတယ်။ တပ်မတော်ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီကိစ္စဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကို စိန်ခေါ်တာဖြစ်ပြီး နိုင်ငံရဲ့အချုပ်အခြာအာဏာကို စော်ကားတာဖြစ်တယ်လို့ဆိုပါတယ်။

မနေ့က နေပြည်တော်မှာ အွန်လိုင်းကနေတစ်ဆင့်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် သားနှစ်ယောက်ကို အိုင်စီစီ နိုင်ငံတကာတရားရုံးမှာ သက်သေအဖြစ်နဲ့ တင်ပြလာရင် တပ်မတော်အနေနဲ့ ဘယ်လို ပြင်ဆင်ထားလဲဆိုတဲ့ RFA သတင်းဌာနရဲ့ မေးမြန်းချက်အပေါ်မှာ ဗိုလ်ချုပ် ဇော်မင်းထွန်း တုံ့ပြန်တာက

အစိုးရရော  တပ်မတော်အနေနဲ့ပါ နိုင်ငံတကာတရားရုံး အိုင်စီစီကို အသိအမှတ်မပြုကြောင်း တရားဝင်ပြောထားပြီး ဖြစ်သလို တကယ်လို့ တပ်သား နှစ်ဦး အိုင်စီစီကို ရောက်ခဲ့ရင်လည်း အဲဒီကို ပို့ပေးသူနဲ့ လက်ခံသူတွေဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်နဲ့ အချုပ်အခြာအာဏာကို စော်ကားတာဖြစ်တယ်လို့ ဆိုပါတယ်။

"တပ်မတော်သားနှစ်ယောက် ရောက်ရှိနေတာ၊ မရောက်ရှိနေတာ မငြင်းလိုဘူး၊ ရောက်ရှိနေတယ်ဆိုရင်လည်း နိုင်ငံတော်ရဲ့ ပြည်တွင်းတရားစီရင်ရေးစနစ် ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို စော်ကားတာလို့ပဲ ယူဆတယ်၊ အဲ့မှာ ပို့ပေးလိုက်တဲ့သူတွေ ပို့မပေးဘူးဆိုရင်လည်း ပို့ပေးသယောင် နှပ်ကြောင်းပေး ပြောနေတဲ့ သူတွေသည် မြန်မာနိုင်ငံရဲ့ ပြည်တွင်းတရားစီရင်ရေးစနစ်ကို စိန်ခေါ်တာပဲ ဖြစ်တယ်၊ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို စော်ကားတာပဲဖြစ်တယ်၊ လက်ခံထားတယ်ဆိုရင် လည်း လက်ခံထားတဲ့သူတွေသည် မြန်မာနိုင်ငံအစိုးရကို တရားဝင်လွှဲပြောင်းပေးရမှာဖြစ်တယ်လို့ ပြောချင်တယ်။"

တပ်မတော်သားဟောင်းတွေဖြစ်တဲ့ တပ်သား မျိုးဝင်းထွန်းနဲ့ တပ်သား ဇော်နိုင်ထွန်းတို့ဟာ ရက္ခိုင့်တပ်တော် AA အဖွဲ့ရဲ့  ထိန်းသိမ်းခံထားရသူတွေဖြစ်ပါတယ်။ သူတို့ဟာ ၂၀၁၇ ခုနှစ်က ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ တပ်မတော်က ကျူးလွန်ခဲ့တဲ့ ရိုဟင်ဂျာမွတ်စလင် အရပ်သားအမြောက်အမြားကို အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွေမှာ ကိုယ်တိုင်ပါဝင်ခဲ့တယ်ဆိုပြီး AA အဖွဲ့က ထုတ်ပြန်တဲ့ မေလ ၂၈ ရက်နေ့ ရုပ်သံဗီဒီယိုမှာ ပြောထားပါတယ်။

အဲဒီတပ်မတော်သားနှစ်ယောက်ကို နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာရှိတဲ့ အိုင်စီစီမှာ အခု ထိန်းသိမ်းထားတယ်လို့ နယူယောက်တိုင်းမ်သတင်းစာက စက်တင်ဘာ ၈ ရက်နေ့ကဖော်ပြခဲ့ပါတယ်။

