မြောက်ပိုင်းလေးဖဲ့ွနဲ့ တပ်မတော်ကြား တပ်နေရာချထားရေး သဘောထားကွဲလွဲနေ


2019.07.10
nrpc-622.jpg အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ ၂၀၁၉၊ ဇွန် ၃၀ ရက်နေ့က မိုင်းလားအထူးဒေသမှာ တွေ့ဆုံစဉ်။
Photo: NRPC

မြောက်ပိုင်းအဖွဲ့တွေနဲ့ အစိုးရကြားတစ်ဖွဲ့ချင်းစီအလိုက် နှစ်ဘက်သဘောတူ အပစ်ရပ်လက်မှတ်ရေး ထိုးဖို့ အဆိုပြုလွှာ အပြန်အလှန်ပေးပို့နေတာ သုံးကြိမ်ရှိနေပြီဖြစ်ပြီး တပ်နေရာချထားရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသားတွေရဲ့ သဘောထားနဲ့ တပ်မတော်နဲ့ အစိုးရရဲ့ သဘောထားဟာ ကွဲလွဲနေတယ်လို့ သိရပါတယ်။

အစိုးရနဲ့ တပ်မတော်ဘက်က အဆိုပြုထားတဲ့ အချက်တွေမှာ ရက္ခိုင့်တပ်တော်ကိုဆိုရင် AA တပ်တွေ လိုင်ဇာမှာသာနေကြဖို့နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော်ကိုဆိုရင် TNLA တပ်တွေအနေနဲ့ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့ နမ့်ဆန်နဲ့ မန်တုံမြို့နယ်တွေမှာသာ နေကြဖို့ ပြောထားတယ်လို့ သိရပါတယ်။

အဲဒီလိုအစိုးရဘက်က ခွင့်ပြုတဲ့နယ်ထဲမှာပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နေမယ်ဆိုရင် တပ်မတော်အနေနဲ့ အဲဒီနယ်မြေတွေမှာ နယ်မြေခံတပ်တွေကိုပဲထားပြီး အခြားလှုပ်ရှားတဲ့ တပ်မတွေကို ဖယ်ရှားပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်မျိုး ပါရှိတယ်လို့ ဆိုပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက NRPC ကနေ တဆင့် အစိုးရနဲ့ တပ်မတော်ဘက်က မြောက်ပိုင်းအဖွဲ့တွေအပေါ် ပေးထားတဲ့ အဆိုပြုချက်နဲ့ ပတ်သက်လို့ ပြောတာက

"NRPC က ပြောကြားချက်အရတော့ ပြန်ပေးလိုက်တယ်လို့ ကျနော်တို့ သိရပါတယ်။ ဘာတွေပါတယ်။ ဘာတွေဖြည့်စွက်ထားတယ်ဆိုတာကတော့ အသေးစိတ်တော့ ကျနော်တို့ မသိရပါဘူး။ ကျနော်တို့ကလည်း ထုတ်ပြန်ပေးရမယ့်ဟာတွေပဲ သိနိုင်ပါတယ်။ ဆွေးနွေးဆဲ အဆင့်မှာတော့ မသိနိုင်သေးပါဘူး"

ရက္ခိုင့်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက AA ရဲ့ အဆိုပြုချက်နဲ့ အစိုးရရဲ့ အဆိုပြုချက်မှာ ကွဲနေတဲ့ အချက်တွေကို RFA ကို အခုလို ထုတ်ဖော်ပြောပါတယ်။

"ဘယ်လိုမှလက်ခံလို့မရတဲ့ Proposal မျိုးပေါ့။ တစ်ဘက်နဲ့တစ်ဘက် မျှမျှတတပြောဖို့တော့ လိုတာပေါ့။ နှစ်ဘက် အပစ်အခတ်ရပ်စဲရေးလုပ်မယ်ဆိုရင် တပ်တွေကို ရောက်နေတဲ့နေရာကနေ တန့်ထားပြီး အပစ်အခတ် ရပ်စဲထားရုံပဲပေါ့။ ပြီးမှ နိုင်ငံရေးပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဆက်ဆွေးနွေးလိုရမယ်။ အဲဒါကို အခုရောက်နေတဲ့ တပ်တွေကို ဘယ်နေရာကို ပြန်ပါ ဘာလုပ်ပါဆိုတာ တော့ ဘယ်လိုမှ လက်ခံလို့မရတဲ့ ကိစ္စလေ"

တအာင်းလွတ်မြောက်ရေးတပ်မတော်က အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဖုန်းကျော်က လည်း သူ့ရဲ့ ဖေ့ဘွတ်လူမှုကွန်ယက် စာမျက်နှာဖြစ်တဲ့ Mai Tea Land အကောင့်မှာ နှစ်ဘက် အဆိုပြုလွှာတွေ ကြားမတူညီတာတွေကို အခုလို ရေးသားထားပါတယ်။

