ရွာသား သုံးဦး စစ်ကြောရေးစခန်းက ထွက်ပြေးမှု တပ်မတော် ငြင်းဆို
2019.10.31

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မြောက်ပိုင်း ကျောက်တန်းကျေးရွာသားတွေဖြစ်ကြတဲ့ အသက် ၅၆ နှစ်အရွယ် ငမဲ(ခေါ်) ဦးစောမောင်သိန်းနဲ့ အသက် ၄၉ နှစ်အရွယ် ဦးထွန်းဝေတို့ဟာ တပ်မတော်စစ်ကြောင်းတစ်ခုရဲ့ ဖမ်းဆီး စစ်ဆေးမှုကိုကြုံရပြီး ဦးခေါင်းနဲ့ ခန္ဓာကိုယ်တွေမှာ ဒဏ်ရာတွေအများအပြားနဲ့ မနေ့ကထွက်ပြေးလာကြတယ်လို့ မိသားစုဝင်တွေက RFA ကိုပြောပါတယ်။
မနေ့ကထွက်ပြေးလာတာ သုံးဦးဖြစ်ပေမယ့် ရေပုတ်ကျေးရွာက ကျန်တစ်ဦးကတော့ အဆက်အသွယ် မရကြသေး ဘူးလို့ ဆိုပါတယ်။
မနေ့က ထွက်ပြေးလွတ်မြောက်လာတဲ့ ကျောက်တန်းကျေးရွာသားနှစ်ဦးဟာ ရသေ့တောင်ဆေးရုံမှာ ဒီနေ့မနက်က ဆေးကုသမှုခံယူခဲ့ရပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၂၆ ရက်နေ့က ရွှေနဒီအမြန်ရေယာဉ်ပေါ်က လူ ၅၀ ကျော်ကို အေအေအဖွဲ့က ဖမ်းဆီးခေါ်ဆောင်ချိန် တပ်မတော်က ရဟတ်ယာဉ်တွေရော မြေပြင်တပ်ဖွဲ့တွေနဲ့ပါ လိုက်လံရှာဖွေခဲ့ပါတယ်။
တပ်မတော်က ရဟတ်ယာဉ်နဲ့ ရှင်းလင်းနေစဉ် ကျောက်တန်းရွာသား အများအပြားဟာ ရွာထဲကနေထွက်ပြေးခဲ့ကြ ရပြီး အဲဒီတနေ့တည်းမှာပဲ ကျောက်တန်းကျေးရွာနဲ့ နှစ်ဖာလုံလောက်အကွာက သူတို့ရဲ့လယ်တောထဲမှာ တပ်မတော်စစ်ကြောင်းတစ်ခုရဲ့ဖမ်းဆီးမှုကိုခံခဲ့ရတာလို့ မိသားစုဝင်တွေ ကပြောပါတယ်။
တပ်မတော်က စစ်ဆေးနေစဉ်ကာလမှာ ညှဉ်းပန်းနှိပ်စက်တဲ့ခဲ့တာကြောင့် ဒဏ်ရာတွေ အများအပြားရခဲ့တာလို့ ထွက်ပြေးလွတ်မြောက်လာသူနှစ်ဦးနဲ့ ဆွေမျိုးတော်စပ်တဲ့ ဦးသန်းနိုင် ကပြောပါတယ်။
“ရက္ခိုင့်တပ်တော်နဲ့ အဆက်အစပ်ရှိလားလို့ သူတို့ကိုစစ်ဆေးရာမှာ လူလိုမစစ်ဆေးဘူး။ ဓားတွေနဲ့ ထိုးတယ်။ သံတူရွင်းတွေနဲ့ထိုးတယ်။ ပြီးရင် လည်ပင်းတွေကို ကြိုးကွင်းတွေနဲ့ စွပ်ပြီးတော့မှ တအားဆောင့်ကန်တာတို့ အဲဒါတွေလုပ်တယ်။ ပြီးရင် သူတို့ကိုသတ်မယ့်တွင်းကို ကိုယ်ကိုယ်တိုင်ကိုတူးပြီးမှ ထားရတယ်ဆိုပြီးတော့မှ လူနာတွေက ပြောတာပေါ့နော်။ ကင်းသမား အိပ်ငိုက်နေချိန်မှာ သူတို့ ထွက်ပြေးလွတ်မြောက်လာတယ်လို့ ကျွန်တော်တို့ကိုပြောပါတယ်”
