ကြိုးတုပ်ပြီး တုတ်နဲ့ရိုက်နေပုံ ရုပ်သံမှတ်တမ်း အများကို ထိတ်လန့်စေ
2019.10.31

လက်ပြန်ကြိုးတုပ်ခံထားရတဲ့ လူတယောက်ကို ဝါးရင်းတုတ်နဲ့ ရိုက်နေပုံကို မှတ်တမ်းတင်ထားတဲ့ မနှစ်မြို့စရာ ဗီဒီဖိုင်တစ်ခုဟာ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာပေါ် မနေ့က ရောက်လာပြီး ဒီဖြစ်စဉ်ဟာ မင်းမဲ့စရိုက်ဆန်တယ်လို့ လူအများ သုံးသပ်ဝေဖန်မှုတွေ ထွက်ပေါ် လာပါတယ်။
ဘယ်အချိန်၊ ဘယ်နေရာမှာ ပေါ်ပေါက်ခဲ့တဲ့ဖြစ်ရပ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ဒီဗီဒီယိုထဲမှာပါတဲ့သူတွေဟာ ရခိုင်စကား ပြောဆိုနေတာကြောင့် ရက္ခိုင့်တပ်တော် AA အဖွဲ့ဝင်တွေက ဖြစ်နိုင်တယ် လို့ တချို့က စွပ်စွဲကြပါတယ်။
AA ရဲ့ ပြောခွင့်ရသူ ခိုင်သုခကတော့ အမေရိကန်နိုင်ငံခြားရေးဌာန ထိပ်တန်းအရာရိှကြီးတဦး မြန်မာနိုင်ငံကို ရောက်နေချိန်မှာ AA ကို အထင်အမြင်လွဲလာအောင်၊ ရခိုင်လူမျိုးတွေကို မုန်းတီးလာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံခြင်းဖြစ်တယ်လို့ ကောက်ချက်ချပြောဆိုပါတယ်။
“အာရှပစိဖိတ်ဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကိုရောက်နေချိန်မှာ ဒီဗီဒီယိုဖိုင်ကိုဖြန့်တာကို တွေ့ရတယ် ။ အရင်တုန်းကလည်း နိုင်ငံတကာသံတမန်ကြီးတွေ မြန်မာပြည်ကိုလာတဲ့အခေါက်တိုင်းမှာ ဗမာစစ်တပ်က ဒီလို လုပ်ကြံဝါဒဖြန့်တာတွေကို လုပ်ခဲ့ဖူးတာရှိတယ်။ အဲဒီတုန်းကတော့ AA စခန်းကနေ WFP တံဆိပ်ပါတဲ့ ဘီစကစ်မုန့်တွေ ဆန်အိတ်တွေ သိမ်းဆည်းရမိတယ်ဆိုတာမျိုးတွေ ဝါဒဖြန့်ခဲ့တာမျိုးတွေ ရှိတယ်။ ဒီလို သုံးခါလောက်လုပ်ခဲ့တာမျိုးရှိတယ်။ ဒါပေမဲ့ အခုတစ်ကြိမ် မှာတော့ နည်းစနစ်ပြောင်းပြီးတော့ ရက်ရက်စက်စက် လူသတ်တဲ့ ဗီဒီယိုဖိုင်တွေကို လုပ်ကြံပြီး တင်လာတာတွေ့ရတယ်။"
ခိုင်သုခက သူတို့အနေနဲ့ ဒီလိုလူမဆန်တဲ့လုပ်ရပ်မျိုးကို ရှုတ်ချပြီး ကျူးလွန်တဲ့သူကို ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ဆိုကာ ဒီကိစ္စနဲ့ပတ်သက်ပြီး အမှန်တရားပေါ်လာအောင် စုံစမ်းဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရုပ်သံမှတ်တမ်းပါြဖစ်စဉ်မှာ ပါဝင်သူတွေဟာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကသာဖြစ်ပြီး တပ်မတော်အနေနဲ့ ပါဝင်ပတ်သက်တာမျိုး မရှိဘူးလို့ ပြောပါတယ်။