(အစိုးရရဲ့အဆိုပြုလွှာမှာ TNLA အားလုံး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်နဲ့ မန်တုံမြို့နယ်ထဲပဲ အကုန်ပြန်နေရမယ်။ ညှိနှိုင်းလို့ သဘောတူရင် အဲဒီနယ်ထဲမှာ ရမခ နယ်မြေခံတပ်ပဲထားပြီး တခြားလှုပ်ရှားနေတဲ့ တပ်မ၊ စကခ တွေ ဖယ်ပေးမယ်။

လေးဖွဲ့အဆိုပြုချက်ကတော့ အပစ်ရပ်မယ်။ နှစ်ဖက်တပ်တွေ ရောက်တဲ့နေရာနေပြီး တပ်နေရာချထားရေး ညှိမယ်။ NCA ကိစ္စဆွေးနွေးညှိနှိုင်းမယ်။ နိုင်ငံရေးကို FPNCC အနေနဲ့ညှိမယ်။ အပစ်ရပ်စောင့်ကြည့်ရေးကို နှစ်ဖက် ကိုယ်စားလှယ် အပါအဝင် FPNCC နဲ့ တရုတ်ပါစေပြီး စောင့်ကြည့်မယ်။

ကဲ ဒီအချက်တွေကို တူညီလာအောင် ဘယ်လိုညှိမလဲ။ အခုတော့ TNLA နဲ့ AA ဒေသမှာ နေ့တိုင်းတိုက်ပွဲတွေ ဆက်နေတယ်။)

အစိုးရနဲ့ တပ်မတော်ရဲ့ အဆိုပြုချက်အပေါ် TNLA ရဲ့ သဘောထားကို တိုက်ရိုက်သိနိုင်ဖို့ RFA က TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ကို ဖုန်းဆက်မေးရာမှာ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဖုန်းကျော်ကို မေးဖို့ပြောပြီး ဗိုလ်မှူးချုပ် တာဖုန်းကျော်က ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

နှစ်ဘက်အပစ်ရပ်လက်မှတ်ထိုးဖို့ အဆိုပြုလွှာကို အပြန်အလှန်ပေးပို့နေတာ အခုဆိုရင် သုံးကြိမ်ရှိနေ ပြီဖြစ်ပေမယ့် ဒီအဆိုပြုချက်တွေမှာပါတဲ့အချက်တွေကို အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားတွေ ဘက်က အတိအလင်းထုတ်ဖော် ပြောကြတာမရှိသေးပါဘူး။

တိုင်းရင်းသားတွေဘက်က အဆိုပြုချက်နဲ့ပတ်သက်ပြီး ထုတ်ဖော်မပြောကြတာ ဘာကြောင့်လဲလို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးအင်လျန်ဆန်းအောင်ကို မေးကြည့်ပါတယ်။

"တချို့နေရာက ပြန်ညှိနှိုင်းယူရတဲ့ ကိစ္စတွေရှိမှာပေါ့။ တချို့ ပြေလည်တဲ့ဟာကတော့ သိလို့လည်း ရချင်ရမှာပေါ့။ အဲဟာကျတော့ အားလုံးကို အပြင်ကို မထုတ်ဖော်တာ။ ပြန်ပေးတဲ့ဟာက ဟိုဘက်က လည်း ပြန်ညှိရမှာ သူတို့လည်း ဗဟိုကော်မတီတွေဘာတွေနဲ့။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကတော့ တူချင်မှ တူမှာ သူ့အဖွဲ့ ကိုယ့်အဖွဲ့ ဆွေးနွေးပြီးမှ အစည်းဝေး ပြန်ထိုင်မယ်လို့ သိရတယ်။ နှစ်ဖက်တွေ့ဆုံမယ်ပေါ့"

PCG ဟာဆိုရင် KIO နဲ့ NRPC တွေ့ဆုံဖို့အတွက် KIO ဘက်ကိုချိတ်ဆက်ပေးရတဲ့ အဖွဲ့ပါ။ မြောက်ပိုင်းလေးဖွဲ့မှာပါဝင်တဲ့ MNDAA ကိုတော့ RFA က အဆက်အသွယ်ရဖို့ကြိုးစားနေဆဲ ဖြစ်ပါတယ်။

တပ်နေရာချထားရေးပိုင်းနဲ့ ပတ်သက်လို့ အစိုးရရဲ့ အဆိုပြုချက်အပေါ် တိုင်းရင်းသားအရေးလေ့လာသူ ဦးသန်းစိုးနိုင် က အခုလို မှတ်ချက်ပေးပါတယ်။