တပ်မတော်စစ်ကြောင်းက ကျောက်တန်းကျေးရွာမှာ ထိန်းသိမ်းစစ်ဆေးခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးအပြင် ရေပုတ်ကျေးရွာက နောက်ထပ် ငါးဦးလည်း သူတို့နဲ့အတူ စစ်ဆေးခံနေရတယ်လို့ သူကဆိုပါတယ်။
သူတို့ကိုစစ်ဆေးရာမှာ ဓားတွေနဲ့ ထိုးတယ်။ သံတူရွင်းတွေနဲ့ ထိုးတယ်
သူတို့ကို ထိန်းသိမ်းစစ်ဆေးချိန်မှာ ထမင်းမပေး၊ ရေမပေးဘဲ ထားခဲ့ကြောင့် လွတ်မြောက်လာသူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဦးသန်းနိုင် ကပြောပါတယ်။
ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်လာသူနှစ်ဦးကို ရသေ့တောင်မြို့ဆေးရုံမှာ သွားတွေ့ခဲ့တဲ့ ဦးခိုင်မျိုးထွန်းက သူတို့ရရှိတဲ့ဒဏ်ရာတွေနဲ့ ပတ်သက်လို့ အခုလိုပြောပြပါတယ်။
“ကျွန်တော်တွေ့တာကတော့ တော်တော်လေးကို ဆိုးဆိုးရွားရွားပါ။ မျက်မြင်အတိုင်းဆိုလို့ရှိရင်တော့ ခေါင်းတွေ မှာလည်း အကွဲအပြဲတွေပါတယ်။ ပြီးရင် သူတို့တစ်ကိုယ်လုံးပေါ့။ နောက်တစ်ယောက်ဆိုလို့ရှိရင်လည်း ဓားပြား နဲ့ရိုက်တာတို့၊ ဓားရိုးနဲ့ထိုးတာတို့ဆိုတော့ ဒဏ်ရာက တော်တော်လေးကို ပြင်းပြင်းထန်ထန်ပါ။ ကျွန်တော်ဆေးရုံ ကိုရောက်သွားချိန်မှာ လူနာနှစ်ယောက်ရဲ့ဒဏ်ရာကို ချုပ်ပေးနေပါတယ်။ ခေါင်းမှာ သံတူရွင်းနဲ့ထုလိုက်တဲ့ ဟာတွေလေ”
သူတို့နှစ်ဦး ဆေးရုံမှာ ကုသမှုခံယူနေစဉ် အာဏာပိုင်တွေက လိုက်လံရှာဖွေနေတာကြောင့် နေ့လယ်ပိုင်းမှာ လုံခြုံတဲ့နေရာတစ်ခုကို ပို့ဆောင်လိုက်တယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်လာသူတွေကို RFA က ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
အနောက်ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦး ကတော့ တပ်မတော်က ဒီလို ညှဉ်းပန်းနှိပ်စက်တယ် ဆိုတာ မဟုတ်မှန်ဘူးလို့ တုံ့ပြန်ပါတယ်။
“အဲဒီကျောက်တန်းရွာဆိုတဲ့ဥစ္စာက ဟိုတလောက ရှပ်ပြေးယာဉ်အဖွဲ့တွေနဲ့ ပါသွားတဲ့အဖွဲ့တွေကို ကျွန်တော်တို့ ဘက်က နယ်မြေရှင်းတဲ့အချိန်ပေါ့နော်။ ကယ်ဆယ်ရေးလိုက်လုပ်တဲ့အချိန်ကတည်းကိုက အဲဒီကျောက်တန်းရွာ မှာ လူကိုမရှိဘူးဗျ။ ဖမ်းဖို့နေနေသာသာပေါ့ဗျာ။ ကျောက်တန်းရွာမှာရှိတာက