"လူမဆန်တဲ့ရက်စက်မှုမျိုးဖြစ်တယ်။ ဒီလောက်ထိ စိတ်ရိုင်း ဝင်ပြီးတော့ ဒီလောက်ထိ ဆောင်ရွက်နေတာကိုလည်း ပြည်သူ လူထုအနေနဲ့ သိဖို့လိုပါတယ်။ ဘယ်အဖွဲ့အစည်း ဆိုတာကတော့ ကျွန်တော်တို့က စွပ်စွဲစရာအကြောင်း မရှိဘူး။ ဒါနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းဆိုတာလည်း ပြတဲ့သူတွေအကုန်လုံးက သိနေပါတယ်။"
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခအတွင်း ဒေသခံ တချို့ဟာ မသင်္ကာမှုတွေနဲ့ ဖမ်းဆီးခေါ်ဆောင် နှိပ်စက်ခံနေရခြင်းတွေ ရှိနေပါတယ်။ အခုလိုမျိုး တုတ်နဲ့ရိုက်ပြီး ကျင်းထဲထည့်လိုက်တဲ့ ဗီဒီယိုဖိုင်အပြင် ရခိုင်တိုင်းရင်းသား နှစ်ယောက်ကို လက်နှစ်ဖက်ပေါ် တုံးတင်ပြီး သွားခိုင်းတာကို မှတ်တမ်းတင်ထားတဲ့ ရုပ်သံဖိုင်လည်း တေွ့နေရပါတယ်။ ဒါတွေဟာ ရခိုင်ပြည်နယ် တရားဥပဒေစိုးမိုးမှု အခြေအနေကို ကို မီးမောင်းထိုးပြနေတယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူ မသိန္နီဦးက ပြောပါတယ်။
"အရပ်သားက စစ်ပွဲရဲ့တန်ဆာခံ အညှင်းပန်းခံဖြစ်နေတယ်။ ဒါဟာလည်း နိုင်ငံတကာ ဥပဒေအရ ပြင်းပြင်း ထန်ထန် ကန့်ကွက်အရေးယူဖို့ သင့်ပြီလို့ မြင်ပါတယ် ။ စစ်ပွဲတွေ ဖြေရှင်းပြီးသွားမှ ရာဇဝတ်မှုတွေကိုရှင်းရမှ မဟုတ်ဘူး။ အဓိက ငြိမ်းချမ်းရေးဖြစ်စဉ်ကာလမှာကတည်းက ဒီရာဇဝတ်မှုတွေ မကျူးလွန်အောင် သက်ဆိုင်ရာ စစ်တပ်နဲ့ အစိုးရနဲ့ ဦးဆောင်ပြီး အလျင်အမြန်လုပ်ဖို့လိုနေပြီ။ အရပ်သားတွေပေါ်မှာ ကျူးလွန်နေတဲ့ စစ်ရာဇဝတ် မှုတွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့လိုနေပြီ"
လက်ရှိမှာ ရခိုင်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးစနစ် ယိုယွင်းနေပြီး တရားဥပဒေစိုးမိုးမှုကို ဆောင်ရွက်ပေးနေရတဲ့ ရဲတပ်ဖွဲ့အနေနဲ့လည်း ဒေသတွင်းမှာ အာဏာသက်ရောက်မှု အားနည်းနေတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ရခိုင်ဒေသ ပဋိပက္ခနယ်မြေမှာ ဒေသခံတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်ဖို့ခက်ခဲတဲ့အနေ အထားဖြစ်နေတယ်လို့ သိရပါတယ်။
လူတစ်ယောက်ကို အဖွဲ့လိုက် လက်ပြန်ကြိုးတုပ်ပြီး ဝါးရင်းတုတ်နဲ့ ရိုက်တဲ့ ဒီဖြစ်စဉ်အပေါ် ဘယ်အဖွဲ့အစည်းက ကျူးလွန်တယ်ဆိုတာကိုတော့ တိတိကျကျမသိလို့ မဝေဖန်လိုပေမယ့် ဒီလိုအကြမ်းဖက်တာတွေကို ကန့်ကွက်တယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။
