ရှမ်းမြောက်က သံဃာတစ်ပါးကို တပ်က ညလုံးပေါက်ရိုက်နှက်လို့ ဆေးကုနေရ
တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA စစ်ဝတ်စုံနဲ့စကားပြောစက်တွေ့လို့ဆိုပြီး တပ်မတော် စစ်ကြောင်းက ရိုက်နှက်မေးမြန်းခဲ့တာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကွက်ခိုင်ဆေးရုံတက် ဆေးကုသရတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
-
2019-10-31 -
-
-
တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA စစ်ဝတ်စုံနဲ့စကားပြောစက်တွေ့လို့ဆိုပြီး တပ်မတော်စစ်ကြောင်းက ရိုက်နှက်မေးမြန်းခဲ့တာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကွက်ခိုင်ဆေးရုံတက် ဆေးကုသရတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ရိုက်နှက်မေးမြန်းခံရတဲ့ ဆရာတော်ဟာ ကွက်ခိုင်မြို့နယ် ကာလိုင်ကျေးရွာ လွယ်ကျောက် စေတီတောင် ဘုန်းကြီးကျောင်းက ဦးဝဏ္ဏိတ ဖြစ်ပါတယ်။
ကွတ်ခိုင်ဗျူဟာ လက်အောက်ခံ ခလရ ၄၅ တပ်ခွဲ ၂ က စစ်ကြောင်းတွေဟာ အောက်တိုဘာလ ၂၈ ရက် နေ့ည ခုနှစ်နာရီမှာကျောင်းကို ရောက်လာပြီး အခုလို စစ်ဆေးမေးမြန်း ရိုက်နှက်ခဲ့တာလို့ ဆရာတော်က မိန့်ပါတယ်။
အောက်တိုဘာ ၂၅ ရက်နေ့မှာ လူခြောက်ယောက် ဆိုင်ကယ်နဲ့ ဘုန်းကြီးကျောင်းကို ပစ္စည်းတွေလာပို့တယ်လို့ သတင်းရထားကြောင်းပြောဆိုပြီး ကျောင်းအတွင်းရှာဖွေတဲ့အခါ TNLA ဝတ်စုံတစ်ထည်နဲ့ စကားပြောစက် အဟောင်းတွေ့ရှိလို့ ဆရာတော်ကိုကြိုးတုပ်ပြီး တစ်ညလုံး ရိုက်နှက်စစ်ဆေးခဲ့တယ်လို့ ဆေးကုသမှုခံယူနေရတဲ့ ဆရာတော် ဦးဝဏ္ဏိတ က ပြောပါတယ်။
TNLAနဲ့ပတ်သက်ကြောင်း ဝန်ခံခိုင်းသလို ဘုန်းကြီးအတုဆိုပြီး သင်္ကန်းချွတ် လူဝတ်လဲပြီးတော့ TNLA ဝတ်စုံ ဝတ်ခိုင်းကာ ဓာတ်ပုံတွေ ရိုက်ယူသွားတယ်လို့ ဆရာတော်က မိန့်ပါတယ်။
ဒါ့အပြင် မူးယစ်ဆေးပြားတွေကို ပြသပြီးတော့ အတင်းဝန်ခံခိုင်းကြောင်းနဲ့ ဝန်မခံရင် တပ်ထဲကို ခေါ်သွားမယ် ဖိအားပေးတာကြောင့် ဝန်ခံလိုက်ရတယ်လို့ဆိုပါတယ်။ ဆရာတော်ကို နောက်နေ့မနက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တာ လို့ဆိုပါတယ်။ ညလုံးပေါက် ရိုက်နှက်ခံခဲ့ရတာကြောင့် ရင်ဘတ်၊ ကျောပြင်၊ ခြေသလုံးနဲ့ မျက်လုံးတွေထိခိုက်သွားလို့ ကွတ်ခိုင်ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။
