တပ်ကတရားစွဲလည်း ဝေဖန်တာမရပ်ဘူးလို့ မြဝတီမင်းကြီးဆရာတော်မိန့်

ခေမဏီဝင်း
2019.11.07
myawaddy-monk-622.JPG မြဝတီဆရာတော် အရှင်အရိယာဝံသာဘိဝံသကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးမှာ ၂ဝ၁၉ နိုဝင်ဘာ ၇ ရက်နေ့က တွေ့ရစဉ်
Photo: Khaymani Win/RFA

ခေတ်သစ်မီဒီယာကိုဖြေဆိုတဲ့ အင်တာဗျူးမှာ တပ်မတော်ကို သိက္ခာကျအောင်ပြောဆိုလို့ဆိုပြီး တပ်မတော်က ပုဒ်မ ၅၀၀ နဲ့တရားစွဲဆိုခံထားရတဲ့ မြဝတီဆရာတော် အရှင်အရိယဝံသာဘိဝံသကို မန္တလေးမြို့၊ ပြည်ကြီး တံခွန်မြို့နယ် တရားရုံးက ဒီနေ့ သိန်း ၁၀၀ နဲ့ အာမခံပေးလိုက်ပါတယ်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်က မဘသ အမည်ပြောင်း ဗုဒ္ဓ ဓမ္မ ပရဟိတဖောင်ဒေးရှင်းကို ကျပ်ငွေ သိန်း ၃၀၀ လှူဒါန်းတဲ့ ကိစ္စကို မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်က အဲဒီအဖွဲ့အစည်းဟာ ဒီမိုကရေစီ လမ်းကြောင်းကို ဖျက်စီးနေတဲ့အုပ်စုဖြစ်ကြောင်း၊ ငွေကြေးအထောက်အပံ့တွေ အများကြီးရနေတဲ့ ဝိနည်းတော်နဲ့ မညီတဲ့အုပ်စုလို့ ပြောဆိုခဲ့ကြောင်း တပ်မတော်ဖက်က စွဲဆိုချက်ထဲမှာ ထည့်ထားကြောင်း တရားရုံးက သိရပါတယ်။

ဗုဒ္ဓဓမ္မဖောင်ဒေးရှင်းအဖွဲ့ဟာ လက်ရှိထွက်ပြေးလွတ်မြောက်နေတဲ့ မန္တလေး မစိုးရိမ်ကျောင်းတိုက်က ဆရာတော် ဦးဝီရသူကို ထောက်ခံရပ်တည်ပေးတဲ့အဖွဲ့လည်းဖြစ်ပါတယ်။

ဦးဝီရသူဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပုတ်ခတ်လို့ တရားစွဲဆိုခံရပြီး ဖမ်းဝရမ်းကပ်ခံထားရသူဖြစ်ပါတယ်။

မြဝတီမင်းကြီးဆရာတော်က တပ်မတော်ဟာ သမိုင်းမှာနာမည်ကောင်း မရှိကြောင်းနဲ့၊ တခြားနိုင်ငံတွေလို ပြည်သူ့တပ်မတော် မဟုတ်ကြောင်း စတဲ့ပြောဆိုချက်တွေဟာ တပ်မတော်အကြီးအကဲတွေနဲ့ တပ်မတော် သားတွေရဲ့ ဂုဏ်သိက္ခာကို နစ်နာစေတဲ့အတွက် စွဲဆိုရခြင်းဖြစ်ကြောင်း ပြည်ကြီးတံခွန် တရားရုံးက ပြောပါတယ်။

ပြည်ကြီးတံခွန်မြို့နယ် တရားသူကြီး  ဦးအောင်ကျော်ဦးက --

“ ဒီနေ့ကတော့ ဆရာတော်ကိုယ်တိုင် ခံဝန်ပေးတယ်။ တပ်ကို အသရေဖျက်တယ်ဆိုပြီးတပ်က စွဲထားတာ“

တရားလိုသက်သေတွေအဖြစ် တပ်မတော်ဖက်က ဗိုလ်မှူး ကျော်စွာထွေး၊ ဗိုလ်မှူး အာကာစိုး၊ ဗိုလ်ကြီး အေးမင်း၊ ဗိုလ်ကြီး စိုးမြတ်နောင်နဲ့ ခေတ်သစ်မီဒီယာ အယ်ဒီတာချုပ်တို့ကို တင်သွင်းထားပါတယ်။

တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းကို သိန်း ၃၀၀ လှူဒါန်းတာက သံဃာကို ရည်မှန်းပြီး လှူဒါန်းတာလို့ တုံ့ပြန်ဖူးပါတယ်။

အခုလို တရားစွဲဆိုပေမယ့် သူ့ရဲ့ဝေဖန်ပြောဆိုချက်တွေက ရပ်တန့်သွားမှာမဟုတ်ဘူးလို့ ဆရာတော်က မိန့်ပါတယ်။

“တိုင်းပြည်ကို ထိခိုက်နစ်နာအောင် လုပ်တဲ့အရာမှန်သမျှ အမြဲတမ်းကာကွယ်ဖို့ ပြောဆိုဖို့က ရှေ့တန်းကတာဝန် ရှိတယ်လို့ ခံယူထားပါတယ်။ ပြောသွားမှာပါ“