“ဒါကိုဘယ်သူလုပ်တယ်။ ဘယ်သူဖြစ်တယ်ဆိုတာ အန်တီတို့လည်း အတိအကျ မသိတဲ့အတွက် မဝေဖန်လိုဘူး။ ဒါပေမဲ့ အခုလိုမျိုး ဗီဒီယိုဖိုင်ထဲမှာ ရက်ရက်စက်စက်လုပ်တာတွေကိုတော့ အန်တီ တို့ကလည်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ရော၊ ပြည်သူ အနေနဲ့ရော ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။"
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တပ်မတော်နဲ့ AA တို့ဟာ တဘက်နဲ့တစ်ဘက် မသင်္ကာသူတွေကို ဖမ်းဆီးစစ်ဆေးနေ ပါတယ်။ ဒီလို ဖမ်းဆီးစစ်ဆေးထားချိန်မှာ သေဆုံးသွားသူတွေရှိခဲ့ပြီး ဒီသေဆုံးမှုတွေအတွက် တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူတာမျိုးတွေ မတွေ့ရသလို ဘယ်အဖွဲ့အစည်းကမှ တာဝန် ယူမှု တာဝန်ခံမှု မရှိကြသေးပါဘူးလို့ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။
"သံသယနဲ့ဖြစ်တဲ့အတွက် ဒီဘက်က တပ်မတော်ကလည်း AA နဲ့ ပတ်သက်တယ်ဆိုပြီး သံသယနဲ့ ဖမ်းဆီးခေါ်ဆောင်နေတာရှိတယ်။ စစ်တွေက ထောင်ထဲမှာ တရားရင်ဆိုင်နေရတဲ့ အထဲမှာ တော်တော်များများ သံသယနဲ့ဖမ်းထားတဲ့ လူငယ်လေးတွေ တွေ့ရတယ်။ ဒီအတွက်ကြောင့် ဒါတွေဟာ တိုက်ပွဲအတွင်းမှာ ခံစားနေ ရတဲ့ပြည်သူတွေရဲ့ မြေဇာပင်ဘဝပါ။ ဒါကြောင့် စစ်ပွဲကိုအမြန်ဆုံး ငြိမ်းချမ်းစေချင်တယ်။ တိုက်ပွဲဖြစ်နေသမျှ ကာလကတော့ ပြည်သူတွေရဲ့ ဘဝကတော့ တွေးရဲစရာ အကြောင်းတောင် မရှိပါဘူး။"
မနေ့က တစ်ရက်တည်းမှာပဲ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် သရက်အုပ်ကျေးရွာက စစ်မှုထမ်းဟောင်းတစ်ယောက် နဲ့ မင်းပြားမြို့နယ်၊ အိုးပုံတောင်ကျေးရွာက ရွာသားတစ်ယောက်တို့ကို AA က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အောက်တိုဘာ ၃၀ မနေ့က သတင်းထုတ်ပြန်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး AA ပြောခွင့်ရသူ ခိုင်သုခကတော့ စစ်မှုထမ်းတွေ၊ အရပ်သားတွေကို AA ဘက်က ဖမ်း ဆီးခေါ်ဆောင်တဲ့ဖြစ်စဉ်မျိုး မရှိဘူးလို့ ငြင်းဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ တစ်နှစ်နီးပါးကြာမြင့်လာပြီဖြစ်တဲ့အတွက် ဒီတိုက်ပွဲတွေအတွင်း ဖမ်းဆီးခံရတဲ့ သေဆုံးတဲ့ အရပ်သားအများအပြားရှိနေသလို ရဲနဲ့ စစ်မှုထမ်းဟောင်းတချို့လည်း ပစ်မှတ်ထား ခံနေရတာတွေ ရှိနေပါတယ်။