အသက်အရွယ်ကြီးတဲ့လူ၊ ကျန်း မာရေးမကောင်းတဲ့လူ ၁၁ ယောက်ပဲရှိတယ်။ အဲဒါတောင်မှ အသက် ၈၀ ကျော်၊ အသက် ၇၀ ကျော်တွေပဲရှိတယ်။ အဖိုးကြီးတွေကိုဖမ်းပြီးတော့ ကျွန်တော်တို့က ဘာလုပ်လို့ရမှာလဲနော်။ ပြောချင်တာကတော့ မဟုတ်ဘူးဗျ။ အဲဒီ နားမှာ ကျွန်တော်တို့တပ်တွေက အဲဒီနားမှာ နယ်မြေရှင်းလင်းရေးလုပ်နေတာတော့ရှိတယ်။ အဲလိုဖမ်းတာတော့ မရှိဘူး”
ဒါတွေဟာ အေအေ အဖွဲ့က ဝါဒဖြန့်တာ ဖြစ်နိုင်တယ်လို့လည်းဆိုပါတယ်။
အခုလတ်တလောမှာ တပ်မတော်က မသင်္ကာလို့ ထိန်းသိမ်းစစ်ဆေးနေသူတွေရှိသလားလို့ RFA က မေးမြန်းရာမှာ ဗိုလ်မှူးကြီးဝင်းဇော်ဦးက မရှိဘူးလို့ တုံ့ပြန်ပြောဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေ အဖွဲ့တို့ရဲ့တိုက်ပွဲကာလအတွင်း တပ်မတော်က ဒေသခံတွေကို မသင်္ကာလို့ ဖမ်းဆီးစစ်ဆေးစဉ် ညှဉ်းပန်းနှိပ်စက်တာ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတာတွေက ပြောဆိုနေကြပေမယ့် တပ်မတော်ပြောခွင့်ရသူတွေကတော့ ဒီလိုပြောဆိုတာတွေ မဟုတ်ဘူးလို့ တစိုက်မတ်မတ်ငြင်းဆိုထားကြပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ နစ်နာမှုရှိရင် ဥပဒေနဲ့အညီ တိုင်ကြားဖို့ လိုပြီး မှန်ကန်တယ်ဆိုရင် ဥပဒေနဲ့အညီဆောင်ရွက်မှာဖြစ်တယ်လို့ပြောပါတယ်။
“ကျွန်တော်ပြောချင်တာက နိုင်ငံသားတိုင်းမှာ အခွင့်အရေးရှိတယ်။ နိုင်ငံသားတိုင်းမှာ ဥပဒေအရ အကာအကွယ်ရယူပိုင်ခွင့်ရှိတယ်။ ဥပဒေအရ တိုင်ကြားပိုင်ခွင့်ရှိတယ်။ နစ်နာမှုနဲ့ပတ်သက်လာရင် ဥပဒေအရအကာအကွယ်ရယူပိုင်ခွင့်၊ တိုင်ကြားပိုင်ခွင့်ဆိုတာ လူတိုင်းမှာရှိပါတယ်။ တပ်မတော်သည် တရားဥပဒေဘောင်ထဲက အဖွဲ့အစည်းဖြစ်ပါတယ်။ ခိုင်လုံတယ်ဆိုရင် ကျွန်တော်တို့က တရား ဥပဒေအရပဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”
အခုရက်ပိုင်းအတွင်း ရသေ့တောင်နဲ့ မြောက်ဦး၊ မင်းပြားမြို့နယ်တွေ မှာ တပ်မတော်နဲ့ အေအေ အဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပါတယ်။
RFA က ရရှိထားတဲ့အချက်အလက်တွေအရ အခုနှစ်အတွင်း တပ်မတော်က သံသယနဲ့ထိန်းသိမ်း စစ်ဆေးနေစဉ်ကာလအတွင်းမှာ သေဆုံးသူဟာ ၁၅ ဦးထိရှိခဲ့ပါတယ်။