"တကယ့် လက်တွေ့ဘဝမှာတော့ RCSSလည်း တကယ့်လက်မှတ်ထိုးထားတုန်းက သူ့နေရာက ရွှေတြိဂံဒေသလေ။ ဒါပေမဲ့ သူက အခု မူဆယ်လည်းရောက်၊ နမ့်ခမ်းလည်းရောက် အဲလိုပါပဲ။ အခု နည်းနည်းအခက်အခဲရှိမယ့် အဖွဲ့အစည်းဆိုလို့ တစ်ခုကတော့ AA အဖွဲ့အစည်းပေါ့။ AA က လိုင်ဇာကနေ အခြေပြုခဲ့တာဖြစ်လို့ လိုင်ဇာကို သူ့အတွက်နေရာလို့ သတ်မှတ်မယ်ဆိုရင်တော့ ဒါက အဆင်မပြေနိုင်ဘူး။ အဲဒီအခြေခံကိစ္စတွေကို တဖြည်းဖြည်းမှ JMC နဲ့ ထိန်းချုပ်ရှင်းသွားဖို့ လိုတယ်။ လောလောဆယ်ကတော့ NCA လက်မှတ်ထိုးနိုင်ဖို့၊ နှစ်ဘက်အပစ်ရပ်စာချုပ်တွေ ထိုးနိုင်ဖို့ ကြိုးစားတာ ကောင်းတယ်လို့ ကျနော်မြင်ပါတယ်"

တိုင်းရင်းသားအဖွဲ့တွေနဲ့ အစိုးရကြား အဆိုပြုချက်တွေကို အပြန်အလှန်ပေးပို့နေကြတာမှာ ပထမဆုံးအနေနဲ့ အစိုးရဘက်က ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွေ့ဆုံပွဲမှာ NRPC က တဆင့် တိုင်းရင်းသားတွေကို ပေးခဲ့တာပါ။

ဒုတိယအနေနဲ့ တိုင်းရင်းသားတွေဘက်က အစိုးရရဲ့ အဆိုပြုလွှာကိုဖတ်ပြီးနောက် သူတို့ဖြစ်စေချင်တဲ့ အချက်တွေကိုထည့်ပြီး NRPC က တဆင့် အစိုးရနဲ့ တပ်မတော်ထံ ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က မူဆယ်ဆွေးနွေးပွဲမှာ ပြန်ပေးခဲ့ပါတယ်။

အခုတတိယ အဆိုပြုချက်ကတော့ အစိုးရရဲ့ ပထမအဆိုပြုချက် တိုင်းရင်းသားတွေရဲ့ ပြန်လည်တင်ပြချက် အဲဒီနှစ်ခုကို အစိုးရဘက်က တိုက်ဆိုင်စစ်ဆေးပြီး အစိုးရဘက်က လက်ခံနိုင်တဲ့ အချက်တွေကို ထည်သွင်းရေးထားတာဖြစ်ပါတယ်။

ဒီအဆိုပြုချက်ကို ဇွန်လ ၃၀ ရက်နေ့က မိုင်းလားမြို့မှာ ကျင်းပခဲ့တဲ့ နှစ် ၃၀ ပြည့် ငြိမ်းချမ်းရေးပွဲမှာ NRPC က တိုင်းရင်းသားတွေကို ပေးခဲ့တာပါ။

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မနေ့က NRPC မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ အစိုးရရဲ့ အဆိုပြုချက်မှာပါဝင်တဲ့ တပ်နေရာချထားရေးပိုင်းနဲ့ ပတ်သက်လို့ အခုလို ပြောခဲ့ပါတယ်။

"ဒါကတော့ အသေးစိတ်ပြန်တွေ့တဲ့အခါမှာ ဆွေးနွေးပေါ့။ ကျနော်တို့ အစိုးရဘက်ကတော့ အစိုးရရဲ့ လိုလားချက်တွေကို အဆိုပြုလိုက်တာ။ ဒါက အဆိုပြုချက်ဖြစ်တယ်။ သူတို့ သဘောတူ လက်ခံထားတဲ့ဟာ မဟုတ်သေးဘူး။ အဲတော့ သူတို့ဘက်ကလည်း counter proposal ပြန်လာမယ်။ counter proposal အဲဟာကိုင်ပြီး ကျနော်တို့နဲ့ ဆွေးနွေးဖို့။ ဆွေးနွေးလို့ သဘောတူသွားရင် နှစ်ဘက်အပစ်ခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးဖို့ အဆင့်ရောက်သွားပြီပေါ့"

ဒီစာချုပ်ကို တိုင်းရင်းသားတွေဘက်က သုံးပတ်လောက် လေ့လာပြီး အစိုးရနဲ့ပြန်ဆွေးနွေးဖို့ကိုလည်း NRPC ဘက်က ညှိနှိုင်းထားတယ်လို့ သိရပါတယ်။

(RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။