Aljazeera နဲ့ CBC သတင်းမီဒီယာနှစ်ခုမှာတော့ အိုင်စီစီပြောခွင့်ရပုဂ္ဂိုလ် ဖာဒီက ဒီတပ်သားနှစ်ယောက်ဟာ အိုင်စီစီလက်ထဲမှာမဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး အစိုးရက ဖွဲ့စည်းထားတဲ့ လွတ်လပ်သောစုံစမ်းရေးကော်မရှင် ICOE ရဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေအတိုင်း တပ်မတော်က စုံစမ်းစစ်ဆေးနေပြီး သက်သေအထောက်အထားတွေရှိရင် မည်သူမဆို ပေးပို့နိုင်အောင်  အီးမေးလ်နဲ့ ဖုန်းနံပါတ်တွေကို ထုတ်ပြန်ပေးထားတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောပါတယ်။

ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခကတော့ မြန်မာနိုင်ငံဟာ ICC တရားရုံးနဲ့ပတ်သက်မှု ရှိ၊ မရှိဆိုတာထက် ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်က ရာဇဝတ်မှုတွေ ကျူးလွန်မှု ရှိမရှိဆိုတာက ပိုပြီးအဓိကကျတယ်လို့ RFA ကို ပြောပါတယ်။

ကပ်ဘေးကာလအတွင်း ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ထဲမှာ  တိုက်ပွဲတွေကြောင့် ဒေသခံအများအပြားဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့ကစပြီး စစ်တွေမြို့အပါအဝင် တခြားဒေသတွေကို ထွက်ပြေးရတာတွေရှိနေပါတယ်။ အခုလို ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလမှာ တပ်မတော်အနေနဲ့ တစ်နိုင်ငံလုံးမှာ အပစ်ရပ်ထားပြီး တည်ဆောက်ရေးလုပ်ငန်းတွေကို ပိုပြီးအာရုံစိုက်ဆောင်ရွက်သင့်တယ်လို့ ထင်ပါသလားဆိုတဲ့ သတင်းထောက်တစ်ဦးရဲ့ မေးတဲ့အခါ လက်တွေ့လုပ်လို့ မရနိုင်ဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"ထင်ပါသလားဆိုတဲ့ မေးခွန်းကို ပြန်ဖြေရရင်တော့ ထင်တယ်၊ လက်တွေ့လုပ်လို့ မရတာပဲရှိတယ်။ ဘာလို့မို့ လက်တွေ့လုပ်လို့ မရဘူးလဲဆိုတော့ ကျနော်တို့ ခုနကပြောသလိုပဲ တပ်မတော်အနေနဲ့ ခုချိန်ကာလမှာ နယ်မြေတွေမှာ ထိုးစစ်ဆင်လုပ်ဆောင်ခြင်းမရှိဘူးလို့ ပြောခဲ့တယ်။ မရှိအောင်လည်း ကျနော်တို့လုပ်နေတယ်။ သို့သော်ခုနက ပြောသလို စစ်ရေယာဉ်တွေ ဖြတ်သွားဖြတ်လာ လုပ်တာကို တိုက်ခိုက်နေတာတွေ၊ ရွာထဲကနေပြီးတော့ တိုက်ခိုက်နေတဲ့ဟာမျိုးတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ အနေနဲ့ နယ်မြေဒေသလုံခြုံရေး အေးချမ်းသာယာရေးအတွက်ကတော့ လိုအပ်တဲ့ လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်တွေကိုတော့ လုပ်ဆောင်နေရဦးမှာပဲဖြစ်တယ်။"

ရသေ့တောင်ဘက်မှာ တိုက်ပွဲတွေရှိမနေဘဲ မြန်မာစစ်တပ်ရဲ့ရေတပ်သင်္ဘောတွေက ရွာတွေကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ရွာသူရွာသားတွေ ထွက်ပြေးနေရတယ်၊ ဒီလုပ်ရပ်တွေက စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်တွေတိုးလာနေပြီး အဲဒီဒုက္ခသည်တွေဟာ တပ်က ရွာထဲကို ဝင်ဖမ်းလို့ ထွက်ပြေးလာရတာများတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ တပ်မတော်အနေနဲ့ ရွာထဲကို ဝင်ပြီး ဖမ်းတာမျိုးတွေရှိပါသလားလို့ RFA က မေးတဲ့အခါ တပ်ကရွာထဲကို ဝင်ဖမ်းတယ်ဆိုတာ ရှိကောင်းရှိနိုင်ကြောင်း၊ ရွာထဲမှာ အရပ်ဝတ်နဲ့ တပ်ကို ပစ်ခတ်ပြီး ဝင်ပြေးလို့ လိုက်ဖမ်းရတာ တွေရှိကြောင်း၊ အကြောင်းမဲ့သက်သက်နဲ့  ရွာထဲကို ဝင်ဖမ်းတာမျိုးတော့ မရှိဘူးလို့ ဗိုလ်ချုပ် ဇော်မင်း ထွန်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။