အရိုက်ခံခဲ့ရတဲ့ ဆရာတော် ဦးဝဏ္ဏိတဟာ သက်တော် ၃၇ နှစ်ရှိပြီဖြစ်ပြီး ရဟန်ဝါတော်ကတော့ ၁၇ ဝါရှိပြီလို့ပြော ပါတယ်။ ရိုက်နှက်ခံရတဲ့အတွက် ဆရာတော်အနေနဲ့ မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်တွေရဲ့ လမ်းညွှန်မှု အတိုင်း နာခံမယ်လို့မိန့်ပါတယ်။ ဆရာတော်အရိုက်ခံရတဲ့ကိစ္စအတွက် ကွတ်ခိုင်ဗျူဟာ တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ကွတ်ခိုင်မြို့နယ် သံဃနာယက ဆရာတော်တွေနဲ့တွေ့ဆုံခဲ့တယ်လို့ဆရာတော်က မိန့်ပါတယ်။
ကွတ်ခိုင်မြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဦးသုနန္ဒကတော့ တပ်ဘက်က တာဝန်ရှိသူတွေက လွယ်ကျောက် ကျေးရွာဘုန်းကြီးကျောင်းမှာ တွေ့ခဲ့ရတဲ့ အထောက်အထားတွေကို လာရောက်ပြသခဲ့ပြီး၊ နောက်နောင် ဒီလိုအဖွဲ့အစည်းတွေနဲ့မပတ်သက်စေဖို့ဆုံးမပေးဖု့ိ တပ်မတော်အရာရှိတွေက ပြောဆိုခဲ့တယ်လို့ ပြောပါတယ်။
သံဃနာယကအဖွဲ့ကလည်း တပ်မတော်အနေနဲ့ သင်္ကန်းဝတ်နဲ့ဆရာတော်တွေကို ရိုက်နှက်တာမလုပ်ဖို့ မှား တာတွေ့ရင် အရင်ဆုံးသံဃာအဖွဲ့အစည်းကို အသိပေးဖို့ မိန့်ကြားခဲ့ပြီးနောက်၊ တပ်ဘက်က တာဝန်ရှိသူတွေက တောင်းပန်ခဲ့ကြောင်းနဲ့ အလားတူဖြစ်စဉ်တွေထပ်ဖြစ်လာရင် သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုမယ်လို့ အသိပေးပြီး အမှုကိုကျေအေးပေးခဲ့တယ်လို့ သူက မိန့်ပါတယ်။
ဘုန်းကြီးကျောင်မှာ TNLA ဝတ်စုံတွေ့တဲ့ကိစ္စအတွက် TNLA ပြောခွင့်ရ ဗိုလ်မှူးမိုင်းအိုက်ကျော်ကို ဆက်သွယ်မေးမြန်းပေမယ့် အစည်းဝေးတက်နေလို့ဖြေကြားမယ့်သူ မရှိသေးကြောင်း ပြန်ကြားရေးဌာနက ပြောပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို RFA က ညနေပိုင်းမှာ ဆက်သွယ်လို့ မရခဲ့ပါဘူး။
ရှမ်းမြောက်ဒေသ လက်နက်ကိုင်အဖွဲ့တွေနဲ့တပ်မတော်ကြားမှာ ဒေသအတွင်းနေထိုင်တဲ့ ကျေးရွာအုပ်ချုပ်ရေး မှူးတွေ ဆရာတော်တွေဟာ အခုလိုပဲ မကြာခဏ စစ်ဆေးခံရတာတွေရှိပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့တပ်မတော်စစ်ကြောင်းတွေဟာ ကျေးရွာဘုန်းကြီးကျောင်းတွေအနီးမှာ မကြာခဏ လာရောက်လေ့ရှိတာ ကိုတွေ့ရလေ့ရှိပြီး၊ တခါတလေ သာသနိကအဆောက်အအုံတွေကို အကာအကွယ်ယူလှုပ်ရှားတာကြောင့် တိုက်ပွဲအတွင်း ဘုန်းကြီးကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တဲ့ သာဓကတွေရှိပါတယ်။