ဆရာတော်ရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးဖို့အတွက် တရားလွတ်တော်ရှေ့နေ ဦးသိန်းသိန်းဦး ဖြစ်ပါတယ်။

ဆရာတော်ကို တရားလိုပြုတိုင်တန်းသူက အမှတ် ၂ စစ်ကြေားရေးနဲ့ တည်းခိုရေးစခန်းက တပ်မှူး ဒုတိယဗိုလ်မှူးကြီး သော်တာထွေး ဖြစ်ပါတယ်။

ဆရာတော်ဝေဖန်ပြောဆိုလိုက်တဲ့ ဗုဒ္ဓဓမ္မဖောင်ဒေးရှင်းအဖွဲ့ဆိုတာ နိုင်ငံတော်သံဃာ့မဟာနယကအဖွဲ့ က တရားမဝင်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့အဖွဲ့ဖြစ်ပါတယ်။  

တပ်မတော်ရဲ့ လှူဒါန်းမှုနဲ့ ပတ်သက်ပြီး ခေတ်သစ်မီဒီယာက မြဝတီမင်းကြီးဆရာတော်နဲ့ ဆရာတော် ဦးသောဘိတ (အလကာၤကြယ်) တို့ရဲ့ အမြင်သဘောထားကို ဆက်သွယ်မေးမြန်းတင်ပြခဲ့ပါတယ်။

မီဒီယာမှာပြောဆိုတဲ့အချက်ကို တရားစွဲဆိုနေတဲ့လုပ်ရပ်ကြောင့် သတင်းရင်းမြစ်တွေဟာ မီဒီယာမှာပြောဆိုဖို့ တွန့်ဆုတ်လာနိုင်ကြောင်း တရားခွင်ကို လာရောက်နားထောင်တဲ့ ရန်ကုန်ခေတ်သစ်မီဒီယာက အယ်ဒီတာ ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။

“ မီဒီယာကိုဖြေထားတဲ့ အကြောင်းအရာကို ဖြည်ပြီးတော့ တရားစွဲတယ်။ မီဒီယာကို သက်သေထည့်တယ်။၊ ဖြေတဲ့သူကို တရားခံလုပ်တယ်ဆိုတာက မီဒီယာရဲ့ အခန်းကဏ္ဍ ပျောက်အောင်လုပ်တာ၊ စစ်တပ်က ဘာကြောင့် ဒီလောက်အကဲဆတ်နေလဲမသိဘူး“

စွဲဆိုမှုမှာ တရာလိုဘက်က သက်သေအဖြစ်ထည့်သွင်းတာနဲ့ပတ်သက်ပြီး သက်သေမလိုက်နိုင်ကြောင်း ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။ တရားလိုဖြစ်သူ ဒုတိယဗိုလ်မှူးကြီး သော်တာထွေးကို RFA က မေးမြန်းပေမယ့် ပြန်လည်ဖြေဆိုခြင်း မရှိပါဘူး။

ဆရာတော် အရှင်အရိယဝံသာဘိဝံသကို စွဲဆိုထားတဲ့ ပုဒ်မဟာ ထောင်ဒဏ် ၂ နှစ် အထိကျခံရနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။ တပ်မတော်ကို ဝေဖန်ရေးသားလို့ဆိုပြီး မန္တလေးမြို့က ဆရာတော် ဦးသောဘိတ (အလကာၤကြယ်) ကိုလည်း တပ်မတော်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာက တရားစွဲဆိုထားလို့ အမရပူရမြို့နယ် တရားရုံးမှာ လက်ရှိအချိန်ထိ တရားရင်ဆိုင်နေရပါတယ်။

မန္တလေးမြို့ မလိခဝါဆိုကျောင်းတိုက်က ဆရာတော် ဦးစိန္တိတကိုလည်း တပ်မတော်ကို အကြည်ညို ပျက်အောင် ဖေ့စ်ဘွတ်လူမှုကွန်ယက်ပေါ်မှာ ရေးသားတယ်ဆိုကာ အရေးယူပေးဖို့တိုင်ကြားခဲ့ပေမယ့် အထောက်အထား မပြည့်စုံတဲ့အတွက် ပြည်ကြီးတံခွန်မြို့နယ် တရားရုံးကပလပ်ခဲ့တာလည်း ရှိခဲ့ပါတယ်။

တပ်မတော်ကို ဝေဖန်လို့ အသေရေဖျက်မှု၊ ဆက်သွယ်ရေးပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတာ ဒီနှစ် သြဂုတ် လအထိ ၇၇ ယောက်၊ အမှု ၂၄ မှုရှိကြောင်း၊ တပ်မတော် ထောက်ခံသူတချို့ရဲ့ လုပ်ရပ်ဟာ တပ်ဂုဏ်သိက္ခာကို ထိပါးလို့ဆိုပြီး စွဲဆိုထားတာလည်း ကိုးဦးနဲ့ အမှု ခြောက်မှု ရှိတယ်လို့ Athan - အသံအဖွဲ့က ထုတ်ပြန်ထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။